(ခ)-မြန်မာနိုင်ငံအတွင်း ခရိုင်အဆင့် ဆေးရုံကြီးများတွင် စိတ်ကျန်းမာရေး ဆရာဝန်ကြီးများ တိုးချဲ့ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့ (၁.၂.၂၀၁၈)

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် The Voice သတင်းဂျာနယ်၏တွေ့ဆုံမေးမြန်းခန်းတွင် ရန်ကုန်ဆေးတက္ကသိုလ်(၁) စိတ်ကျန်းမာရေးပညာဌာန ပါမောက္ခဒေါက်တာတင်ဦး၏ ဖြေကြား ချက်တွင် မြန်မာနိုင်ငံအစိုးရဆေးရုံကြီးများတွင် နိုင်ငံံ့ဝန်ထမ်းစိတ်ကျန်းမာရေးဆရာဝန်ဦးရေသည် ၇၀ ဦးခန့်သာရှိကြောင်း၊ မိမိတို့၏အိမ်နီးချင်းထိုင်းနိုင်ငံတွင် လူဦးရေသန်း ၈၀ ကျော်ရှိပြီး စိတ် ကျန်းမာရေးဆရာဝန် ၁၀၀၀ ကျော်ရှိကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံနှင့်နှိုင်းယှဉ်လိုက်ပါက အလွန်ပင် နည်းပါးနေသည်ကို ဖတ်ရှုလိုက်ရပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် စိတ်ရောဂါခံစားနေရသူ အယောက် ၁၀၀ တွင် ၁၀ ဦးသာထိရောက်သည့် ကုသမှုကိုရရှိကြောင်း၊ ကျန်အယောက် ၉၀ ခန့်သည် လုံလောက်သောကုသမှုမရှိဘဲ ရောဂါများပိုမိုပြင်းထန်လာကြကြောင်း ဖတ်ရှုလိုက်ရပါ ကြောင်း၊

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက် နေ့ထုတ် 7 Days News သတင်းဂျာနယ်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားရေးသားထားပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ၁၀၀၀ တွင် ခြောက်ဦးသည် စိတ်ကျရောဂါခံစားနေရကြောင်း၊ ရွာသာကြီးစိတ်ကျန်းမာရေး ဆေးရုံကြီးတွင် ၂၀၀၂ ခုနှစ်က စိတ်ရောဂါလူနာဦးရေသည် ၄၀၀ ခန့်သာရှိသော်လည်း ၁၄ နှစ်အကြာ ၂၀၁၆ ခုနှစ်တွင် စိတ်ရောဂါဝေဒနာရှင်ပေါင်း ၁၆၀၀ ကျော်ထိ တိုးလာသည်ဟု ဖတ်ရှုလိုက်ရ ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံးရောဂါများထဲတွင် စိတ်ကျရောဂါ(Depression)ရောဂါသည် အဆင့် နံပါတ်(၄)နေရာတွင် ရောက်ရှိနေကြောင်း၊ ကမ္ဘာပေါ်တွင် စက္ကန့် ၄၀ တွင် တစ်ဦးနှုန်း ကိုယ့်ကိုယ်ကို အဆုံးစီရင်နေကြောင်းကိုလည်း ဖတ်ရှုလိုက်ရပါကြောင်း၊ ထို့အပြင် ဇန်နဝါရီလ ၃၁ နေ့က ထုတ်ဝေသည့်   The Voice Daily သတင်းစာတွင်ဖော်ပြပါရှိသည့် သတင်းတစ်ပုဒ်တွင် ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းတွင် မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားသူ ၁၇၆ ဦး ရှိနေကြောင်း၊ ပျမ်းမျှအားဖြင့် တစ်လလျှင် ၁၈ ဦးခန့်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ကြေညာချက်စာရင်းကို ကိုးကားရေးသားထားသည်ကို မှတ်သားဖွယ် တွေ့ရှိလိုက်ရပါကြောင်း၊

