၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအဆင့်ကျေးလက်ဒေသဖွံ့ဖြိုး ရေး မဟာဗျူဟာမူဘောင် အလုပ်ရုံဆွေးနွေးပွဲက ရရှိလာသောလုပ်ငန်းစဉ်အရ ကျေးလက်နေပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်မှန်းပြီး မြစိမ်း ရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရည်ရွယ်ချက်(၅)ချက် ဖြင့် ထောင်စုနှစ်ဖွံ့ဖြိုးရေးပန်းတိုင်အဖြစ် ဆင်းရဲမှုနှုန်းထက်ဝက်လျှော့ချစေရန် ရည်မှန်းခဲ့ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ဘတ်ဂျက်က သန်း ၃၀ ကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် မတည်ပေးခဲ့ပြီး ငွေ ၁၀၀ ကျပ်ကို တစ်လလျှင် ဆယ်ပြားနှုန်းနှင့် တစ်ကျပ် ပြား ၅၀ နှုန်းအတွင်း ကျေးရွာကော်မတီမှ သင့်လျော်သလိုသတ်မှတ်ပြီး ကျေးရွာသူ၊ကျေးရွာသားများကို ချေးငွေထုတ်ပေး ရန်ဖြစ်ပါကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးလက်စွဲတွင်လည်း မြစိမ်း ရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း၊ ၎င်းကော်မတီ၏ လုပ်ငန်းတာဝန်များ မြစိမ်းရောင် ဘဏ္ဍာရေးဆပ်ကော်မတီဖွဲ့စည်းခြင်း၊ ၎င်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အတိအလင်း ဖော်ပြ ထားပြီး ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ရမည်ဟုလည်း ပြဋ္ဌာန်းထားပါကြောင်း၊ ကော်မတီ အဆင့်ဆင့်တွင် ပါဝင်အကောင်အထည်ဖော်သူအားလုံး လိုက်နာရမည့် စည်းကမ်းချက် (၈)ချက်ရှိပြီး အရေးကြီးသည့် (က)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေကို လိုက်နာရမည်။ (ခ)တွင် တာဝန်ဝတ္တရားများကို ရိုးသားစွာထမ်းဆောင်ရန်ဟု ပါဝင်ပါသော်လည်း အမှန်တကယ် အောက်ခြေအဆင့်တွင် ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီအချို့သည် အဂတိ လိုက်စားပြီး နိုင်ငံတော်၏ဘတ်ဂျက်၊ နိုင်ငံတော်၏မူလရည်မှန်းချက်များ ပျောက်ဆုံးနေပါကြောင်း၊ ယခင်အဆက်ဆက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်သူများ၊ ငွေရှင်၊ ကြေးရှင်များ ကြီးကြပ် ရေးကော်မတီတွင် ပါဝင်ပြီး လက်ဝါးကြီးအုပ်နိုင်ခဲ့ကြပြီး နိုင်ငံရေးကစားကွက်တစ်ခုပမာ ဖြစ်ခဲ့သည့် သာဓကများစွာလည်း ရှိခဲ့ပါကြောင်း၊ ယခုအစိုးသစ်လက်ထက်တွင် အဆိုပါအကျင့်စရိုက်ဆိုးများ မပျောက်သေးဘဲ ချေးငွေထုတ်ချေးသည့်နေရာတွင် စာချုပ်ပါငွေစာရင်းနှင့် အမှန်တကယ်ငွေ ထုတ်ချေးသည့် ပမာဏများကွာဟခဲ့ခြင်း၊ လက်မှတ်အတုများ၊ စာချုပ်အတုများပြုလုပ်ပြီး ထုတ်ချေး ခဲ့ခြင်းများကို မိမိ၏မဲဆန္ဒနယ် အိမ်မဲက ခတ္တိယကျေးရွာ ပြည်သူလူထု၏တိုင်ကြားချက်အရသိရှိရပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးကလည်း မှန်ကန်ကြောင်း အတည်ပြုခဲ့ပါ ကြောင်း၊ အလားတူဖြစ်ရပ်မျိုး အခြားကျုံတလုတ်ကျေးရွာအုပ်စုတွင်လည်း ရှိခဲ့ပါကြောင်း၊ ပြည်ထောင်စုအဆင့် မြစိမ်းရောင်ကျေးရွာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၏ လုပ်ငန်း တာဝန်များ (၁၂) ချက်တွင်လည်း စီမံကိန်းအား ကွင်းဆင်းစစ်ဆေးခြင်း၊ သုံးသပ်အကဲဖြတ်ခြင်း၊ မကျေနပ်မှုတိုင်ကြားခြင်းများကို စစ်ဆေးဖြေရှင်းခြင်းတို့ပါဝင်သည့်အတွက် မြစိမ်းရောင် စီမံကိန်း များကို မြေပြင်အခြေအနေမှန်ကို လက်တွေ့စစ်ဆေးရန်၊ တိုင်ကြားမှုများကိုအရေးယူရန် မည်သည့် အချိန်တွင် မည်သို့ဆောင်ရွက်ထားသည် သို့မဟုတ် ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဦးစွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း၏အနေအထားကို ရှင်းလင်းတင်ပြလိုပါကြောင်း၊ မိမိတို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရည်ရွယ်ချက်များဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်သည့်အခါ လုပ်ငန်းစဉ်အရ ကျေးရွာတစ်ရွာတွင် အရင်းမပျောက်မတည်ငွေ လည်ပတ်ရန်ပုံငွေ ကျပ်သန်း ၃၀ မတည်ပေးခဲ့ ပါကြောင်း၊ အဆိုပါရန်ပုံငွေကို ကျေးရွာလူထုက အများသဘောတူဆန္ဒမဲဖြင့် ကျား၊ မ ညီညွတ်စွာ ပါဝင်သော အမျိုးသား၊ အမျိုးသမီးဦးရေ ထက်ဝက်ပါဝင် ရွေးချယ်ထားသော ကျေးရွာကိုယ်စားလှယ် များနှင့် ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတို့ကို ဖွဲ့စည်းစီမံခန့်ခွဲမှု ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ပါကြောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းသည် ဒေသခံပြည်သူလူထု အနေဖြင့် မိမိတို့ဒေသ၏ လူမှုရေး၊ စီးပွားရေးအခြေအနေများကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲဆောင်ရွက် နိုင်သော အလေ့အကျင့်ကောင်းများရရှိပြီး မျှော်မှန်းအကောင်အထည်ဖော်ခဲ့သည့် စီမံကိန်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ရည်ရွယ်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုရှိ/မရှိကို ထိန်းကျောင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျေးရွာအဆင့်တွင် မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်ရေး ကော်မတီအနေဖြင့် လှည့်ပတ်ရန်ပုံငွေကို အဓိကတာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ရပြီး ရန်ပုံငွေလည်ပတ်ခြင်းဆိုင်ရာ အကြံဉာဏ် များ၊ အခက်အခဲများဖြေရှင်းပေးမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် ရာအိမ်မှူးကို ကော်မတီနာယကအဖြစ် ဆောင်ရွက်ရန်အတွက် စီမံလုပ်ကိုင်ခဲ့ပါကြောင်း၊ မြစိမ်းရောင် စီမံကိန်းများနှင့်ပတ်သက်ပြီး ရပ်/ရွာ လူထု၏ အကြံပြုချက်များ၊ လုပ်ငန်းဆောင်ရွက်မှုများတွင် ချွတ်ချော်မှု၊အားနည်းချက်များနှင့် ပတ်သက်ပြီး တိုင်ကြားချက်များကို မိမိတို့ဝန်ကြီးဌာန၊ သက်ဆိုင်ရာဦးစီးဌာနက အလေးအနက်ထားပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စီမံကိန်းနှင့်ပတ်သက်ဆက်နွှယ်သည့် ပုဂ္ဂိုလ်များအားလုံး မည်သူကို မဆို ဝေဖန်၊ အကြံပြုတိုင်ကြားနိုင်ရန်အတွက် အစည်းအဝေးများတွင် ဝေဖန်အကြံပြုနိုင်ပါကြောင်း၊ လူကိုယ်တိုင်သို့မဟုတ် အခြားပုဂ္ဂိုလ်များမှတစ်ဆင့် တယ်လီဖုန်းဖြင့်လည်းကောင်း၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ မိမိတို့၏ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များကို စာဖြင့်ဖြစ်စေ၊ E-mail ဖြင့်ဖြစ်စေ၊ Website မှတစ်ဆင့် အကြံပြုတိုင်ကြားခြင်းနှင့် တိုင်ကြားနိုင်သည့် လိပ်စာများကိုလည်း မြစိမ်းရောင်ကျေးရွာစီမံကိန်းလက်စွဲစာစောင်တွင် အတိအလင်းထည့်သွင်းပြီး ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားပါကြောင်း၊
မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ပတ်သက်ပြီး ရပ်/ရွာလူထု၏ဆန္ဒဖော်ထုတ်ချက်၊ အကြံပြုချက်၊ တိုင်ကြားချက်များကို စစ်ဆေးဆောင်ရွက်သည့်အခါတွင် တိုင်ကြားခံရသည့် အဖွဲ့အစည်းထက် အနည်းဆုံး တစ်ဆင့်မြင့်အဖွဲ့အစည်းကဦးဆောင်ပြီး စုံစမ်းစစ်ဆေးခြင်းကိုပြုလုပ်ပါကြောင်း၊ စစ်ဆေး တွေ့ရှိခဲ့သကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စစ်ဆေးချက် နှင့်တကွ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးချုပ်ကို တင်ပြသော Procedure ရှိပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်အရ အရေးယူဆောင်ရွက်ချက်များကိုလည်း မြို့နယ်စီမံကိန်းအကောင်အထည် ဖော်ရေးကော်မတီက ကျေးရွာများကိုပြန်လည် အသိပေးရှင်းလင်းတင်ပြခြင်းကို ဆောင်ရွက် ပါကြောင်း၊
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် အတွင်းက စတင်အကောင်အထည်ဖော်ခဲ့သည့်အချိန်တွင် စီမံကိန်းကျေးရွာယူနစ် ၉ ယူနစ်၊ အကျိုးပြုကျေးရွာ ၉ ရွာရှိပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာယူနစ် ၃၁ ယူနစ်၊ အကျိုးပြုကျေးရွာ ၄၀၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာယူနစ် ၁၉ ယူနစ်၊ အကျိုးပြုကျေးရွာ ၃၀၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာယူနစ် ၁၄ ယူနစ်၊ အကျိုးပြုကျေးရွာ ၃၃ ရွာ စုစုပေါင်း လက်ရှိအချိန်တွင် စီမံကိန်းကျေးရွာယူနစ် ၇၃ ယူနစ်နှင့် အကျိုးပြုကျေးရွာ ၁၁၂ ရွာတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာများအနက် ခတ္တိယကျေးရွာ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီအနေဖြင့် အသင်းသားများ၏ငွေကြေးကိုအလွဲသုံးစားပြုလုပ် ထားသည်ကို အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားစာနှင့်ပတ်သက်ပြီး မြောင်းမြခရိုင် ကျေးလက်ဦးစီးမှူးနှင့် အိမ်မဲမြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီတို့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမနှစ်နှင့်ဒုတိယနှစ်တွင် အသင်းသား အားလုံးကို ချေးငွေတစ်ပြေးညီထုတ်ချေးခဲ့သော်လည်း ၂၀၁၇-၁၈ တတိယနှစ်စက်ဝန်း(Third Circle)တွင် လုပ်ငန်းအမျိုးအလိုက် ချေးငွေနှုန်းထားမတူညီခြင်းများကို ကော်မတီအနေဖြင့် အသင်းသားများကိုသိရှိနိုင်စေရန် ပွင့်လင်းမြင်သာစွာချပြထားမှုမရှိကြောင်း၊ အများစုအနေဖြင့် ပြေလည်မှုမရှိဘဲ ချေးငွေများထုတ်ချေးရာတွင် ခြောက်လစာ အတိုးငွေများကို ကြိုတင်ဖြတ်တောက်မှု ဆောင်ရွက်ထားခြင်းသည် စီမံကိန်းလက်စွဲပါ ပြဋ္ဌာန်းချက်များနှင့်အညီ ညီညွတ်မှုမရှိကြောင်း စိစစ်တွေ့ရှိခဲ့ပါကြောင်း၊
သို့ဖြစ်ပါ၍ ကြိုတင်ကောက်ယူထားသောအတိုးငွေများကို အသင်းသားများပြန်ပေးရန်၊ အမှန် ထုတ်ချေးမှုစာရင်းအတိုင်း စာရင်းဇယားများကို အမှန်ပြုစုရေးသွင်းရန်၊ လက်ရှိကော်မတီအနေဖြင့် ငွေကြေးအလွဲသုံးစားပြုလုပ်ထားခြင်းမရှိသော်လည်း ချေးငွေထုတ်ချေးမှုကို ပွင့်လင်းမြင်သာစွာဖြင့် စီမံကိန်းလက်စွဲပါ ညွှန်ကြားချက်များ၊ ပြဋ္ဌာန်းချက်များအနေဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် အတွက် ချေးငွေစာရင်းဇယားများ တည့်မတ်ပြင်ဆင်ပြီးချိန်တွင် ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် အညီ ကျေးရွာကော်မတီသစ်ကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့ ကော်မတီသစ်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့တွင် ပြန်လည်ရွေးချယ်ခဲ့ပြီး အသင်းသားများကို ထုတ်ချေးငွေနှင့် ပတ်သက်ပြီး ပိုလျှံထုတ်ချေးငွေများကို ဘဏ်ကိုအပ်နှံစေပြီး ကြိုတင်ကောက်ခံရရှိသော အတိုးငွေ တွေကိုလည်း ကော်မတီကိုလွှဲပြောင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
