(ဂ)-လွှတ်တော်ကခွင့်ပြုပေးခဲ့သည့်ဘတ်ဂျက်ငွေများ အားအပြည့်အဝသုံးစွဲခြင်းမရှိသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍သက်ဆိုင်ရာအဖွဲ့အစည်းများအားထိန်း သိမ်းမည့်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၆.၁၀.၂၀၁၄)

ဦးအောင်သိန်း (ရွာငံ) ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရှိ မြို့ကြီး (အ.ထ.က) နှင့် မြိုင် (အ.ထ.က) ကျောင်း များတွင်၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း အခြေခံပညာအထက်တန်းကျောင်း တိုးချဲ့ ကျောင်းဆောင်များ ဆောက်လုပ်ရန်အတွက် အခြေခံပညာဦးစီးဌာနမှ တိုက်ရိုက်ချပေးလိုက်သည်ဟုဆိုပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အခြေစိုက် ကုမ္ပဏီတစ်ခုမှ တာဝန်ယူ လာရောက်ဆောက်လုပ်ပေးခဲ့ရာ သစ်အမျိုးအစား မှန်ကန်မှုမရှိခြင်း၊ အောက်ခြေအုတ်မြစ် (ဖောင်ဒေးရှင်း)များကို ပြီးစလွယ်ပြုလုပ်ထားခြင်း၊ အဆောက် အဦမှာလည်း စနစ်တကျမရှိခြင်း၊ အမိုးမိုးရာတွင်လည်း နည်းလမ်းမကျ၍ မိုးယိုခြင်းများဖြစ်နေကြောင်း မဲဆန္ဒရှင်များ၏ တင်ပြပြောဆို ချက်အရ သွားရောက်ကြည့်ရှုခဲ့ရာ မျက်မြင်ကိုယ်တွေ့ဖြစ်ပါကြောင်း၊  တာဝန်ရှိသည့်မြို့နယ်ပညာရေးမှူး အပါအဝင် မြို့နယ်အဆင့်တာဝန်ရှိသူများကို ပြောဆိုသည့်အခါမှသာ ကုမ္ပဏီမှ လာရောက်ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အတူ ကျေးလက်ဒေဖွံ့ဖြိုးရေးဦးစီးဌာနနှင့် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး ဦးစီးဌာနများမှ တာဝန်ယူဆောင်ရွက်နေသည့် လမ်းများ၊ တံတားများ၊ စိမ့်စမ်းရေအတွက်လုပ်ငန်းများ အပါအဝင် လုပ်ငန်းတိုင်းနီးပါးတွင် ချို့ယွင်းမှုများ၊ အားနည်းမှုများ၊ စနစ်မကျမှုများ ရှိနေသည့်အတွက် ပြည်သူပြည်သားများအဖို့ ပေးကားပေး၏ ကောင်းကောင်းမရဖြစ် နေပါကြောင်း၊ သို့ဖြစ်၍ နောက်နောင်တွင် လွှတ်တော်မှ ခွင့်ပြုလိုက်သော ဘတ်ဂျက်ငွေများအား စည်းကမ်းရှိရှိ စနစ်တကျ သုံးစွဲအကောင် အထည်ဖော်ဆောင်ရွက်နိုင်ကြစေရေတွက် မည်သို့မည်ပုံကြီးကြပ် ဆောင်ရွက်စေ မည်၊ ဆောင်ရွက် သွားမည်ဆိုသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယစာရင်းစစ်ချုပ်၊ ဦးမျိုးမြင့်
အဖြေ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယစာရင်းစစ်ချုပ်၊ ဦးမျိုးမြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်နယ်/တိုင်းဒေသကြီး စာရင်းစစ်ချုပ်များကတော့ စာရင်းစစ် ချုပ်ဥပဒေတွင် ပါရှိသည့်အတိုင်း မိမိတို့စစ်ဆေးပါကြောင်း၊ ထို့သို စစ်ဆေးပြီး ဈေးနှုန်းကွာခြားချက်၊ စံနှုန်းကွာခြား ချက်၊ ကွဲလွဲချက်၊ မျက်မြင်တွေ့ရှိချက်တွေအရ ပြန်လည်ပေးသွင်းနေရသည်များကိုလည်း သမ္မတကြီး နှင့် ပြည်ထောင်စုလွှတ်တော်ကို တင်ပြသောအစီရင်ခံစာတွေမှာ ပါရှိပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်းတွင်သာ ပြီးပြတ်သွားအောင်၊ အချိန်မီသုံးစွဲနိုင်အောင် ဒုတိယ သမ္မတ(၁) ဦးစီးသော ပြည်သူ့ဘဏ္ဍာငွေများ စနစ်တကျသုံးစွဲရေးကြီးကြပ်မှုကော်မတီဟူ၍ မိမိတို့ရုံးက ကော်မတီအဖွဲ့ဝင် များအပါအဝင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအဖွဲ့တွင် ဝန်ကြီးဌာနအသီးသီး၏ တစ်နှစ်လုံးဘတ်ဂျက်အပြင်ကို သုံးလပတ်အလိုက် ၎င်းတို့ဘာသာခန့်မှန်း သုံးစွဲနိုင်ခြင်းရှိမရှိကို စောင့်ကြည့် ကြီးကြပ်တွန်းအားပေးသော Magnesium လေးခု ရှိပါကြောင်း၊ အဆိုပါကိစ္စသည် လွှတ်တော်က ခွင့်ပြုပေးလိုကသော ဘတ်ဂျက်ငွေများအား အပြည့်အဝသုံးခြင်းမရှိသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများအား ထိန်းသိမ်းမည့်အစီအစဉ်ရှိ/မရှိ မေးခွန်းကို ဖြေကြားခြင်းဖြစ်ပါကြောင်း၊ ဒုတိယသမ္မတ(၁)ဦးစီးသော နိုင်ငံ့ ဘဏ္ဍာငွေများ သုံးစွဲရာတွင် စနစ်တကျရှိစေရေးနှင့် လုပ်ငန်းများပြီး မြောက်စေရေးကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လစဉ်လစဉ် သုံးလပတ် ကတ်ရိုး မကိုက်ညီသော ဝန်ကြီးဌာနများကို ဖိတ်ကြားပြီး ဆွေးနွေးရှင်းလင်းတင်ပြခြင်း၊ ကြီးကြပ်ခြင်း လိုအပ်လျှင် ကွင်းဆင်း စစ်ဆေးရန် အစီအစဉ်လည်းပါရှိပါကြောင်း၊ 

နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနက နယ်စပ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်း ကော်မတီကနေ တစ်ဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများကို ထုတ်ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ လုပ်ငန်း ကြပ်မတ်ဆောင်ရွက်စေခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း၊ အသေးစိတ်တွက်ချက်မှုစာရင်း BQ များနှင့် အဆာမိတ် များကို ဒေသမှတစ်ဆင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကို တင်ပြရပါကြောင်း၊ ဌာနက တည်ဆောက်ရေးလုပ်ငန်း ဆပ်ကော်မတီ၏ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းပြီးစီးမှုမှတ်တမ်းဓာတ်ပုံများ၊ အစီရင်ခံစာများအရ ပထမအရစ်၊ ဒုတိယအရစ် ၅၀ ရာခိုင်နှုန်းစီ နှစ်ရစ်ခွဲ၍ ငွေထုတ်ခွင့်ပြုသည်ဟု သိရှိရပါကြောင်း၊  ယခုအခါ ၎င်းဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်အရ ဆောင်ရွက် ပေးရသော နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကို လုပ်ငန်းစတင်ဆောင်ရွက်ချိန်တွင် ကိုယ်စားလှယ်တော်ကြီးများကပါ စောင့်ကြည့် ကြပ်မတ်စေနိုင်စေရန် အစီအမံပြုလုပ်ထားသည်ဟု ပြန်ကြားရပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံ ငွေနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီက ဆောင်ရွက်သော လုပ်ငန်းများကို စာရင်းစစ်လုပ်ငန်းဆပ်ကော်မတီဟူ၍ ဖွဲ့စည်းထားရှိပါကြောင်း၊ စာရင်းစစ် ချုပ်ရုံးကလည်း ကွင်းဆင်း စစ်ဆေးလျက်ရှိပါကြောင်း၊

