(ဈ)-ရသေ့တောင်မြို့နယ်၊ မြို့မ အမက(၁)ကျောင်း အဟောင်းအား ဖျက်သိမ်း၍ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၇.၉.၂၀၁၄)

ဒေါ်ခင်စောဝေ (ရသေ့တောင်)ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်ရှိ မြို့မအမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းကို UNDP အကူအညီဖြင့် ၁၉၉၆ ခုနှစ်တွင် ကျောင်းဆောင်သစ်ဆောက်လုပ်ပြီး ပညာသင်ကြားခဲ့ပါသည်။ စာသင်နှစ်ကာလအတွင်း ကျောင်းဆောင်နှင့် ကျောင်းသားဦးရေ မျှတမှုမရှိသည့်အတွက်ကြောင့် ၂၀၀၆ ခုနှစ် မိဘများထည့်ဝင်ငွေဖြင့် သွပ်မိုး၊ ပလပ်စတစ်ကာ၊ မြေသားဖောင်ဒေးရှင်းဖြင့် နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ပြီး ပညာသင်ကြားခဲ့ရပါကြောင်း၊ UNDP အထောက်အပံ့ဖြင့် ဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်မှာ နှစ်များကြာမြင့်ပြီ ဖြစ်သည့်အတွက် ကျောင်းဥပဓိရုပ် မကောင်းခြင်းနှင့် ကျောင်းသားများအတွက် အန္တရာယ်ရှိခြင်းကြောင့်  ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ရသေ့တောင်မြို့ရှိ မြို့မအမှတ်(၁) အခြေခံပညာမူလတန်း ကျောင်းအားဖျက်သိမ်းပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းဆောင်သစ်များ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အပြီးသတ် ဆောက်လုပ်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ၊ ကျောင်းဆောက်လုပ် ပြီးစီးသည့် သက်တမ်းကြာမြင့်ပြီး အန္တရာယ်ရှိသည့်အခြေအနေ၊ ကျောင်းဝင်ဆံ့မှုအခြေအနေ၊ လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ မြို့နယ်ဦးစားပေးအစီအစဉ် ကျောင်းအလိုက် တန်းစီဇယားတွင် ထည့်သွင်း လျာထားခြင်းဖြင့်လည်းကောင်း စီမံဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်အတွင်းရှိ အန္တရာယ်ရှိပြီး ဥပဓိရုပ်မကောင်းသည့် မြို့မအခြေခံပညာမူလတန်းကျောင်းအား ပေ ၉၀၊ ပေ ၃၀ တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်အတွက် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ငွေကျပ် ၃၂.၄ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လျာထားချက်စာရင်းတွင် လျာထားတင်ပြပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။