မြန်မာနိုင်ငံတွင် ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်း စသည့် အဓိကမြစ်ကြီးလေးသွယ်ရှိပြီး
ထိုမြစ်ကြီးများထဲကိုစီးဝင်နေသော မြစ်လက်တက်များလည်း ရှိပါကြောင်း၊ အဆိုပါ မြစ်ကြီးလေးသွယ်၏ မြစ်လက်တက်များ၏ ရေဝေရေလဲဒေသများသည် အများအားဖြင့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် ထိန်းသိမ်းထားသော သဘာဝနယ်မြေများ ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနဟာ အဆိုပါသစ်တောနယ်မြေများကို ထိန်းသိမ်းစီမံအုပ်ချုပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှာ ယနေ့အထိ ဆည်တာတမံပေါင်း ၁၃၀၀ ကျော်တည်ဆောက်ထားပြီး ယင်းတာတမံများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းကို ဆည်မြောင်း ဦးစီးဌာနက ဆောင်ရွက်ပါကြောင်း၊ သစ်တောဦးစီးဌာနတွင် ရေဝေရေလဲစီမံအုပ်ချုပ်မှု ဌာနရှိပြီး ဝန်ထမ်းများအား ရေဝေရေလဲထိန်းသိမ်းရေးနှင့် သက်ဆိုင်သောသင်တန်းများပို့ချခြင်း၊ ရေဝေရေလဲဒေသတွင် တည်ထောင်သော စိုက်ခင်းများနှင့် ထိန်းသိမ်းရေးကိန်းဂဏန်းအချက်အလက်များ စုဆောင်းခြင်း၊ တင်ပြခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါကြောင်း၊ သစ်တောဦးစီးဌာနသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ သစ်တောကဏ္ဍနှင့်ပတ်သက်သည့် စီမံအုပ်ချုပ်မှုထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရသည့်အတွက် ရေဝေရေလဲဒေသ စီမံအုပ်ချုပ်မှုလုပ်ငန်းများကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်ခြင်း မရှိသည်ကို တွေ့ရပါကြောင်း၊ ဆည်တာတမံများတွင် စုဆောင်းထားရှိသောရေကို စိုက်ပျိုးရေး၊ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး၊ မြို့ပြနှင့် ကျေးလက်ရေပေးဝေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စသည့် လုပ်ငန်းများ၌ သုံးစွဲလျက်ရှိသည့်အတွက် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးသည် သစ်တောဦးစီးဌာန ရေဝေရေလဲဒေသစီမံအုပ်ချုပ်မှုဌာန တစ်ခုတည်း၏ လုပ်ငန်းတာဝန်မဟုတ်ဘဲ ယင်းဆည်တာတမံမှရေကို အသုံးပြုသည့်ဌာန၊ အဖွဲ့အစည်းများ သုံးစွဲသူများနှင့်လည်း သက်ဆိုင်ပါကြောင်း၊ ရေဝေရေလဲလုပ်ငန်းများ ထိန်းသိမ်းရေး လုပ်ငန်းသည် အရေးကြီးသောလုပ်ငန်း တစ်ခုဖြစ်သည့်အတွက် ယခင် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်တွင် သီးခြားရေဝေရေလဲ ထိန်းသိမ်းရေးဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်ရန် စီစဉ်ခဲ့သည်ကို သိရပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ အမျိုးသားရေးမူဝါဒတွင် ဆည်တာတမံ ရေအရင်းအမြစ်နှင့် သက်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုတည်ဆောက်မှု လုပ်ငန်းများ ပြုလုပ်နေရင်း ရေဝေရေလဲဒေသတွင် ရေအရင်းအမြစ်များ ရေရှည်ထိန်းသိမ်းရန်အတွက် အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ၏ အချိုးတစ်ခုကို သတ်မှတ်သင့်ကြောင်း ဖော်ပြထားသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ရေဝေရေလဲဒေသစီမံအုပ်ချုပ်မှုလုပ်ငန်းများ ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ မည်ကဲ့သို့စီမံလုပ်ကိုင်ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့နိုင်ငံသည် ရေသယံဇာတပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း၌ အဓိက မြစ်ကြီး လေးသွယ်၊ မြစ်ငယ် ၃၀၊ သဘာဝရေချိုရေကန်ကြီး၊ ရေကန်ငယ်များစွာနှင့် နိုင်ငံတော်အစိုးရ အဆက်ဆက်က တည်ဆောက်ခဲ့သည့် ဆည်/ရေလှောင်တမံ ၂၈၀ ခုနှင့် ရေလွှဲဆည် ၄၉ ခု စုစုပေါင်း ၃၂၉ ခု တည်ရှိပါကြောင်း၊ ရေသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့စေရေးအတွက် ရေဝေရေလဲဒေသများကို