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကနေပြီးတော့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်ကနေစတင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များဖြင့် ကြီးကြပ်မှုဖြင့် ဆောင်ရွက်နိုင်ဖို့ ရန်ပုံငွေ များ၊ Drawing Limit များ လွှဲပြောင်းပေးပြီး ပြည်ထောင်စု အစိုးရအဖွဲ့က ညွှန်ကြားထားသော တင်ဒါခေါ်ယူရေးစနစ်နဲ့ လုပ်ငန်းဆောင်ရွက်စေဖို့ စီမံဆောင်ရွက်ရှိသည့်အပြင် အရည်အသွေးကောင်းမွန်ရေးနှင့် အချိန်မီပြီးစီးရေးအတွက် အရည်အသွေး စိစစ်ရေး(Quality Control) အဖွဲ့များဖွဲ့စည်းပြီး ကွင်းဆင်း စစ်ဆေးချက်များအား တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ပြီးပါက ဒေသ စာရင်းစစ်ချုပ်ရုံးများ၏ စစ်ဆေးမှုကိုခံယူ၍ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီး သတ်မှတ်ထားသောလုပ်ငန်း အာမခံစပေါ်ငွေများ ပြန်လည်ထုတ်ပေးပါကြောင်း၊ နှစ်နှစ်အတွင်းပျက်စီးပါက ကုမ္ပဏီမှ ပြန်လည် ပြင်ဆင်ပေးရန် ကိုလည်း စာချုပ်ထဲတွင် ချုပ်ဆိုထားခြင်း စသည့် အစီအမံများနှင့် ဆောင်ရွက်သည်ဟု ပြန်ကြား ထားပါကြောင်း၊

          လွှတ်တော်ကိုယ်စားလှယ်ကြီးများ မေးမြန်းထားသော ကျောင်းများတွင် ချို့ယွင်းနေသည် ဆိုသည်မှာလည်း မှန်ကန်ပါကြောင်းနှင့် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်တွင်လည်း ထိုသို့ အချက်အလက်များကို ထောက်ပြပြီး သက်ဆိုင်ရာဝန်ကြီးကို Management Letter ပေးပို့ကာ အရေးယူ ဆောင်ရွက်ဖို့ တွန်းအားပေးထားခြင်းဖြစ်ပါကြောင်း။ စာရင်းစစ်ချုပ်ရုံးက စစ်တယ်သည်ဆိုသည်မှာလည်း လုပ်ငန်းပြီးစီးမှစစ်ဆေးခြင်းဖြစ်သည့်အတွက် အဆင်ပြေခြင်း သိပ်မရှိပါကြောင်းနှင့် လုပ်ငန်း ဆောင်ရွက်နေ ချိန်တွင် စစ်ဆေးရန်ဆိုသည်မှာလည်း မိမိတို့ ဝန်ထမ်းအင်အားနှင့် မဖြစ်နိုင်သည့်အပြင် စာရင်းစစ်များအနေဖြင့်လည်း အင်ဂျင်နီယာပညာရပ်နှင့် ပတ်သက်၍လည်း  အကျွမ်းတဝင်မရှိသေးပါကြောင်း၊ ထို့ကြောင့် ဒုတိယသမ္မတ(၁)ဦးစီးသော ကော်မတီအစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လွှတ်တော်က ချမှတ်ပေးလိုက်သော ရန်ပုံငွေကို ထိုက်တန်စွာနှင့် အချိန်မီပြီးစီးရေးအတွက် ကိုယ်တိုင်ကြပ်မတ် ဆောင်ရွက်ဖို့ တာဝန်ရှိပါကြောင်း၊  အနီးကပ်ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့ပြီး ဆောက်နေဆဲမှာပင် စဉ်ဆက်မပြတ် ရှိနေရမည်ဖြစ်ကြောင်းကို  မိမိအနေဖြင့် အကြံပြုခဲ့ပါကြောင်း၊  

