တမူးခရိုင်အတွင်း ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ်ရေနစ်မြှုပ်သည့် စာရင်း အလှော်၊ ပွတ်သာ၊ ခမိတ်၊
မင်းသမီး စာသင်ကျောင်းများတွင် စာရေးခုံများ ပျက်စီးသွားပါကြောင်း၊ အဆိုပါကျောင်းများတွင် လိုအပ်နေသည့်စာရေးခုံများကို နိုင်ငံတော်က မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ တမူးမြို့ရှိ ၁၂/ခ ရပ်ကွက်မှ ကျောင်းသား ကျောင်းသူများသည် အ.မ.က(၁၀)တွင် တက်ရောက်လျက်ရှိပါကြောင်း၊ ယခုရေကြီးမှုကြောင့် တံတားပျက်စီးသွားသဖြင့် ကျောင်းတတ်ရန် အခက်အခဲများစွာရှိပြီး ယခုအခါ တွဲဖက် (အ.မ.က) ဖွင့်လှစ်၍ ပညာရေးဌာနမှ အလှည့်ကျသင်ကြား ပေးနေသဖြင့် အဆင်ပြေနေမှုကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါတွဲဖက်(အ.မ.က) အား အ.မ.က(ခွဲ) အဆင့်တိုးမြှင့်ပေးနိုင်ရန် မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်းရှိ အလှော်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းအတွက် စာသင်ခုံ ၂၅ လုံး နှင့် ထိုင်ခုံ အလုံး ၅၀ ၊ ပွတ်သာကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း (ခွဲ) အတွက် စာရေးခုံ ၂၅ လုံး နှင့် ထိုင်ခုံ အလုံး ၅၀ ၊ မင်းသမီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) အတွက် စာရေးခုံ ၂၅ လုံး နှင့် ထိုင်ခုံ အလုံး ၅၀ တို့ကို ခွဲဝေပေးပြီး ဖြစ်ပါကြောင်း၊ ခမိတ်ကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)သည် ပျက်စီးဆုံးရှုံးမှုတင်ပြမှု စာရင်းတွင် ပါဝင်ခဲ့မှုမရှိကြောင်းကို စိစစ်တွေ့ရှိရကြောင်း ၊ တမူးမြို့မ ၁၂/ခ ရပ်ကွက်ရှိ ဖွင့်လှစ်ထားသည့် ကျောင်းသည် တွဲဖက်အခြေခံ မူလတန်းကျောင်း မဟုတ်ဘဲနှင့် ရေဘေးသင့်ကျောင်းသားများ အတွက် ယာယီဖွင့်လှစ်ထားသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းသာ ဖြစ်ပါကြောင်း၊ မြို့နယ်ပညာရေးမှူး၏ အစီအစဉ်နှင့် အဆိုပါကျောင်းတွင် မြို့နယ်အတွင်းရှိ ဆရာဆရာမများကို တာဝန်ပေး၍ သင်ကြားသင်ယူမှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဖြစ်စေရေး အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း နှင့် အခြေခံပညာမူလတန်းကျောင်း (ခွဲ) အဖြစ် ဖွင့်လှစ်ခွင့်ရရှိနိုင်ရေးအတွက် သတ်မှတ်မူဘောင်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးခင်မောင်ရွှေ (တမူး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့ ခမိတ်ကျေးရွာသည် တစ်ရွာလုံးပျက်စီးခဲ့ပါကြောင်း၊ သို့သော် စာရင်းကောက်ယူမှု အားနည်းသည့်အတွက်ကြောင့် ခမိတ်ကျေးရွာမှာ ပျက်စီးသွားသည့် စာရေးခုံများကိုလည်း ပညာရေးဝန်ကြီးဌာနမှ ထည့်သွင်းစဉ်းစားပေးစေ လိုပါကြောင်း၊ အ.မ.က(ခွဲ) ဆိုသည်မှာ မြို့နယ်အဆင့် အမှုတွဲများ တောင်းသည့်အတွက် အဆင့်ဆင့်တင်ပြ ဆောင်ရွက်ထားပြီးဖြစ်ပါသဖြင့် လာမည့် ပညာသင်နှစ်တွင်လည်း အ.မ.က(ခွဲ)အဆင့် တိုးမြှင့်ပေးသည့်အခါတွင် ထည့်သွင်းစဉ်းစား နိုင်ရန်အတွက် တင်ပြရခြင်း ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ယခု ခမိတ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင်မက ကျန်ရှိကျောင်းများအတွက်ပါ စာရေးခုံများ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ဦးစားပေးအစီအစဉ်များနှင့် အချိန်အမီ ထည့် သွင်း ဆောင်ရွက်ပေး မည် ဖြစ်ကြောင်းနှင့် ကျွန်တော်တို့ အ.မ.က(ခွဲ)ကျောင်းကိုလည်း တင်ပြပြီးပြီဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်း များနှင့်အညီ ဦးစားပေးအစီအစဉ်အရ ထည့်သွင်းစိစစ် ဆောင်ရွက်သွား မည် ဖြစ် ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