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စိတ်ကျရောဂါကို မျက်ခြေပြတ်မခံပါကြောင်း၊ ၂၀၁၇ ခုနှစ်က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ဆောင်ပုဒ်က Depression Let’s stop စိတ်ကျရောဂါတိုင်ပင်ဆွေးနွေးပါ ဆိုပြီး နှိုးဆော်ထားပါကြောင်း၊ စိတ်ရောဂါရှိသူ၊ စိတ်ကျရောဂါရှိသူများသည် မိမိကိုယ်ကိုမိမိ သေကြောင်း ကြံစည်တတ်သကဲ့သို့၊ လူသတ်မှုများ၊ ရာဇဝတ်မှုများစသည့် အမှုများကိုလည်း ကျူးလွန်တတ်ကြ ပါကြောင်း၊ စိတ်ကျရောဂါကို တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် ကုသနိုင်ပါကြောင်း၊  တိုင်ပင် ဆွေးနွေးရာတွင် စိတ်ကျန်းမာရေးဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခြင်းကသာလျှင် ထိရောက် သော ကုသမှုဖြစ်နိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့၏ပြည်သူများသည် စိတ်ကျန်းမာရေး ပညာဗဟုသုတကွာဝေး၊နည်းပါးလွန်းလှသကဲ့သို့ စိတ်ကျန်းမာရေးဆရာကြီးများ ရှားပါးခြင်းကြောင့် စိတ်ကျန်းမာရေးဆရာဝန်ကြီးများနှင့် အလှမ်းကွာဝေးလွန်းလှပါကြောင်း၊ စိတ်ဝေဒနာကိုကုသရ သည်က ရုပ်ဝေဒနာကိုကုသရသကဲ့သို့ ခက်ခဲပါကြောင်း၊ စိတ်ကျရောဂါသည် အလွှာစုံ၊ အသက် အရွယ်မျိုးစုံတွင် ဖြစ်နေပါကြောင်း၊ ပဲခူးတိုင်းအတွင်း မြို့ငယ်လေးတစ်မြို့တွင် ငါးတန်းကျောင်းသား လေးတစ်ယောက် ကိုယ့်ကိုယ်ကိုဆွဲကြိုးချသေသွားသည်ကအစ ကိုရီးယားမင်းသား K Pop အဆိုတော်ဂျောင်ဟွန်း မိမိကိုယ်ကိုမိမိအဆုံးစီရင်သွားခြင်းသည် နမူနာပဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင် စိတ်ရောဂါခံစားနေသောဝေဒနာရှင်များကို ကူညီဖေးမပေးမည့်  လူမှုအဖွဲ့အစည်းက အလွန် နည်းပါးလှပါကြောင်း၊ ပညာရေး၊ နာရေး၊ ကျန်းမာရေးကူညီသည့် လူမှုအဖွဲ့အစည်းက များပြားလွန်း လှပါကြောင်း၊ ထို့အပြင် အခြားသော အထူးကုရောဂါဆရာဝန်ကြီးများ ပေါများသော်လည်း စိတ် ကျန်းမာရေးအထူးကုဆရာဝန်က  အလွန်နည်းပါးလွန်းလှပါကြောင်း၊ ထို့ကြောင့် ခရိုင်အဆင့် ဆေးရုံ ကြီးများတွင် စိတ်ကျန်းမာရေးဆရာဝန်ကြီးများ တိုးချဲ့ခန့်ထားရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


   

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စိတ်ရောဂါဆရာဝန်များကို ခန့်ထားရာတွင် ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံများကခန့်ထားပါမည်၊ Human Resource For Health (လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) အောက်ရှိ သင်ကြားရေးဆေးရုံ များက ခန့်ထားပါကြောင်း၊ စိတ်ရောဂါသည် မိမိတို့နိုင်ငံတွင် အလွန်များပြားလာပါကြောင်း၊ ရှာဖွေ၍ တွေ့ခြင်းလည်း ဖြစ်နိုင်ပါကြောင်း၊ နဂိုကတည်းက များပြားသည်လည်း ဖြစ်နိုင်ပါကြောင်း၊ ဥပမာ အားဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြို့အနီးတဝိုက်ရှိ  မြို့နယ်တစ်ခုတွင် လေ့လာ သည့်အခါ စိတ်ဓာတ်ကျ‌ရောဂါသည် လူ ၁၀၀၀ တွင် ၉ ယောက်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အတက်ရောဂါ ၁၀၀၀ တွင် ၈ ယောက်ဖြစ်ပြီး စိတ်ဖောက်ပြန်သည်မှာ ၁၀၀၀ တွင် ၉ ယောက် ရှိပါကြောင်း၊

