(ဂ)-ကနီမြို့နယ်၊ ယင်းကျေးရွာနှင့် ကျောက်လှေကားရွာအကြား ပျက်စီးသွားသော ချင်းတွင်းမြစ်ရေလျှံတားတမံအား မြေသားတမံတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၈.၉.၂၀၁၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ယင်းကျေးရွာနှင့် ကျောက်လှေကားကျေးရွာကြားတွင် ယခင်အစိုးရလက်ထက်က အလျား ၁ မိုင်ခန့်၊ အကျယ် ၉ ပေ၊ အမြင့် ၆ ပေရှိတဲ့ ချင်းတွင်းမြစ် ရေလျှံတားတမံကို တည်ဆောက်ပေးခဲ့သည့်အတွက် တောင်သူများ အဆင်ပြေခဲ့ကြပါကြောင်း၊ ယခုအချိန်တွင် တမံ၏ အလျားပေ ၇၀၀ ခန့်မှာ ကျိုးပျက်နေပြီဖြစ်ရာ ပြန်လည်ပြင်ဆင်ပေးနိုင်ပါက ဧက ၄၀၀ ခန့်ရှိသော နှမ်း၊ စပါး စိုက်ပျိုးဧကများ၊ ရေနစ်မြှုပ်မှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျိုးပျက်သွားသောအလျားပေ ၇၀၀ ခန့်ကို ပြန်လည်ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်းစစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ယင်းကျေးရွာနှင့် ကျောက်လှေကားကျေးရွာ အကြားရှိ ကျိုးပျက်သွားသော ချင်းတွင်းမြစ်ရေလျှံမြေသားတမံမှာ ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းထားသော တာတမံမဟုတ်ဘဲ ဒေသမှထိန်းသိမ်းထားသော တာတမံဖြစ်ပါကြောင်း၊ အသေးစိတ်ကွင်းဆင်း တိုင်းတာပြီး တိုင်းဒေသကြီး ဘဏ္ဍာရေးရန်ပုံငွေအပေါ်မူတည်ပြီး့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ RE သို့မဟုတ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် BE တွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။