တနင်္သာရီတိုင်းဒေသကြီးအတွင်း ထိုင်းနိုင်ငံသား ငါးဖမ်း ကျွမ်းကျင်သူများကို လိုက်ပါ ဆောင်ရွက် ခွင့်ပြုခြင်းနှင့်
ပတ်သက်၍ မေးမြန်းလိုခြင်းဖြစ်ပါကြောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ နဝမအကြိမ် ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည့် ပင်လယ်ငါးဖမ်း လုပ်ငန်း ဥပဒေမူကြမ်း အခန်း(၉)တွင် နိုင်ငံခြားသား ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ(က) အရ ဝန်ကြီးဌာနသည် မြန်မာနိုင်ငံပိုင်ပင်လယ်ပြင်၌ ဆက်စပ်ဇုန်၌ ကမ်းလွန်ရေတိမ်ကမ်း အပိုင်း အပါအဝင် စီးပွားရေးဇုန် တည်ရှိသည့် ငါးဖမ်းကွက်များပေါ်တွင် နိုင်ငံခြားသားများကိုဖြစ်စေ၊ နိုင်ငံခြား ငါးဖမ်းယာဉ်များကို ဖြစ်စေ၊ ငါးဖမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူချက်ဖြင့် သက်ဆိုင်ရာ ပြည်ပနိုင်ငံသားများ၏အစိုးရနှင့် နှစ်နိုင်ငံစာချုပ် ချုပ်ဆိုနိုင်ပြီး ပုဒ်မခွဲ(ခ) တွင် ဦးစီးဌာနသည် ပုဒ်မခွဲ(က)အရ နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆိုထားပြီး ပြည်ပနိုင်ငံ၏ ငါးလုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီသို့မဟုတ် ပုဂ္ဂိုလ်နှင့်သဘောတူစာချုပ်ချုပ်ဆိုပြီး ဝန်ကြီးဌာန၏ သဘောတူညီချက်များနှင့်အညီ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုနိုင်သည် သို့မဟုတ် ဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့် ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် အခန်း(၉) ပုဒ်မ ၂၃ ပုဒ်မခွဲ ၂၀ တွင် မည်သည်နိုင်ငံခြားသားများ ငါးဖမ်းလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းတွင် လိုင်စင်ရယူရန် သတ်မှတ်ထားသော ငါးလုပ်ငန်းအရပ်ရပ်ကို လိုင်စင်မရှိဘဲ လုပ်ကိုင်ခွင့် မပြုရဟု ပါရှိသည်ကို သိရှိရပါကြောင်း၊ ယခုအခါ ကမ်းဝေးငါးဖမ်းစက်လှေများပေါ်တွင် ထိုင်းငါးဖမ်း ကျွမ်းကျင်သူများကို တရားမဝင် ခန့်ထားခြင်းဖြင့် ထိုင်းငါးခိုးစက်လှေများအနေဖြင့် တပ်မတော်(ရေ)၏ ပင်လယ်ပြင် စိုးမိုးရေး သတင်းအချက်အလက်များကို တစ်ဖက်သို့ပေးပို့နိုင်ခြင်း၊ ပင်လယ်ပြင် ဖြတ်ကျော်ရာဇဝတ်မှု မူးယစ်ဆေးဝါးများ တိုးပွားလာခြင်း၊ တရားမဝင် ငါးဖမ်းနည်းစနစ်ကြောင့် မြေသယံဇာတများအချိန်တိုအတွင်း ဆုံးရှုံးမှုများလာနိုင်ခြင်း၊ မြန်မာငါးဖမ်းကျွမ်းကျင်သူ ငါးဆရာများ နှင့် ဆက်စပ်မှီခိုလုပ်ကိုင်နေကြရသည့် ပြည်တွင်းဒေသခံ ရေလုပ်သားများ၊ အလုပ်လက်မဲ့များ ဖြစ်လာ နိုင်ခြင်းစသည့် မလိုလားအပ်သော ဆိုးကျိုးများဖြစ်လာနိုင်ပါကြောင်း၊ ထို့ကြောင့် ယနေ့တိုင် အတည်ပြု ပြဋ္ဌာန်းနိုြင်ခင်းမရှိသေးသည့် မြန်မာပင်လယ်ငါးလုပ်ငန်းဥပဒေမူကြမ်းပေါ်တွင် မည်သည့် ဥပဒေ၊ နည်းဥပဒေများကို အခြေခံ၍ ပြည်ထောင်စုဝန်ကြီးဌာနနှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ လုပ်ကိုင်ခွင့်ပြု နေခြင်းဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ထိုင်းနိုင်ငံသားကျွမ်းကျင်သူများကို ကမ်းဝေငါးဖမ်းလှေပေါ် လိုက်ပါခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး ပင်လယ်ငါးလုပ်ငန်း ဥပဒေမူကြမ်းအခန်(၉) နိုင်ငံခြားသား ပင်လယ်ငါးဖမ်းလုပ်ငန်းဥပဒေ ပုဒ်မ ၂၂ ပုဒ်မခွဲ(က)အရ ဝန်ကြီးဌာနသည် မြန်မာနိုင်ငံသည် ပိုင်နက် ပင်လယ်ပြင်ရှိ ဆက်စပ်ဇုန်နှင့် ကမ်းလွန်ရေလယ်ပိုင်းအပါအဝင် သီးသန့်စီးပွားရေးဇုန်အထိ ရှိသော ငါးဖမ်းကွက်များတွင် နိုင်ငံခြားသားကိုဖြစ်စေ၊ နိုင်ငံခြားငါးဖမ်းရေယာဉ်များကိုဖြစ်စေ၊ ငါးဖမ်းခြင်း လုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုခြင်းနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် သက်ဆိုင်ရာ ပြည်ပနိုင်ငံအစိုးရနှင့် နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆိုနိုင်သည့် အခန်း(၉) ပုဒ်မ ၂၃ တွင် မည်သည့်နိုင်ငံသားများ ငါးဖမ်းခြင်းနှင့်ဆက်စပ်သည့်လုပ်ငန်းတွင် လိုင်စင်ရယူရန်သတ်မှတ် ထားသော ငါးလုပ်ငန်းအရပ်ရပ်ကို လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်းမပြုရဟူ၍ ၁၉၈၉ ခုနှစ်က ပြဋ္ဌာန်းခဲ့ သော နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခြင်း ဥပဒေအရ ယခင်မြန်မာ့ရေပိုင်နက် မြေ၏ အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း ခွင့်ပြုခဲ့သော Fishing Rights အစီအစဉ်ဖြင့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များကို ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်ပြုသော ဥပဒေ ဖော်ပြထားချက် ဖြစ်ပါကြောင်း၊ ယခုကိစ္စသည် နိုင်ငံခြားသားကျွမ်းကျင်သူ ရေလုပ်သားတင်ဆောင်ခြင်းသာဖြစ်သည့်အတွက် ၁၉၉၀ ခုနှစ် ပြဋ္ဌာန်းခဲ့သော တည်ဆဲမြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ ပင်လယ်ငါးလုပ်ငန်းဥပဒေ အခန်း(၄) မှတ်ပုံတင်ခြင်းတွင် ပုဒ်မ ၁၁နှင့် ငါးဖမ်းရေယာဉ်များတွင် ရေလုပ်သားအဖြစ် လုပ်ကိုင်လို သူများသည် ဦးစီးဌာနက သတ်မှတ်ထားရှိသော နည်းလမ်းအတိုင်း မှတ်ပုံတင်ရမည်ဖြစ်ပါကြောင်း၊ အခန်း(၆) လိုင်စင်ရရှိသူ၏ တာဝန်နှင့် ဆောင်ရွက်နိုင်ခွင့်များတွင် ပုဒ်မ ၁၇ အရ လိုင်စင်ရရှိသူသည် ပုဒ်မခွဲ(င)မိမိရေယာဉ်တွင် ဦးစီးဌာန၌ မှတ်ပုံတင် ထားသည့် ရေလုပ်သားကိုသာ ခန့်ထားရမည်ဟူ၍လည်းကောင်း၊ အခန်း(၁၁) တားမြစ်ချက်တွင် မှာ ပုဒ်မ ၄၃အရ မည်သူမျှ ဦးစီး ဌာနတွင် မှတ်ပုံမတင်ဘဲ ဤဥပဒေအရ လိုင်စင်ရရှိသော ငါးဖမ်းရေယာဉ်တွင် ရေလုပ်သားအဖြစ် လုပ်ကိုင်ခြင်းမပြုရဟူ၍လည်းကောင်း၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအခန်း(၁၃) အထွေထွေတွင် ပုဒ်မ ၅၁ ပုဒ်မခွဲ(က) ဝန်ကြီးသည် မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်တွင် ငါးလုပ်ငန်း