ဝန်ကြီးဌာနအဖွဲ့အစည်းများသည် သာမန်အသုံးစရိတ်ဘတ်ဂျက်ခွင့်ပြုငွေနှင့် ဆောင်ရွက်နေသာ ပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်သော တည် ဆောက်ရေး လုပ်ငန်းများ၊ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးရန် တာဝန်ရှိသည့် အပြင် အရည်အသွေးသတ်မှတ်ချက် ပြည့်မီရန် ကြီးကြပ်ရာတွင်လည်း တာဝန်ရှိပါကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရသော ဝန်ကြီးဌာနများသည် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ လုပ်ငန်းများ အချိန်မီပြီးစီး ဘဏ္ဍာရေးနှစ်စပြီး ဧပြီလမှစတင် ဆောင်ရွက်ရန် နှင့် Time Line ချပြီ‌းတော့ ဆောင်ရွက်ရန် အတွက် စဉ်ဆက်မပြတ် တွန်းအားပေးလျက်ရှိပါကြောင်း၊ ဒုတိယသမ္မတ(၁) ဦးစီးသော ကော်မတီကလည်း ထိုအတိုင်း ညွှန်ကြား ထားသည့်အတွက် ဘဏ္ဍာရေးနှစ်အစဖြစ်သော ဧပြီ၊ မေ၊ ဇွန်  သုံးလ ခန့်အတွင်းမှာပင် တည်ဆောက်ရေးကော်မတီ၏ ခွင့်ပြုချက် Technical Function ရရန်နှင့် တင်ဒါ ခေါ်ရန် လုပ်ငန်းအပ်နှံစာချုပ်တွေချုပ်ဆိုပြီးဖို့ သုံးလအတွင်း ဆောင်ရွက်မှသာလျှင် ကွင်းဆင်းပြီး လုပ်ငန်းကို ဆောင်ရွက်ရန်အတွက် ကိုးလခန့် အချိန်ရမည်ဖြစ်ပါကြောင်း၊

ဌာနအဖွဲ့အစည်းများအနေဖြင့် ဖြစ်နိုင်ပါက ဘဏ္ဍာရေးနှစ်၏ ဒီဇင်ဘာလခန့်မှာပင် လုပ်ငန်းများ ပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်စေသင့်ပါကြောင်း၊ ထိုမှသာ မိမိတို့မှ စံချိန်စံညွှန်းမကိုက်ညီသော ကိစ္စရပ်များကို စဉ်ဆက်မပြတ်စောင့်ကြည့်သော စနစ်ကလေး ထည့်ပေးမှာပင် ဖြစ်ပါကြောင်း၊ လွှတ်တော်က ခွင့်ပြု ပေးခဲ့သော ဘတ်ဂျက်ငွေများအား အပြည့်အဝသုံးစွဲခြင်းမရှိသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင် ရာ အဖွဲ့အစည်းများအား ထိန်းသိမ်းမည့်အစီအစဉ်ရှိ/မရှိဆိုသည်မှာ ပြည်ထောင်စုအဆင့်တွင် ဒုတိယသမ္မတ(၁) ဦးစီးတဲ့အဖွဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်နယ်/ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးများက စစ်ဆေးသော အစီအမံ မလုံလောက်ပါကြောင်း မိမိအနေဖြင့် တင်ပြချင်ပါကြောင်း၊  ထို့ကြောင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ကစတင်ကာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီး ဌာနများက အလေးထားလိုက်နာဆောင်ရွက်မှုများ ပြုလုပ်ပင်ပြုလုပ်နေကြသော်လည်း ယင်းကိုပြန်လည်၍ မိမိတို့က Monitoring လုပ်ဖို့လိုပါကြောင်း၊ ဒေသ ခံပြည်သူများ၊ ဒေသခံသတင်းမီဒီယာများ၊ ဒေသခံ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များကပါ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်စောင့်ကြပ် ထိန်းသိမ်းရန်လည်း အင်မတန်အားထားလောက်သော အစီအမံဖြစ်ပါသည်ဟု မိမိယုံကြည်ပါကြောင်း၊  လွဲမှားနေသောအချက်ကိုတွေ့ပါက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်းတွင် လုပ်ငန်း ဆောင်ရွက်နေဆဲ အချိန်တွင် သက်ဆိုင်ရာဝန်ကြီးဌာများကို တိုက်ရိုက်အသိပေးဆောင်ရွက် စေခိုင်းမည်ဆိုပါက ပိုမိုထိရောက်မည်ဟု ယူဆပါကြောင်းကို ပြန်လည်ဖြေကြားပါသည်။