အားလုံးနှင့်ပါဝင်ပူးပေါင်း၍ အလေးထားထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ ရေဝေရေလဲဒေသများကို ထိန်းသိမ်းခြင်းဖြင့် ရေစီးဆင်းမှု ထိန်းညှိပေးနိုင်ခြင်း၊ အညစ်အကြေးများ သန့်စင်စေခြင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်တားဆီးနိုင်ခြင်းနှင့် သန့်ရှင်းသည့် သောက်သုံးရေ ထာဝစဉ်ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အတွင်း အရေးကြီးသော ရေဝေရေလဲဒေသများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင် နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ၁၉၉၅ ခုနှစ်က စတင်ပြီး ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနတစ်ခုကို သစ်တောဦးစီးဌာန၏ အောက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ သစ်တောကဏ္ဍ ပင်မစီမံကိန်း၊ နှစ် ၃၀ စီမံကိန်းနှင့်အညီ ဆည်နှင့် ရေလှောင်တမံများ၏ ရေဝေရေလဲဒေသများကို စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရန်အတွက် နှစ်အလိုက် လုပ်ငန်းများကို ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အရေးကြီးသော ဘက်စုံသုံးဆည်နှင့် ရေလှောင်တမံ ၆ ခုတွင်လည်း ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ပဲခူးရိုးမဒေသသည် မိမိတို့နိုင်င၏ အဓိကမြစ်ကြီးလေးသွယ်တွင် ပါဝင်သော ဧရာဝတီနှင့် စစ်တောင်းမြစ်တို့၏ ရေဝေရေလဲဒေသကြီးဖြစ်သည့်အပြင် ဆည်နှင့်ရေလှောင်တမံ ၇၈ ခုတည်ရှိပြီး ယင်းဆည်များ၏ ရေဝေရေလဲဒေသများ အများစုတည်ရှိရာ နေရာလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးစီမံကိန်းလုပ်ငန်းများကို ၂၀၀၄ ခုနှစ်မှစတင်ပြီး ငါးနှစ် စီမံချက်များရေးစွဲကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီးတစ်ခုဖြစ်သော အင်းလေးကန်နှင့် အင်းလေးကန်ဒေသအတွင်း ဘဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တည်ငြိမ်မှုရှိစေရန် ရည်ရွယ်ပြီး အင်းလေးကန် ရေဝေရေလဲဒေသ အတွင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ ပင်းတယနှင့် ပင်လောင်းမြို့နယ်များတွင် အင်းလေးကန်ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို ဒေသခံပြည်သူလူထုအပါအဝင် အစိုးရဌာနများ၊ အစိုးရမဟုတ်သော လူမှုရေး အခြေခံအဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများအားလုံး၏ ပူးပေါင်းဆောင်ရွက်သကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ဆက်လက်၍ မိမိတို့နိုင်ငံရဲ့ ရေဝေရေလဲဒေသများ စီမံအုပ်ချုပ်မှုနှင့်ပတ်သက်ပြီး မြစ်ဝှမ်းဒေသကြီးများနဲ့ ရေကန်များကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရန် လိုအပ်သော ရေသယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံများ တည်ထောင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေရန်အတွက် နော်ဝေနိုင်ငံ ရေသုတေသနဌာန (Norwegian Water Research Institute) နှင့် နယ်သာလန်နိုင်ငံ ရေသယံဇာတအာဏာပိုင်အဖွဲ့ (Dutch Water Authority) တို့နှင့်ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