အလားတူ ကျုံတလုတ်ကျေးရွာတွင်လည်း စီမံကိန်းကျေးရွာကော်မတီဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးမှူး တို့သည် စီမံကိန်းဒေသတွင်မရှိဘဲ ရန်ကုန်တွင်သွားရောက်နေထိုင်လုပ်ကိုင်နေသည့်အတွက် ကော်မတီဝင်များကိုလည်း အစားထိုးရွေးချယ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ စီမံကိန်းကျေးရွာများ၏ အခက်အခဲနှင့် စာရင်းထိန်းသိမ်းမှုအားနည်းချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် တာဝန်ခံ ကြီးကြပ်မှုအပိုင်းအနေဖြင့် ကျေးလက်ဦးစီးဌာနရုံးချုပ်က သတ်မှတ်ထားသောလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအပေါ်အခြေခံပြီး ကြပ်မတ်စစ်ဆေးပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနများအနေဖြင့် လုပ်ငန်း အကောင်အထည်ဖော်မှုအဆင့်ဆင့်တွင် အဆင့်ဆင့်အနီးကပ်ကြီးကြပ် စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ် ပါကြောင်း၊ မြို့နယ်ဝန်ထမ်းတစ်ဦးလျှင် ကျေးရွာ ၅ ရွာကို ကြီးကြပ်တာဝန်ပေးထားပြီး အဆင့်ဆင့် ဆောင်ရွက်သည့်အခါတွင်လည်း ပုံမှန်စစ်ဆေးခြင်းအပြင် ရှောင်တခင်စစ်ဆေးခြင်းများကိုလည်း ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်သန္တာ(အိမ်မဲမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်၏ ဘဏ္ဍာငွေများအလေအလွင့် မရှိစေရန် စောင့်ကြည့်ထိန်းကျောင်းရသည့်တာဝန် အပြည့်ရှိပါကြောင်း၊ မြစိမ်းရောင်ချေးငွေစီမံကိန်း၏ ချေးငွေများသည်လည်း နိုင်ငံတော်၏ဘဏ္ဍာများဖြစ်ပါကြောင်း၊ ဝန်ကြီးဖြေကြားသွားရာတွင် ၎င်းအမှုကို အလွဲသုံးစားလုပ်သည်မှာ ပေါ်လွင်နေပါကြောင်း၊ ကော်မတီ ပြောင်းလဲဖွဲ့စည်းရုံဖြင့် ပြီးသွားပြီလား၊ နိုင်ငံတော်၏ဘဏ္ဍာကို ရည်ရွယ်ချက်၊ ရည်မှန်းချက်များပျောက်ပျက်စေရန် အဆိုပါ အလွဲသုံးစားလုပ်သူများကို စစ်ဆေးအရေးယူမှုများရှိ၊မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မိမိတို့ မြစိမ်းရောင်စီမံကိန်းတွင်အားနည်းချက်များ ရှိပါကြောင်း၊ ၎င်းစီမံကိန်းကို ကြီးကြပ်အကောင် အထည်ဖော်ရသည့် လုပ်ငန်းကော်မတီတွင် မူတည်ပါကြောင်း၊ ယခုကဲ့သို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်မတီဝင်များသည် တွေ့ရှိရသည့်အတွေ့အကြုံအရ ကျေးရွာသူ၊ ကျေးရွာ သားများထက် အဆပေါင်းများစွာချေးငွေရယူထားပြီး ၎င်းတို့ကျေးရွာသားများအတွက် နည်းပါးသည့် ချေးငွေများကို ထုတ်ချေးသည့်အတွက် တိုင်ကြားလာမှုများရှိပါကြောင်း၊ ကျေးရွာဘဏ်များအနေဖြင့် ကျေးရွာသူ၊ ကျေးရွာသားများက ကော်မတီတွင် ယခုကဲ့သို့မလျော်ကန်သော၊ မရိုးမဖြောင့်သော လုပ်ဆောင်မှုကြောင့် ချေးငွေပြန်လည်ရရှိရေးအတွက် တရားစွဲဆိုရသည့်ဖြစ်စဉ်များလည်း ရှိပါကြောင်း၊ ကော်မတီဝင်များရှိသော ကျေးရွာသားများအတွက် ကော်မတီက တရားစွဲဆိုရပါကြောင်း၊ ကော်မတီဝင်က အလွဲသုံးစားပြုလုပ်သည်ကို ကော်မတီဝင်အချင်းချင်းကသာ ပြန်လည်တရားစွဲခိုင်း ရသည့်အတွက် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းချက်နှင့်အညီ ကျေးရွာကော်မတီဝင်များက အလွဲသုံးစားပြုလုပ်မှု၊ မရိုးမဖြောင့်ပြုလုပ်သည့် ကျေးရွာကော်မတီဝင်၊ ကျေးရွာကော်မတီဥက္ကဋ္ဌ စသည်ဖြင့် ကော်မတီတွင် တာဝန်ရှိသည့်ပုဂ္ဂိုလ်များကို တရားစွဲဆိုရသွားနိုင်သည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