အားလုံးက ကုသမှုကိုမရရှိနိုင်ပါကြောင်း၊ စိတ်ရောဂါဆရာဝန်များက အနည်းငယ်နည်းပါးသည့် အတွက် ဖြစ်ပါကြောင်း၊ အလားတူ ၂၀၀၄ ခုနှစ်တွင်လည်း ရန်ကုန်နှင့်အနီးတဝိုက်ရှိ မြို့နယ်နှစ်ခုတွင် စိတ်ရောဂါမျိုးစုံက လူ ၁၀၀၀ တွင် ၈၆ ယောက်ရှိပါကြောင်း၊ ရူးသွပ်သည်က ၁၀၀၀ တွင် ၆ ယောက် ရှိပါကြောင်း၊ စိုးရိမ်စိတ်(Unexciting)က ၁၀၀၀ တွင် ၄၁ ဦးရှိပါကြောင်း၊ စိတ်ဓာတ်ကျသည့် Depression က ၁၀၀၀ တွင် ၆ ယောက်ရှိပါကြောင်း၊ အတက် က ၁၀၀၀ တွင် ၄ ယောက်နှင့် မှတ်ဉာဏ်မေ့ က ၁၀၀၀ တွင် ၂ ယောက်တွေ့ရှိရပါကြောင်း၊ အဆိုပါလူများသည် လိုအပ်သော ကုသမှုကို မရရှိနိုင်ပါကြောင်း၊  ယခုကဲ့သို့မြို့နယ်နှစ်ခုကို နာမည်မဖော်ပြသည်မှာ သုတေသန ကျင့်ဝတ်အရ မြို့နယ်နာမည်များကိုဖော်ပြလိုက်ပါက အဆိုပါမြို့နယ်တွင်ရူးသည့်သူများ များပြားသည် ဟု ဖြစ်မည်စိုးရိမ်သည့်အတွက် မိမိမပြောပါကြောင်း၊ သို့သော် မိမိတစ်ခုတင်ပြလိုသည်မှာ စိတ်‌ရောဂါ ကို မြန်မာပြည်က အ‌ရေးမထားပါကြောင်း၊ အမေရိကက အလွန်အရေးထားပါကြောင်း၊ ထိုင်းနိုင်ငံတွင် Director General ဦးစီးသည့် Department of Mental Health ရှိပါကြောင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် Department of Mental Health ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် စိတ်ရောဂါ ဆရာဝန်များကို တာဝန်ချထားသည့်ဆေးရုံပေါင်း ၅၁ ရုံရှိပါကြောင်း၊ စိတ်ရောဂါအထူးကု ဆေးရုံကြီးနှစ်ရုံ၊ ဗဟိုအဆင့်သင်ကြားရေးဆေးရုံကြီး ကိုးရုံ၊ ခုတင်(၅၀၀)ဆံ့ဆေးရုံကြီး ကိုးရုံ၊ ခုတင်(၂၀၀)ဆံ့ဆေးရုံကြီး ၂၉ ရုံနှင့် မူးယစ်စွဲအထူးကုဆေးရုံ ၂ ရုံ၊ စုစုပေါင်း ၅၁ ရုံတွင် ၅၉ ယောက် တာဝန်ချထားပြီး လုပ်ကိုင်နေပါကြောင်း၊ ကုသရေးဦးစီးဌာနအောက်ရှိ စိတ်ရောဂါအထူးကုအင်အား နှင့်ဆိုပါက ပါမောက္ခအထူးကုဆရာဝန်ကြီး၊ အထူးကုဆရာဝန်၊ လက်ထောက်အထူးကုဆရာဝန်ပေါင်း အားလုံး ၁၃၃ ဦး ခွင့်ပြုထားသော်လည်း ၅၉ ဦးသာ ခန့်ထားနိုင်သည့်အတွက် ခန့်ထားနိုင်နှုန်းက ၇၀ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ သို့သော် ပိုဆိုးသည်မှာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ  ဆေးတက္ကသိုလ်များတွင် စိတ်ပညာဘာသာရပ်ကို ဆေးတက္ကသိုလ်ငါးခုတွင် ဖွင့်လှစ် ထားရာတွင် ပါမောက္ခဌာနမှူး၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိကအားလုံး ၁၁၇ ဦးအနက် ၂၃ ဦးသာ ခန့်ထားနိုင်သည့်အတွက် လစ်လပ် ၉၅ ဦးဖြစ်သည့်အတွက် ၂၀ ရာခိုင်နှုန်းသာ ခန့်ထားနိုင်ပါကြောင်း၊

