မုံရွာမြို့နယ် ဒေါနခြံရပ်ကွက်တွင် ရှိသော ရှေးဟောင်းမြန်မာစာပေရေးရာဌာနကို ၂၀၀၁ ခုနှစ်တွင် အခြေခံပညာမြေပေါ်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အဆိုပါဌာနကို ဖွင့်လှစ်ခြင်း မရှိသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အဦ၏ ရှေ့ပိုင်း ပြင်ဆင်ကုန်ကျ စရိတ်သည် ကျပ်သန်းပေါင်း ၇၂ သန်းဖြစ်ပြီး ယင်းပြင်ချင်ကုန်ကျစရိတ်တွင် နောက်ပိုင်း အဆောက် အဦနှင့် အတွင်းက ပစ္စည်းများ ပါဝင်ခြင်းမရှိပါကြောင်း၊ မကြာခင်အချိန်တွင် ပြင်ဆင်စရိတ်ကို တောင်းရမည့်အခြေအနေလည်းရှိနေပါကြောင်း၊
ထို့ကြောင့် ရှေးဟောင်းမြန်မာစာပေရေးရာဌာနကို ပြည်သူတို့၏အကျိုး၊ ကျောင်းသူကျောင်းသား များ၏ အကျိုးငှာ အကျိုးရှိရှိ အသုံးပြုဖို့ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဒေါနခြံရပ်ကွက်တွင် ရှေးဟောင်းမြန်မာစာပေ ရေးရာဌာနကို ၁၅-၇-၂၀၁၄ နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်းဌာနတွင် ရှေးဟောင်းမြန်မာစာပေ ရေးရာနှင့် ပတ်သက်သည့် တန်ဖိုးရှိပုရပိုက်များ၊ ပေစာများ၊ ကျောက်စာချပ်များ၊ ရှေးဟောင်းစာပေ အထောက်အထားများ၊ ရှေးဟောင်းပန်းချီကားချပ်များနှင့် ဓာတ်ပုံများကို စနစ်တကျသိမ်းဆည်းထား ရှိပြီး အဆိုပါ ရှေးဟောင်းပစ္စည်းများကို မူလပိုင်ရှင်များဖြစ်ကြသည့် အမြင့်ကျေးရွာမှ ဆရာကြီး ဦးကြည်စံနှင့် မြို့မိမြို့ဖများ၊ အမြင့်ကျေးရွာ ဘုံပျံကျောင်းဆရာတော် ဦးပညာဒီပ တို့မှ ပြန်လည်တောင်းခံလာပါသဖြင့် ပြန်လည်ပေးအပ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် မုံရွာ တက္ကသိုလ်သို့ ၂၃-၅-၂၀၁၆ ရက်နေ့က စာဖြင့် ညွှန်ကြားခဲ့ပါကြောင်း၊ ထို့ကြောင့် မုံရွာတက္ကသိုလ်မှ ၁-၇-၂၀၁၆ ရက်နေ့တွင် မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင်က အဆိုပါနေရာတွင် မြန်မာ့လူမှုရေးနှင့် စာပေယဉ်ကျေးမှုစွမ်းရည်သင်တန်း များပို့ချခြင်း၊ ရှေးဟောင်း ပစ္စည်းများ လေ့လာခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်တွင် မည်သည့်သင်တန်းမျှ ဖွင့်လှစ် ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊
သို့ပါသော်လည်း မုံရွာတက္ကသိုလ်မှ ရှေးဟောင်းမြန်မာစာလေ့လာနေသော ကျောင်းသား ကျောင်းသူများသည် မုံရွာတက္ကသိုလ်စာကြည့်တိုက်နှင့် Internet Online များမှ လေ့လာခွင့် ရရှိလျက်ရှိပါကြောင်း၊ ယခုအဆောက်အဦကို နိုင်ငံတော်နှင့် ကျောင်းသူကျောင်းသားများအတွက် အကျိုးရှိစွာ ဆောင်ရွက်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပညာရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
