ပုဂံညောင်ဦးဒေသရှိ ပုပ္ပါးတောင်မကြီးမှ ဆင်းလာသည့် ချောင်းများ မြောက်များစွာရှိပါကြောင်း၊ ၎င်း ချောင်းများနှင့် Warter Ship ဧရိယာများ
များပြားသည့်အတွက် ရေအားကောင်းသည်ကို တွေ့ရှိရပါကြောင်၊ ထိုအခါ သူတို့လုပ်ထားသည့် ရှေးဟောင်းကန်ကြီးများ ကျိုးပေါက်သွားသည်ကို ရွာသားများ တတ်သရွေ့မှတ်သရွေ့ ပြုပြင်ထားကြပါကြောင်း၊ ဝါးလုံးထိုးလာသည့် ရေကြောင့် ပေါက်သွားပြီး အိမ်များ၊ ပစ္စည်းများဆုံးရှုံးမှု မကြာခဏတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန နည်းပညာကောင်းနှင့် ရေရှည်ခိုင်ခံ့အောင် ပြုပြင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အင်တိုင်းကျေးရွာရှိ အင်တိုင်းကန်တွင် ရေဝင်ရောက်မှုမရှိသဖြင့် ကန်အတွင်းသဲနုန်းတူးဖော်ပေးပါရန် ဒေသခံပြည်သူများ၏ တင်ပြချက်အရ အင်တိုင်းကန်အတွင်းသို့ ရေဝင်ရောက်စေရန် ၂၀၁၁-၁၂ ခုနှစ်တွင် ဆည်မြောင်းဦးစီးဌာနမှ ရေလွှဲကဒစ်တန်းနှင့် ရေလွှဲတာပေါင် တည်ဆောက်ပေးခြင်း၊ ရေခေါ်မြောင်း တူးဖော်ပေးခြင်း၊ ကန်တွင်းသဲနုန်းတူးဖော်ခြင်းနှင့် ကန်ပေါင်အားဖြည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သို့ရာတွင် ၂၀၁၂-၁၃ ခုနှစ်တွင် အင်တိုင်းကန်အတွင်းသို့ ကန်ရေပြည့်ဝင်ရောက်မှုကြောင့် ကျေးရွာသူ/သားများမှ ကန်ပေါင်ကျိုးပေါက်မည်ကို စိုးရိမ်၍ရေလွှဲတာပေါင်အား ဖောက်ချခဲ့ခြင်းကြောင့် ရေလွှဲတာပေါင် ကျိုးပေါက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းပြင်ဆင် ဆောင်ရွက်ရန်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၊ ရန်ပုံငွေရရှိရေး စီမံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
