(က)-ဖလမ်းမြို့ ရာပြည့်ဘောလုံးကွင်းတွင် မီတာ ၄၀၀ ပြေးလမ်းငါးခုရှိသော စံချိန်မီဘောလုံးကွင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့ (၁.၂.၂၀၁၈)

ချင်းပြည်နယ်၊ ဖလမ်းမြို့သည် ဖလမ်း၊ တီးတိန်း၊ တွန်းဇံ စသည့် မြို့နယ်သုံးခုဖြင့် ဖွဲ့စည်းထားသော ခရိုင်မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ဖလမ်းမြို့တွင် ရပ်ကွက်ရှစ်ခုရှိပြီး လူငယ်အားကစားလေ့ကျင့် အသုံးပြု နိုင်ရန်အတွက် ဘောလုံးကွင်းငယ်သုံးခုရှိရာ အလျား ၅၃၉ ပေ၊ အနံ ၃၄၁ ပေကျယ်သော စံချိန်မီ ဘောလုံးကွင်းတစ်ခုသာရှိပြီး ပြေးလမ်းပါသော စံချိန်မီဘောလုံးကွင်းမရှိသေး၍ မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ဖလမ်းမြို့သည် ၁၈၉၂ ခုနှစ်တွင် စတင်တည်ထောင်သော သက်တမ်းကြာမြင့်ပြီ ဖြစ်သော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်သည် ပထဝီအနေအထားအရ တောင်ကုန်း တောင်တန်း ပေါများသောဒေသဖြစ်သဖြင့် ဘောလုံးကွင်းတစ်ကွင်းရရှိရန် အလွန်ခက်ခဲလျက် ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာတွင် အားကစားကဏ္ဍသည်လည်း အလွန်အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါကြောင်း၊ ဖလမ်းခရိုင်တွင် မြို့နယ်အလိုက် အားကစား ပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများ၊ ဌာနဆိုင်ရာအလိုက်အားကစားပြိုင်ပွဲများ ကျင်းပရာ တွင် ဖလမ်းမြို့ပေါ်ရှိ လက်ရှိအားကစားကွင်းများကို အသုံးပြု၍ ကျင်းပနေကြပါကြောင်း၊ ယခုအခါ အားကစားကဏ္ဍတွင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ရင်ဘောင်တန်းပြီး ဖွံ့ဖြိုး တိုးတက်နိုင်စေရန် ဖလမ်းမြို့တွင်ပြေးလမ်းပါသော စံချိန်မီဘောလုံးကွင်းတည်ဆောက်ပေးရန် ပြည်သူ များ လိုလားတောင့်တလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဖလမ်းမြို့ရှိ လက်ရှိရပြီးဘောလုံးကွင်းကို မီတာ ၄၀၀ ပြေးလမ်းငါးခုပါသော စံချိန်မီဘောလုံးကွင်းအဖြစ် တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဖလမ်းခရိုင်၊ ဖလမ်းမြို့တွင် ရာပြည့်ဘောလုံးကွင်းနှင့် ဟရန်ထီးယိုးဘောလုံးကွင်း နှစ်ကွင်း ရှိပါကြောင်း၊ ရာပြည့်ဘောလုံးကွင်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ရေးလုပ်ငန်း အတွက် သိန်း ၆၀၀ ဖြင့် ဆောင်ရွက်ပေးပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သိန်း ၂၇၀ ဖြင့် ပွဲကြည့်စင်တည်ဆောက်ခြင်းလုပ်ငန်းကို ချင်းအလှကုမ္ပဏီအမည်ဖြင့် ယခု လတ်တလောတွင် ဆောက်လုပ်လျက်ရှိပါကြောင်း၊

တစ်ချိန်တည်းတွင် နောက်ဘောလုံးကွင်းတစ်ကွင်းဖြစ်သည့် ဟရန်ထီးယိုးဘောလုံးကွင်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျောက်စီမြေထိန်းနံရံပြုပြင်ခြင်းအတွက် သိန်း ၈၀၀ ဖြင့် ဆောင်ရွက်ပြီး ၂၀၁၇-၁၈ ယခုဘဏ္ဍာရေးနှစ်တွင် သိန်း ၅၀၀ ဖြင့် လေးခန်းတွဲဝန်ထမ်းအိမ်ရာ လုပ်ငန်း ဆောက်လုပ်ခြင်း၊ ထို့ပြင် မြို့နယ်ရုံးဆောက်လုပ်ရန်အတွက် သိန်း ၃၀၀ ဘောလုံးကွင်း ပတ်လည် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက် သိန်း ၅၀၀ ဖြင့် Mountain Lily ကုမ္ပဏီမှ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ ၄၀ ရာခိုင်နှုန်း ပြီးစီးလျက်ရှိသည်ကို တွေ့ရှိ ရပါကြောင်း၊ အကယ်၍ ဖလမ်းမြို့ ရာပြည့်ဘောလုံးကွင်းတွင် မီတာ ၄၀၀ ပြေးလမ်း ငါးလမ်းပါသည့် စံချိန်မီဘောလုံးကွင်းဆောက်မည်ဆိုပါက ပထမဆုံးအနေဖြင့် ဘောလုံးကွင်းပတ်လည်တွင် ပေ ၅၀၀ ကို မြေပြိုမည်စိုးရိမ်သည့်အတွက် ကျောက်စီမြေထိန်းနံရံအရင်ပြုလုပ်ရမည် ဖြစ်ပါကြောင်း၊ သိန်း ၂၅၀၀ ကုန်မည်ဖြစ်ပါကြောင်း၊ မီတာ ၄၀၀ ပြေးလမ်းငါးခုဆောက်လုပ်၊ မြေညှိခြင်း၊ ပြေးလမ်း ပြုလုပ်ရန်အတွက် သိန်းပေါင်း ၁၂၀၀ ကုန်မည်ဖြစ်ပါတယ်။ စုစုပေါင်း သိန်း ၃၇၀၀ ကုန်မည် ဖြစ်သည့်အတွက် လတ်တလောတွင် မိမိတို့ ဆောင်ရွက်ပေးခြင်းမရှိသေးပါကြောင်း၊ သို့သော်လည်း အဆိုပါဘောလုံးကွင်းပြေးလမ်းကို ခြောက်လဘတ်ဂျက် (April to October Buget) ထဲက ပြင်ဆင်ပြီး လတ်တလောပြေး၍ရစေရန် မိမိလုပ်ဆောင်ပေးမည် ဖြစ်ပါကြောင်း၊ နောင်ဘဏ္ဍာရေးနှစ်များတွင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်  ဘောလုံးကွင်းများ များစွာတောင်းထားပါကြောင်း၊ တောင်း ထားသည့်အပေါ်မှာမူတည်ပြီး ဦးစားပေးအစီအစဉ်ဖြင့် ပြည်ထောင်စုဘတ်ဂျက်တွင် ထည့်သွင်း ပေးပါကြောင်း၊ အကယ်၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက မဖြတ်တောက်ပါက ရရှိမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။