(ခ)-Automobile Policy ကိုနိုင်ငံတကာကဲ့သို့ဆွဲ ပြီးနိုင်ငံတကာမှမော်တော်ယာဉ်ထုတ်လုပ်ရေးများ ကိုဖိတ်ခေါ်၍ရင်းနှီးမြှုပ်နှံပါလျှင် ဈေးနှုန်းချိုသာစွာ ကားသစ်များ စီးလာနိုင်မည်ဖြစ်၍ စီစဉ်ဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၆.၁၂.၂၀၁၅)

ဦးမြင့်စိုး (ပျော်ဘွယ်) မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ကားကောင်း၊ ကားသန့်များကို  ဈေးနှုန်းချိုသာစွာဖြင့် စီးနိုင်ခွင့်ရ ရှိရန်အတွက် ထိုင်းနိုင်ငံကဲ့သို့ နိုင်ငံတကာမှ အဆင့်ဆင့်ကားကုမ္ပဏီများကို ဖိတ်ခေါ်ပြီး မြန်မာပြည်တွင်းတွင် ထုတ်လုပ်ခွင့်ပြုပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  ယခုအချိန်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် Usedကားများကို နိုင်ငံခြားမှ တင်သွင်းအသုံးပြုနေရခြင်း ဖြစ်သည့်အတွက် နောက်ပိုင်းတွင် လုံခြုံ၍ အန္တရာယ်ကင်းသော ကားသစ်များကို အသုံးပြုလို ပါကြောင်း၊  မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် CKT ၊ SKT သတ်မှတ်ချက်များနှင့်ပတ်သက်၍ Auto Policy ကို နိုင်ငံတကာကဲ့သို့ လျှော့ဖြေရေးဆွဲပြီး နိုင်ငံတကာမှ မော်တော်ယာဉ်ထုတ်လုပ်ရေးများကို ဖိတ်ခေါ်ရင်းနှီးမြှုပ်နှံမည်ဆိုပါက (၁) ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ ဈေးနှုန်းချိုသာစွာ ကားသစ်များ စီးလာနိုင်ခြင်း၊ (၂) ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာ တိုးတက်ရရှိကာ နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိနိုင်ခြင်း၊ (၃) မြန်မာနိုင်ငံသည် ပင်လယ်ထွက်ပေါက်ရှိသည့်  နိုင်ငံဖြစ် သည့်အတွက် ပို့ကုန်တစ်မျိုးတိုးလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတကာမှ မော်တော်ယာဉ် ထုတ်လုပ်ရေးများကို ဖိတ်ခေါ်ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို ဆောင်ရွက်ပေးခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒုတိယဝန်ကြီး ဦးမျိုးအောင်မြန်မာနိုင်ငံတွင် ရေရှည်ရပ်တည်နိုင်မည့် မြန်မာ့မော်တော်ယာဉ်ဆိုင်ရာလုပ်ငန်းတစ်ရပ် ပေါ်ထွန်း လာစေရေး၊ မြန်မာ့မော်တော်ယာဉ်စက်မှုကဏ္ဍမှ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေး၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအား ထိရောက်စွာ ဆွဲဆောင်နိုင်ရေး၊ နိုင်ငံ အတွင်း နည်းပညာများဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာ စေရေး၊ နိုင်ငံ၏ GDP တိုးတက်ရရှိစေပြီး Value Added ရရှိစေခြင်းဖြင့် နိုင်ငံခြားသုံးငွေ ပိုမိုရရှိစေရေး၊ သွင်းကုန်အစားထိုး၍ ပို့ကုန်မြှင့်တင်ခြင်းလုပ်ငန်းများကို ပိုမိုဆောင်ရွက်လာနိုင်စေရေးတို့ကို ရည်ရွယ်ပြီး အမျိုးသားမော်တော်ယာဉ်မူဝါဒ (National Automobile Policy) ရေးဆွဲရေး Task Force ကို ၂၂-၄-၂၀၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊  အဆိုပါ Task Force ကို ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဦးဆောင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖံှ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်း၊ မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချ သူများအသင်း၊ ဂျပန် ကုန်သည်ကြီးများ အသင်းချုပ်၊ ကိုရီးယားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးအေဂျင်စီတို့မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ 