ခရိုင်ဆေးရုံတွင် ခုတင် ၁၀၀၊ ၅၀၊ ၂၅ တွင် ဖွဲ့စည်းပုံမပါရှိသေးပါကြောင်း၊ ဖွဲ့စည်းပုံပါသော်ငြားလည်း မိမိတို့တွင် စိတ်ရောဂါကုဆရာဝန်မရှိသည့်အတွက် ထားခြင်းမဖြစ်ပါကြောင်း၊ ဖော်ပြပါ ၅၉ ရုံတွင် ထားရှိပါကြောင်း၊ နောင်နှစ်များတွင် တဖြည်းဖြည်းဖွဲ့စည်းပုံတိုးချဲ့မည် ဖြစ်ပါကြောင်း၊ တစ်ချိန်တည်း တွင် ပိုမို၍မွေးထုတ်မည် ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အောင်မြင်သွားသော စိတ်အထူးကုဆရာဝန် ၂၄ ဦးရှိပါကြောင်း၊  အောင်မြင်သွားပြီးပါက ဆေးရုံကြီးတွင် တစ်နှစ် Test လုပ်ဆောင်ပါကြောင်း၊ ၎င်းတို့ကို ယခုအပတ် သို့မဟုတ် နောက်အပတ်ဦးပိုင်းတွင် တာဝန်ချထားရန် လုပ်ဆောင်နေပါကြောင်း၊ အဆိုပါ ၂၄ ဦးကို တာဝန်ထည့်ပေးလိုက်ပါက ထွက်ရှိလာသည့် ဆရာဝန်များကို တစ်နှစ်ပြီးပါက M.Sc ရရှိပြီး တစ်နှစ် Training ပြီးသူများ အကုန်ပြန်ထုတ်ပြီး ခရိုင်အထက် ခုတင်(၂၀၀)၊ (၁၀၀) တို့တွင် အကုန်ထားရှိမည် ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် အထူးကုဆရာဝန်(စိတ်) ၃၀ ဦး၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အထူးကုဆရာဝန် ၃၀ ဦးနှင့် နောက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် အထူးကုဆရာဝန် ၂၉ ဦး ထွက်ရှိမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လူအင်အားနည်းပါးနေသည့် အထူးကုဘာသာရပ်များဖြစ်သော စိတ်ရောဂါအပါအဝင် အထူးကုဘာသာရပ်များကို နောက်နှစ်များတွင် Post Graduate  ဘွဲ့လွန် သင်တန်းများ ပိုခေါ်ရန် ရှိပါကြောင်း၊ သို့သော်လည်း သင်ကြားနိုင်သော ဆရာဦးရေနှင့် သင်ကြားမည့်နေရာတို့ကို မိမိတို့က ကြည့်ရပါကြောင်း၊ သို့သော် လာမည့် ၃ နှစ်မှ ၇ နှစ် အတွင်း အခြေအနေကောင်းမည် ဖြစ်ပါကြောင်း၊ စိတ်ရောဂါအပြင် အခြားအထူးကုများလည်း အများအပြားထွက်ရှိလာပြီ ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် လည်း များစွာခေါ်ယူပါကြောင်း၊ မနှစ်က မိမိတို့တာဝန်ယူသည့်နှစ်တွင်လည်း မကြာမီ အများအပြား ထွက်ရှိလာမည် ဖြစ်ပါကြောင်း၊ မကြာမီ ၃ နှစ်မှ ၇ နှစ်အတွင်း စောင်‌့ဆိုင်းလိုအပ်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။