ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အိမ်မြေဂရန်ချမှတ်သည့်အခါ ၁၀ နှစ် အတွက်သာ ချမှတ်ပေးခြင်းဖြစ်သည့်အတွက် မြေပိုင်ရှင်များသည် ၁၀ နှစ်တစ်ကြိမ် သက်တမ်းတိုးနေရခြင်းကြောင့် မလိုလားအပ်သော ပြဿနာမျိုးစုံ ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် သက်တမ်းတိုးခြင်းကို ၁၀ နှစ် တစ်ကြိမ်မဟုတ်ဘဲ ရှည်လျားသောကာလတစ်ခု နှစ် ၂၀ သို့မဟုတ် နှစ် ၃၀ စသဖြင့် သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ အခန်း(၂) နည်းဥပဒေ ၇ အရ လျှောက်ထားသော မြေကွက်ပေါ်တွင် တာရှည်ခိုင်ခံ့သော တိုက်အိမ်အဆောက်အဦများ အခိုင်အမာဆောက်လုပ်ထားပါက ပထမနှစ် ၃၀ ခွင့်ပြုပြီး ယင်းနှစ် ၃၀ သက်တမ်းကုန်ဆုံးတိုင်း ခရိုင်အုပ်ချုပ်ရေးမှူးမှ ကွင်းဆင်းစစ်ဆေး၍ အဆောက်အဦ ကောင်းမွန်ခိုင်ခံံ့မှုရှိပါက နှစ် ၉၀ တိုင်အောင် သုံးကြိမ်သုံးခါ လဲလှယ်ခွင့်ရှိပါကြောင်း၊ အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများအက်ဥပဒေ အခန်း(၂) နည်းဥပဒေ ၈ အရ အတော်အသင့်ခိုင်ခံ့မှုရှိသော အဆောက်အဦများအတွက် ၁၀ နှစ်အထိသာ ဂရန်ခွင့်ပြုပြီး ၁၀ နှစ်ကုန်ဆုံးတိုင်း အငှားဂရန်အသစ်ကို ရယူလိုကြောင်း အသစ်တဖန်လျှောက်ထားလာပါက အဆောက်အဦကောင်းမွန်မှုကို အခြေခံပြီး ၁၀ နှစ် သက်တမ်းတိုး လျှောက်ထားနိုင်ကြောင်း ပြန်လည်ဖြေကြားပါသည်။
