သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ရန်ကင်းလမ်းနှင့် ပေါ်တော်မူကျေးရွာသို့ ဆက်သွယ်နေသော ရေပုတ်ချောင်းတံတားသည် ရှေးယခင်ကတည်းက ရပ်ကွက်နှင့် ကျေးရွာ ဆက်သွယ်ထားသော သစ်သားတံတားကြီးဖြစ်ပါကြောင်း၊ ကာလကြာမြင့်လာပြီဖြစ်သောကြောင့် တံတားကြီးသည် ယိုယွင်းပျက်စီးလာသည့်အတွက် အလှူရှင်တစ်ဦးမှ ဦးဆောင်၍ ပြန်လည်ပြုပြင်ပေးခဲ့သဖြင့် ဆက်သွယ်မှု လွယ်ကူခဲ့ရပါကြောင်း၊ သို့ရာတွင် ယခုအခါ၌ မိုးရာသီ ရေစီးအားကောင်းသောကြောင့် တံတားတိုင်များ ပြိုကျပျက်စီးသွားခဲ့ပါကြောင်း၊ ၎င်းတံတားကြီးအား ပြန်လည်တည်ဆောက်ပေးခဲ့ပါက ရပ်ကွက်နှင့်ကျေးရွာ ဆက်သွယ်သွားလာမှု ကောင်းမွန်မည့်အပြင် မြို့ပတ်လမ်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပြီး ယာဉ်တိုက်မှုအန္တရာယ် များလည်း လျော့ကျသွားနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သထုံမြို့၊ လိပ်အင်းရပ်ကွက်နှင့် ပေါ်တော်မူကျေးရွာသို့ ဆက်သွယ်သော ရေပုတ်ချောင်းပေါ်ရှိ တံတားကြီးအား ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
သထုံမြို့နယ်၊ ရေပုတ်ချောင်းသစ်သားတံတားသည် အလျားပေ ၈၀၊ အနံ ၁၄ ပေ ရှိပြီး ရန်ကင်း-ပေါ်တော်မူဘုရား ကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ရှိပါကြောင်း၊ တံတားပျက်တစ်စင်းလည်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းမှာ ၄ ဖာလုံသာ ရှိသည့်အတွက် လူသွားလမ်းအဆင့်သာ ရှိပါကြောင်း၊ လမ်းနှင့်တံတားဆောင်ရွက်မည်ဆိုပါက သံကူကွန်ကရစ်တံတားအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၅၆ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး ဂဝံလမ်းအတွက် ငွေကျပ် ၁၂.၇၅ သန်းခန့် ကုန်ကျမည်ဖြစ်သည့်အတွက် စုစုပေါင်း ငွေကျပ် ၆၈.၇၅ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်း ယခုနှစ်တွင် လမ်းတံတားအတွက် ငွေကျပ် ၃.၇၅ ဘီလီယံ လျာထားပြီးဖြစ်ပါကြောင်း၊ ယခုနှစ်တွင် သထုံမြို့နယ်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၄၉.၅၀ သန်း ဖြစ်ပါကြောင်း၊ သထုံမြို့နယ်အတွင်းရှိ ရန်ကင်း-ပေါ်တော်မူဘုရားလမ်းပေါ်ရှိ တံတားတည်ဆောက်ခြင်းအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုထားခြင်း မရှိသေးသော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် လျာထားပြီး တင်ပြတောင်းခံပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