 ဝန်ကြီးဌာနသုံးခုနဲ့ ကျွန်တော်တို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့အနေအထားများကို စုစည်းပြီးတော့ ကျွန်တော် ရှင်းလင်းဖြေကြား ခြင်းဖြစ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း

 ယခုမေးခွန်းနှင့် သက်ဆိုင်သောကိစ္စရပ်များကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ပြန်ဖြေရန်လိုအပ်ပါက ဆက်လက်ဖြေဆိုပေးစေလိုကြောင်း ပြောကြားပါသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲလဲ့သိန်း

 ယခုမေးခွန်းနှင့် ပတ်သက်၍ မိမိအနေဖြင့် အမျိုးသားလွှတ်တော်တွင် တစ်ခါဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း၊ အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနလက်အောက်တွင်ရှိသော စီမံကိန်းစိစစ်ရေးနှင့် တိုးတက် မှု အစီရင်ခံ‌ရေး ဦးစီးဌာနအနေဖြင့် နိုင်ငံပိုင်အခန်းက ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းကို အဆိုပြုတင်ပြသည့် အဆင့်က စတင်ကာ အကောင် အထည်ဖော်ပြီးစီးသည့်အထိ စိစစ်တင်ပြရန်ရှိပါကြောင်း၊ ဝန်ကြီး ဌာနများက ၎င်းတို့ ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းသစ်များ၊ တိုးချဲ့စီမံကိန်းများ ၎င်းတို့ကို မိမိတို့က စီးပွားရေး တွက်ခြေကိုက်မှု အခြေအနေများကို စိစစ်တင်ပြနိုင်ရန် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနကို ပေးပို့ကြရပါကြောင်း၊ ထိုသို့ပေးပို့သော လုပ်ငန်း စီမံကိန်းအဆိုပြုချက်တွင် ၎င်းတို့ စီမံကိန်းဆောင်ရွက်ရသော ရည်ရွယ်ချက်များ၊ ကုန်ကျစရိတ်၊  အကျိုးအမြတ်ပြန်ဖော်နှုန်း၊ အကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး စသဖြင့် အသေးစိတ်ပြည့်စုံစွာတင်ပြကြရပါကြောင်း၊ ထို့နောက် နှစ်စဉ်စီမံကိန်းဥပဒေကို အစိုးရအဖွဲ့ကတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကို အတည်ပြု ချက်ရယူပြီး လုပ်ငန်း စီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပါကြောင်း။ ထိုသို့ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများအနေနှင့် လုပ်ငန်းစီမံကိန်းအကောင်အထည် ဖော်သည့် အချိန်တွင်လည်း ပုံစံ(က)ကို ဖြည့်သွင်းပြီးစီမံကိန်းစိစစ်ရေးနှင့် တိုးတက် မှုအစီရင်ခံရေးဦးစီးဌာနကို ပေးပို့ရသည့်အပြင် လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေ အတွက် ပုံစံ(ခ)ကို သုံးလတစ်ကြိမ် ပေးပို့ရပါကြောင်း၊ မိမိတို့ ဦးစီးဌာနကဝန်ထမ်းများကလည်း မြေပြင်ကိုသွားရောက်ပြီးတော့ ဖော်ပြထားသည်နှင့် လက်တွေ့ အခြေအနေ ကိုက်ညီမှုရှိ/မရှိကို စိစစ်တင်ပြလျက်ရှိပါကြောင်း၊

