ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာသည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် လမ်းများဖောက်၊ တံတားများ ဆောက်လုပ်ပေးခဲ့သည့်အတွက် ဝန်းသိုမြို့၊ အင်းတော်မြို့၊ ဗန်းမောက်မြို့ (၃) မြို့တို့ ဆက်သွယ်သွားလာမှု၏ အချက်အခြာဒေသတစ်ခု ဖြစ်လာခဲ့ပြီးနောက် ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာနှင့် ရွှေဘို-မြစ်ကြီးနား လမ်းမကြီး၏ မိုင်တိုင် အမှတ်(၁၀၃)ခုကို ဆက်သွယ်ထားသောလမ်းသည် ရာသီမရွေးသွားလာနိုင်သော လမ်းဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာနှင့် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးတို့ ဆက်သွယ်ထားသောလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာနှင့် ရွှေဘို-မြစ်ကြီးနားလမ်းမကြီး မိုင်တိုင်အမှတ် (၁၀၃)သို့ ဆက်သွယ်သောလမ်းသည် အရှည် ၁၀ မိုင်ခန့်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် မြေသား ၁၂ ပေခန့်ရှိပြီး ရာသီမရွေးသွားလာနိုင်ရန် ၂ ပေထု မြေသားတာဘောင်တင်ခြင်းနှင့် ကျောက်ချောခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်မည်ဆိုပါက ကျပ်သန်းပေါင်း ၇၂၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ကျေးရွာပေါင်း ၂၂ ရွာ၊ အိမ်ခြေပေါင်း ၂၀၃၉၊ ကျေးရွာလူဦးရေ ၁၀၄၀၀ ကျော် ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးကို ယခုနှစ် ခွင့်ပြုရန်ပုံငွေမှာ လမ်းတံတားနှင့်ပတ်သက်၍ ၁၁.၇၈၄ သန်းဖြစ်ပြီး ဝန်းသိုမြို့နယ်အတွက် ယခုနှစ်တွင် လမ်းတံတားအတွက် ခွင့်ပြုထားခြင်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာနှင့် ရွှေဘို-မြစ်ကြီးနားလမ်းရှိ မိုင်တိုင်အမှတ်(၁၀၃) ကိုဆက်သွယ်မည့်လမ်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ခွင့်ပြုနိုင်ခြင်းမရှိသေးသော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