ယခု လက်ရှိရေးဆွဲလျက်ရှိသော Automobile Policy တွင် မော်တော်ယာဉ်လုပ်ငန်းဖွံ့ဖြိုးမှုဆိုင်ရာ လမ်းပြမြေပုံဖြင့် အမျိုးသားမော်တော်ယာဉ်ဆိုင်ရာ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်  မော်တော် ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာလတိုရည်မှန်းချက်ဖြစ်သော ပတ်ဝန်းကျင်ကောင်းတစ်ခု တည်ဆောက်ရေး၊ ကာလလတ်ရည်မှန်းချက်ဖြစ်သော ပြည်တွင်းထုတ်လုပ်မှုစတင်ခြင်း၊  ကာလရှည်ရည်မှန်းချက်ဖြစ်သော မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အစိတ်အပိုင်းများအား ပြည်ပသို့ တင်ပို့ရောင်းချခြင်း စသည့်ဖြင့် အဆင့်ဆင့်ပိုင်းခြားသတ်မှတ်ထားသည့် အပြင် မော်တော် ယာဉ်ဆိုင်ရာ ပြဿနာများဖြစ်သော တင်သွင်း/ထုတ်လုပ်ခြင်းကိစ္စရပ်များ၊ ဘယ်မောင်း/ ညာမောင်း သတ်မှတ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် လောင်စာဆီအသုံးပြုခြင်းဆိုင်ရာကိစ္စရပ်များ၊ လမ်းလျှောက်သူများ ဘေးကင်းစေရန်၊  ယာဉ်လမ်းကြောင်းဆိုင်ရာ အခြေခံအဆောက်အဦနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရေး၊ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များ ပါဝင်ပါကြောင်း၊ ဖော်ပြပါရည်မှန်းချက်များအတိုင်း ပံ့ပိုးမှုများ၊ ဖြေလျှော့မှုများကို ရေးဆွဲချမှတ်နိုင်ရေးအတွက် National Automobile Policy (မူကြမ်း)အား Task Force မှရေးဆွဲပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် အဖွဲ့အစည်းများသို့ သဘောထားမှတ်ချက်တောင်းခံထားဆဲဖြစ်ရာ အောက်ပါအချက်များအား ယင်း Policy တွင် ထည့်သွင်းသင့်ကြောင်းကို စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ သဘောထားမှတ်ချက်ပေးထား ပါကြောင်း၊

 (က) မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်း၏ ယှဉ်ပြိုင်နိုင်မှု ပိုမိုမြင့်မားစေရန် နိုင်ငံနှင့် ကိုက်ညီသည့် ကားအမျိုးအစားတစ်ခု သတ်မှတ်ခြင်း၊

 (ခ) ယင်းကားအမျိုးအစားအား ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်ခြင်း၊

 (ဂ) ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် နည်းပညာ လွှဲပြောင်းရရှိပြီး အဆိုပါပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်စေရန် အထောက်အပံ့ပေးခြင်း၊

(ဃ) ယင်းမှတစ်ဆင့် ဒေသတွင်းနိုင်ငံများသို့ အစိတ်အပိုင်းများ ထုတ်လုပ်ပံ့ပိုးနိုင်သည့် Parts Supplier အဆင့်သို့ရောက်ရှိအောင် ဈေးကွက်ချဲ့ထွင်ပေးခြင်း၊

(င) အဓိကရည်ရွယ်ချက်မှာ ပြည်တွင်း၌ ကားအသစ်များ ထုတ်လုပ်ရန်ဖြစ်ခြင်းကြောင့် လုပ်ငန်းအစီအမံများ Supporting Industry ထူထောင်ရန်နှင့် စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များ ချမှတ်ပေးခြင်းတို့ ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းများကို ဖိတ်ခေါ်၍ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများအား ဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိလာနိုင်ပြီး နည်းပညာနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိ လာနိုင်မည်ဖြစ်သည့် အပြင် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိလာနိုင်မှာဖြစ်ပါသောကြောင့် မော်တော်ယာဉ်ထုတ်လုပ်သည့် စက်ရုံများအတွက် လိုအပ်သည့်စက်ပစ္စည်းများနှင့် မော်တော်ယာဉ်များတင်ပို့ခြင်း၊ တင်သွင်းခြင်း ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍမှ ပေါင်းစပ်ကူညီဆောင်ရွက်နိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဖြေကြားထားပါကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမယ့် National Automobile Policy ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဦးဆောင်ရေးဆွဲရာတွင် စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။