ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့အဝင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင် အမှတ် ၁/၀ တွင် ၄
ဧကအကျယ်ရှိသော မြနန္ဒာပန်းခြံတစ်ခုရှိ၍ မျက်နှာစာ (၆၀၀x၁၀၀)ပေ ကျယ်ဝန်းသော မြေကွက်လပ်ရှိပါကြောင်း၊ ပြည်သူများသည် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများကို ဆောင်ရွက်ရာတွင် အမှတ်(၁) လမ်မကြီးဘေးတွင် ပြုလုပ်နေရသည့် အတွက် ယာဉ်အန္တရာယ်များ စိုးရိမ်ရပါကြောင်း၊ ပြည်သူများ စိတ်ချမ်းသာအောင် လေ့ကျင့်ခန်းများ လုပ်နိုင်ရေးအတွက် မြနန္ဒာပန်းခြံအား အဆင့်မြှင့်ဆောင်ရွက် ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် ထိုမြနန္ဒာပန်းခြံ၏ အရှေ့ဘက် အရှေ့မျက်နှာစာ ပေ(၆၀၀x၁၀၀) ကို ပြည်သူများ နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် ကွန်ကရစ်ခင်းပြီး ကျန်းမာရေး လေ့ကျင့်ကွင်းတစ်ခု ပြလုပ်ပေးရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ် နှင့် အားကစားကွင်းများ ဌာနသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်မြေအတွင်းတွင် ပန်းခြံပေါင်း ၆၃ ခြံအား ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်း ပန်းခြံများအနက် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ အဝင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁/၀ တွင်ရှိသော မြနန္ဒာပန်းခြံသည်လည်း တစ်ခု အပါအဝင် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနသည် ပန်းခြံများ အဆင့်မြှင့်တင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက် လျက်ရှိပြီး လက်ရှိအချိန်အထိ ပန်းခြံ ၂၂ ခြံအား အဆင့် မြှင့်တင်ခြင်း၊ ပန်းခြံ၂၃ ခြံအား မွမ်းမံပြင်ဆင် ခြင်းများ ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ မြနန္ဒာပန်းခြံကိုလည်း လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မွမ်းမံပြင်ဆင်ရန်အတွက် လျာထား သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ မြနန္ဒာပန်းခြံရှေ့ မျက်နှာစာရှိ (၆၀၀ x ၁၀၀) ပေ အကျယ် မြေကွက်လပ်သည် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ကြီးကြပ်ထိန်းသိမ်းသော မြေနေရာ မဟုတ်သည့်အတွက် ကျန်းမာရေးလေ့ကျင့်ရေးကွင်း ပြုလုပ်ပေး၍ မရပါကြောင်းနှင့် ဆောင်ရွက်ရန်အစီအစဉ် မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