နော်ဝေ-မြန်မာနှစ်နိုင်ငံပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၁၅-၂၀၁၈ အရ ဘက်စုံရေသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုနည်းလမ်းများကို ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့တွင် ရှေ့ပြေး စီမံကိန်း (Pilot Project) အဖြစ် စမ်းသပ်အကောင်အထည်ဖော်ဆောင်ရွက်ရန် နော်ဝေ ရေသုတေသန၊ ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်ပါကြောင်း၊ စီမံကိန်း၏ ကနဦးပြင်ဆင်မှုအဖြစ် အကျိုးဆက်စပ် ပတ်သက်သူအားလုံးပါဝင်သော အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ခဲ့ပြီး၊ ဘက်စုံရေသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုနည်းလမ်း အခြေခံဖြစ်သော မြစ်ဝှမ်းဒေသနယ်နိမိတ် သတ်မှတ်ခြင်း (River Basin Area) အဆင့်တွင် တွေ့ကြုံရသည့် ရေသယံဇာတ၏ ပြဿနာများ စာရင်းပြုစုခြင်း၊ ထို့အတူ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီဖွဲ့စည်းခြင်း၊ မြစ်ဝှမ်းဒေသခွဲအဆင့် ပြဿနာများကို ရှာဖွေဆန်းစစ်လေ့လာခြင်း စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ရှေ့ပေးစီမံကိန်းရလဒ်နှင့် အတွေ့အကြုံများအပေါ် အခြေခံပြီး ဘက်စုံရေသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုနည်းလမ်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး အမျိုးသားအဆင့်ရေမူဝါဒ (National Water Policy) တွင် ပါဝင်သော မျှော်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဘက်စုံရေသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုနည်းလမ်းကို နိုင်ငံအဝန်းတွင် ကျင့်သုံးနိုင်ရန်အတွက် အခြေခံလိုအပ်ချက်ဖြစ်သော အမျိုးသားအဆင့် မြေမူဝါဒ (National Land use Policy) အပါအဝင် ဥပဒေ လုပ်ထုံးလုပ်နည်းများ တွင်လည်း ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာအစိုးရဌာနများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တွေ့ရှိနိုင်သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ရေဝေရေလဲ ဒေသများသည် လူဦးရေတိုးတက်လာခြင်းနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းများတိုးချဲ့ခြင်း၊ လူအခြေချနေထိုင်ခြင်း၊ အခြားဖွံ့ဖြိုရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ရေဝေရေလဲဒေသများကို အတတ်နိုင်ဆုံး ထိခိုက်မှုမရှိစေရန်နှင့် ရေအရည်အသွေးကို တတ်နိုင်သမျှ ထိန်းသိမ်းထားနိုင်ရန် ဆန်းစစ် ဆောင်ရွက်ကြရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတကာက လက်ခံကျင့်သုံးလျက်ရှိသော ဘက်စုံရေသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု (Integrated Water Resources Management) နည်းလမ်းကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဘက်စုံရေသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကို စီးပွားရေးနှင့် လူမှုရေးရာများ ဆောင်ရွက်ရာမှာ အမြင့်ဆုံးအကျိုး ရရှိခံစားနိုင်ရေးအတွက် ဂေဟစနစ်များ၏ ရေရှည်တည်တံ့ဖွံ့ဖြိုးမှုကို မထိခိုက်စေဘဲ ရေ၊ မြေနှင့် အခြားသက်ဆိုင်ရာအရင်းအမြစ်များကို ဘက်စုံကဏ္ဍစုံမှ စုစည်းစီမံခန့်ခွဲအုပ်ချုပ်ခြင်းဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုထားရှိခဲ့ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စီမံအုပ်ချုပ်လျက်ရှိသော ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများသာမက မြန်မာနိုင်ငံဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ရေဝေရေလဲဒေသများဖြစ်သည့်အတွက် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး လုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနနှင့်အတူ အခြားဆက်စပ်အစိုးရအဖွဲ့ဌာနများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူအစုအဖွဲ့များ၊ ကျွမ်းကျင်သူပညာရှင်များနှင့် အကျိုးဆက်စပ်ပတ်သက်သူများအားလုံးက ယခုထက်ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြမှသာလျှင် ရေဝေရေလဲဒေသထိန်းသိမ်းရေးလုပ်ငန်းများသည် ပိုမိုပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ခင်စန်းလှိုင် (ပုလဲ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လွန်ခဲ့သော