သို့ရာတွင် ဦးစီးဌာနရှိ လူအင်အားနှင့် ပြည်နယ်/ တိုင်းဒေသကြီးများ အကုန်လုံးသွားရောက်ရခြင်းကြောင့် အကုန်လုံးဖြန့်ကြက်ပြီးတော့ မသွားနိုင်သော်လည်း ကွင်းဆင်းပြီး ကြည့်ရှုပြီး ဆောင်ရွက်နိုင်မှုအခြေအနေပေါ် ပြီးစီးမှုအခြေအနေကို ပြုစုပြီး အထက်အဖွဲ့အစည်းကို အစီရင်ခံတင်ပြလျက်ရှိကြောင်း နှင့် ၎င်းသည် Monitoring System တစ်ခုဟူ၍ မိမိအနေဖြင့် တင်ပြချင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယစာရင်းစစ်ချုပ်  ဦးမျိုးမြင့်

 ယခုမေးခွန်းတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ထိန်းသိမ်းမည့်အစီအစဉ်ဆိုသည်မှာ အင်မတန် ကောင်းမွန်ပါကြောင်း၊ ထို့ကြောင့် ဒုတိယသမ္မတ(၁)ကော်မတီဆိုသည်ကိုလည်း အကြမ်းမျဉ်း တင်ပြခဲ့ပါကြောင်း၊ ၎င်းတွင် မိမိတို့က ဆပ်ကော်မတီ သုံးခုဖွဲ့သည့်အနက် ဆပ်ကော်မတီ တစ်ခုက ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး သာမန်အသုံးစရိတ်များ သုံးစွဲမှု ဘဏ္ဍာရေးနှစ်အတွင်းမှာပဲ လစဉ်၊ လစဉ် စောင့်ကြပ် Monitoring လုပ်သည့် ကော်မတီနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သော ဆပ်ကော်မတီက ငွေလုံးငွေရင်းအသုံးစရိတ်များကို အကောင် အထည်ဖော်နိုင်မှုကို လစဉ် မော်နီးတားရင်းလုပ်ရသည် ဆပ်ကော်မတီတစ်ခုဖြစ်ပြီး မိမိဦးဆောင်ရသည့် တတိယ ဆပ်ကော်မတီသည် စာရင်းစစ်ကန့်ကွက်ချက် များကို ဝန်ကြီးဌာနများက အကောင်အထည်ဖော်မှု၊ လိုက်နာမှုများကို စောင့်ကြည့်ခြင်းဖြစ်ပါကြောင်းနှင့် ထို့နောက် သက်ဆိုင်ရာ ဝန်ကြီးဌာနက ဘဏ္ဍာရေး တာဝန်ခံ ဒုတိယဝန်ကြီးတို့ကို ခေါ်ယူပြီး ၎င်းနေရာတွင်လည်း လွှတ်တော် အသေးစားကဲ့သို့ ဆောင်ရွက်နေခြင်းရှိပါကြောင်း၊ ထို့ကြောင့် ထိန်းသိမ်းသည့် အစီအစဉ်ဆိုရာတွင် မိမိတို့က စာရွက်ပေါ်မှာ အချက်အလက်နှင့် ကြည့်ပြီး ထိန်းသိမ်းတာပဲဖြစ်ပါကြောင်းနှင့်  တကယ့်မျက်မြင် ထိန်းသိမ်းမှုကတော့ ဒေသခံ၊ ဒေသမှာကို ရှိဖို့လိုအပ်ပါကြောင်းကို ဖြည်‌့စွက်တင်ပြဖြေကြားသွားပါသည်။