လုပ်ကိုင်ရန်ခွင့်ပြုမိန့်များကို ချမှတ်နိုင်ကြောင်း၊ မြန်မာ့ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၁၁၊ ၁၇ ပုဒ်မခွဲ(င) ၄၃နှင့် ၅၁ ပုဒ်မခွဲ(က)တို့နှင့်အညီ ပြည်တွင်းငါးဖမ်းရေယာဉ်မှာ ရေလုပ်သားတွေကို တည်ဆဲ ဥပဒေနှင့်အညီ ခန့်ထားခြင်းဖြစ်ပါကြောင်း၊ ပြည်ပငါးဖမ်း သင်္ဘောဆိုပါက ဆိပ်ကမ်း ၇ ခုကို နှင့် ပြည်တွင်းငါးဖမ်း သင်္ဘောဆိုပါက ၁၄ ခု စစ်ဆေးရေးစခန်းများတွင် ဝင်ရောက်ရန် သတ်မှတ် ထားပြီးဖြစ်ပါကြောင်း၊
လက်ရှိရေးဆွဲလျက်ရှိသော မြန်မာနိုင်ငံပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း) အခန်း (၆) သယံဇာတ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးတွင် ပုဒ်မ ၁၂ အရ ဦးစီးဌာနသည် ငါးလုပ်ငန်းစီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်း၍ အောက်ပါလုပ်ငန်းတာဝန် များကို ဆောင်ရွက်ရမည်ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ(ဌ)တွင် ပြည်တွင်းရေလုပ်သားများကို လည်းကောင်း၊ ပြည်ပငါးဖမ်းရေယာဉ်များတွင်သွားရောက်လုပ်ကိုင်မည့်အမှုထမ်းများနှင့် ရေလုပ်သား များကိုလည်းကောင်း သက်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ကျွမ်းကျင်မှုလက်မှတ် ထုတ်ပေးခြင်းနှင့် ပုဂ္ဂလိကဆိုပါက ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်လိုသူများအား စည်းကမ်းချက်နှင့် အညီ သက်တမ်းသတ်မှတ်ပြီး လိုင်စင်ထုတ်ပေးခြင်းနှင့် ကြီးကြပ်ခြင်းဟူ၍လည်းကောင်း၊ ပုဒ်မခွဲ(ဎ) တွင် ပြည်တွင်းငါးဖမ်းရေယာဉ်နှင့် ပြည်ပငါးဖမ်းရေယာဉ်များတွင် လုပ်ကိုင်မည့်အမှုထမ်းများနှင့် ရေလုပ်သားများအား သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ခြင်းဟူ၍လည်းကောင်း၊ အခန်း(၁၂)တွင် ငါးလုပ်ငန်းရှင်၏တာဝန်နှင့်အခွင့်အရေးများမှာ ပုဒ်မ ၃၇ ငါးဖမ်းခြင်း လုပ်ငန်းလိုင်စင်ရရှိသော ငါးလုပ်ငန်းရှင်သည် ပုဒ်မခွဲ(က) ပြည်တွင်းငါးဖမ်းရေယာဉ်ဖြင့် ငါးဖမ်းခြင်းလုပ်ငန်းမှာ ဦးစီးဌာနနှင့် မှတ်ပုံတင်ထားသည့် ရေလုပ်သားကိုသာခန့်ထားရမည်ဟူ၍ လည်းကောင်း၊ ပုဒ်မခွဲ(ဂ)တွင် ပင်လယ် ပြင်ငါးဖမ်းခြင်းလုပ်ငန်းတွင် သက်ဆိုင်ရာ ဌာနမှအသိအမှတ် ပြုလက်မှတ်ထုတ်ပေးထားသော ငါးဖမ်း ရေယာဉ်၊ ရေလုပ်သားနှင့် ရေယာဉ်အမှုထမ်းများကိုသာ အသုံးပြုခန့်ထားရမည်ဟူ၍ ထည့်သွင်း ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊
နိုင်ငံသားရေလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလိုအပ်ချက်အရ ကျွမ်းကျင် ပညာရှင်ရေ လုပ်သားများ ငှားရမ်းလုပ်ကိုင်ခွင့်ပြုပါရန် တင်ပြလာပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ သဘောထားတောင်းခံခြင်း၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှလည်း ၂၀၁၅-၂၀၁၆ ငါးဖမ်းရာသီတစ်နှစ် အတွက် ခွင့်ပြုပေးနိုင်ရန် ထောက်ခံတင်ပြထားခြင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြခွင့်ပြုချက်ရယူခြင်း၊ တင်ဆောင်လိုသည့် ရေလုပ်သားအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ (Black List) အမည်မဲ စာရင်းကင်းရှင်းကြောင်း ထောက်ခံချက်၊ မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသံရုံး၏ ထောက်ခံချက်များ ရယူ ပြီး ၂၀၁၅-၂၀၁၆ ငါးဖမ်းရာသီတစ်ရာသီသာ စမ်းသပ်ခန့်ထားခွင့်ပြုထားခြင်း ဖြစ်ပါကြောင်း၊ ယခင်နှစ် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဝိုင်းချုပ်ပိုက်ငါးဖမ်းရေယာဉ်လေးစီးတွင် ထိုင်းနိုင်ငံသားကျွမ်းကျင်သူ ရေလုပ်သား လေးဦးနှင့် ယခုအချိန်တွင် လက်ရှိမှာ ဝိုင်းချုပ်ပိုက်ငါးဖမ်းရေယာဉ်တစ်စီးတွင်သာ နိုင်ငံခြားသားကျွမ်းကျင်ရေလုပ်သားတစ်ဦး ခွင့်ပြုထားခြင်းဖြစ်ပါကြောင်း၊ ရေလုပ်ငန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၁-၂၀၁၂ ခုနှစ်ကစတင် ဖြေလျှော့မှုများ ပြုလုပ်ခဲ့ရာတွင်လည်း နည်းပညာနှင့်အတွေ့အကြုံတိုးပွားလာရန် နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိစေရန် ရည်ရွယ၍ ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့များ ရှာဖွေ ပူးပေါင်းဆောင်ရွက်သော Joint Venture နှင့် ကဏ္ဍအသီးသီးမှ ပညာရှင်များ ငှားရမ်း ဆောင်ရွက်ခြင်း၊ အကြံပေးများခေါ်ယူ ခန့်ထားခြင်း၊ Work Shop Seminor နှင့် Forum ပြုလုပ်ခြင်း တို့ကို ကဏ္ဍအလိုက် ဆောင်ရွက်ခဲ့သည့်အပြင် ပင်လယ်ပြင်သယံဇာတကို စဉ်ဆက်မပြတ်ထုတ်ယူ သုံးစွဲနိုင်ရေးအတွက် (Sustainability)နှင့် အမြင့်ဆုံးထုတ်လုပ်နိုင်မှုပမာဏ (MSY) ထက်မကျော် လွန်စေရေးတို့ကို မူဝါဒအနေနှင့် အစဉ်တစိုက် အလေးထားထိန်းသိမ်း ကြပ်မတ်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊
ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များကို သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေစည်းကမ်းချက်များနှင့် အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စစ်ဆေးရေးမှူးတာဝန်ကို တပ်မတော်(ကြည်း)နှင့် တပ်မတော်(ရေ)၊ ကာကွယ်ရေးဝန်ကြီးဌာနကို တာဝန်ပေးအပ်ထားပြီးသည့်အပြင် ပင်လယ်ပြင်တွင် တရားမဝင် ငါးဖမ်းဆီးမှုများနှင့် ပင်လယ်ဖြတ်ကျော် ရာဇဝတ်မှုကို စစ်ဆေးရန်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့များနှင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ သုံးခွဲကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးလုပ်ငန်းအနေဖြင့် ငါးဖမ်းရေယာဉ်စစ်ဆေးရေးစခန်းတွင်သာ တရားဝင်မှတ်ပုံတင်ထားသော ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များ ဝင်ရောက်/ထွက်ခွာခြင်းနှင့် မထွက်ခွာမီ ငါးဖမ်းကိရိယာများ စစ်ဆေးခြင်း၊ ငါးဖမ်းကိရိယာအကူပစ္စည်းများကို စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ်းနီးဒေသသို့ ဝင်ရောက်ငါးဖမ်းဆီးသော ငါးဖမ်း ရေယာဉ်အရေအတွက်မှာ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၁၄ စီး၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၂၆ စီးကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၄-၁၅ ခုနှစ်တွင် တရားမဝင်လိုင်စင်မဲ့ ငါးဖမ်းရေယာဉ် ၂၆ စီးကို အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ခုနှစ် ပြည်တွင်းပြည်တွင်း ငါးဖမ်းရေယာဉ် ၅ စီး၊ ယိုးဒယား ငါးဖမ်းရေယာဉ်တစ်စီး၊ ၂၀၁၄-၁၅ ခုနှစ်တွင် ပြည်တွင်းငါးဖမ်း ရေယာဉ် ၁၇ စီးနှင့် ယိုးဒယားငါးဖမ်းရေယာဉ် ငါးစီး၊ ၂၀၁၅-၁၆ ခုနှစ်တွင် ပြည်တွင်းငါးဖမ်း ရေယာဉ် ၁၉ စီးနှင့် ယိုးဒယားငါးဖမ်းရေယာဉ် နှစ်စီးတို့ကို အရေးယူဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံပင်လယ်ငါးလုပ်ငန်းဥပဒေကို အသစ် ရေးဆွဲ ပြဋ္ဌာန်းရန် ဆောင်ရွက်လျက်ရှိရာတွင် ငါးလုပ်ငန်းဦးစီးဌာနကနေ တင်ပြသော အကြံပြုချက် မူကြမ်းကို ဝန်ကြီးဌာနကနေတစ်ဆင့် သက်ဆိုင်ရာ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီအနေဖြင့် ဧကဒသမ မူကြမ်းအထိ ရောက်ရှိပြီးဖြစ်ပါကြောင်း၊ မြန်မာပင်လယ်ငါးလုပ်ငန်းနှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရခြင်း ဖြစ်သည့် အတွက် အချိန်ကာလအဖြင့် ကြာမြင့်နေခြင်းဖြစ်ပါကြောင်း၊ ယခု မြန်မာ့ပင်လယ် ငါးဖမ်း လုပ်ငန်းရေပြင်တွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော နိုင်ငံသားပိုင် ငါးဖမ်း ရေယာဉ်များ သတ်မှတ်စည်းကမ်းဖောက်ဖျက်ခြင်းနှင့် တရားမဝင် ငါးဖမ်းဆီး မှုများအပေါ် တည်ဆဲမြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။
ကမ်းဝေးဝိုင်းချုပ်ပိုက်ငါးဖမ်းရေယာဉ်များတွင် နိုင်ငံခြားသားကျွမ်းကျင်ပညာရှင် ရေလုပ်သား ငှားရမ်းတင်ဆောင်ခွင့်ပြုထားရခြင်းမှာ ခေတ်မီငါးရှာကိရိယာများကို ကိုင်တွယ်ကြည့်ရှု အသုံးပြုပုံ၊ ပြုပြင်ပုံနည်းစနစ်များကို နိုင်ငံသားရေလုပ်သားများ နည်းပညာရရှိစေရေးအတွက် လည်းကောင်း၊ ငါးကုန်တက်ပိုမိုတိုးတက် ဖမ်းဆီးရမိစေရေးအတွက်လည်းကောင်း၊ ပင်လယ်ရေစီးကြောင်းအား လေ့လာပြီးတော့မှ ငါးဖမ်းဆီးခြင်း နည်းပညာရရှိစေရေးအတွက်လည်းကောင်း၊ ယာယီစမ်းသပ်အနေ ဖြင့် ငှားရမ်းတင်ဆောင် လုပ်ကိုင်ခွင့်ပြုထားပါကြောင်း၊ သယံဇာတထိခိုက်မှုရှုထောင့်၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာရှုထောင့်၊ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာရှုထောင့်၊ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ရှုထောင့်တို့မှ အလွှာစုံပါဝင်ပြီး ပြန်လည်သုံးသပ်သွားမှာဖြစ်ပါကြောင်းနှင့်ယခုနှစ် ငါးဖမ်းရာသီ ကုန်ဆုံးပါက ထိုင်းက ငါးဖမ်းသင်္ဘောမာလိမ်မှု ကိုလည်း ရပ်ဆိုင်းသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