သုံး၊ လေးလအတွင်းက မိမိတို့ မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများ အများကြီးဖြစ်ပေါ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုအားလုံးသာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသော ပုဂ္ဂိုလ်များအားလုံး စိုးရိမ်ပူပန်မှုနေခြင်းသည် ရေဝေရေလဲဒေသများကို ကောင်းစွာထိန်းသိမ်းနိုင်မှုမရှိသည့်အတွက် ရေကြီးရေလျှံမှုများသည် မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပေါ်ပြီးသည့်အတွက် အနာဂတ်တွင် အလားတူကိစ္စများ ဆက်လက်ဖြစ်ပေါ်လာနိုင်သေးသည်ဟု ထင်မြင်ယူဆပြီး စိုးရိမ်ပူပန်နေကြပါကြောင်း၊ ထို့ကြောင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးသည် အလွန်အရေးကြီးသည့်အတွက် သစ်တောဦးစီးဌာနကဲ့သို့ ရေဝေရေလဲဦးစီးဌာနဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ အကယ်၍ ရေဝေရေလဲများ ယင်းဒေသများအတွက် ၁၉၉၅ ခုနှစ်ကတည်းကစတင်ပြီး ရေဝေရေလဲအုပ်ချုပ်ရေးဦးစီးဌာနကို ဖွဲ့ခဲ့သည်ဟု အုပ်ချုပ်ရေးဌာနကို ဖွဲ့ခဲ့သည်ဆိုသော်လည်း ဦးစီးဌာနအနေဖြင့် မဖွင့်ရသေးသည်ကို တွေ့ရှိရပါကြောင်း၊ ယခု လက်ရှိအနေဖြင့် ရေဝေရေလဲစိုက်ခင်းများအတွက် တစ်ဧကကို တစ်နှစ်တွင် ဘတ်ဂျက်ငွေ မည်မျှသုံးစွဲပြီး ထိန်းသိမ်းစောင့်ရှောက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်
ရေဝေရေလဲ သီးခြားဦးစီးဌာနတစ်ခုအနေဖြင့် လက်ရှိ ဖွဲ့စည်းတည်ထောင်ရန် အစီအစဉ် မရှိသေးပါကြောင်း၊ အဓိကအားဖြင့် ရေဝေရေလဲကဏ္ဍနှင့် ပတ်သက်၍ အမျိုးသားရေးမူဝါဒကောင်စီမှ တာဝန်ယူပြီး အားလုံးကို Indegrated Function အဖြစ် All Inclusive ဖြစ်အောင် စီမံဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရအခြေအနေတွင် တည်ထောင်ရန် အစီအစဉ်မရှိပါကြောင်း။
ရေဝေရေလဲစိုက်ခင်းများနှင့်စပ်လျဉ်း၍ ရေဝေရေလဲစိုက်ခင်း၏ သဘောသဘာဝ သာမန်စိုက်ခင်းနှင့် မတူပါကြောင်း၊ ရေဝေရေလဲစိုက်ခင်းသည် အဓိကအားဖြင့် ကျန်သည့်စိုက်ခင်းများကဲ့သို့ မြေကို အပြောင်ရှင်း၍မရဘဲ သဘာဝတောခြံများကို လိုအပ်သည့်နေရာတွင် ရှင်းလင်းပြီး Get Plantation ခေါ် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းစနစ်ကို သွားပါကြောင်း၊ မိမိတို့၏ ရေဝေရေလဲတည်ရှိမှု၊ ရေဝေရေလဲဒေသရှိ သစ်တောသယံဇာတများ၏ သစ်တောဖုံးလွှမ်းမှုနှင့်ပါဝင်မှု ဒီသယံဇာတ အချက်အလက်များအပေါ် အခြေခံပြီး စိုက်ခင်းများ ထူထောင်ခြင်း ဖြစ်ပါကြောင်း၊ စိုက်ခင်းနှင့်ပတ်သက်၍ လက်ရှိ မိမိတို့က နှစ်စဉ် သက်ဆိုင်ရာနယ်မြေဒေသတွင်ပေါက်သော ဒေသပေါက်ဈေးများကို တွက်ချက်ပြီး မိမိတို့ ဌာနအနေဖြင့် အနီးစပ်ဆုံး တွက်ချက်ကာ အစိုးရအဖွဲ့မှတစ်ဆင့် လွှတ်တော်ကိုတင်ပြပြီး ဆောင်ရွက်နေခြင်းများ ရှိပါကြောင်း၊ ၁၅၀၀၀၀ နှင့် ၂၀၀၀၀၀ ကြားတွင် မိမိတို့ တကယ်သုံးခွင့်ရှိပါကြောင်း၊ ၁၅၀၀၀၀ နှင့် ၂၀၀၀၀၀ စိုက်ခင်းလုပ်ငန်းများအတွက် လုပ်ငန်းစဥများအပေါ်တွင် သုံးခြင်းဖြစ်ပါကြောင်း၊ ဌာနက ပံ့ပိုးသော ပလပ်စတစ်အိတ်ကအစ မိမိတို့ သစ်တောစိုက်ခင်းထူထောင်သည့်နေရာတွင် လိုအပ်သည့်ပစ္စည်း၊ အထောက်အပံ့ငွေ ယင်းငွေထဲတွင် ထည့်တွက်ခြင်း မရှိပါကြောင်း၊ ထို့အတူ မိမိတို့ ဝန်ထမ်းများ၏ လုပ်အားခ ဝန်ထမ်းများပါဝင်သော ငွေကြေးသုံးစွဲမှုကို မိမိတို့ မတွက်ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးတစ်ခုထူထောင်ပါက ၂၀၀၀၀၀ နှင့် ၄၀၀၀၀၀ ကြား သို့သော် ရေဝေရေလဲစိုက်ခင်းသည် Get Plantation သွားသည့်အတွက် အပြည့်စိုက်ရခြင်းမဟုတ်ဘဲ သစ်တောသယံဇာတ တည်ရှိမှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
