(ဃ)-ဗိုလ်တထောင်မြို့နယ်CODဝင်းမြေကွက်များ၏ မူလမြေပိုင်ဆိုင်မှုအထောက်အထားမှန်ကန်သူပြည် သူများနှင့် မည်သည့် အချိန်ကာလတွင် တွေ့ဆုံ ညှိနှိုင်းပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၁.၁၀.၂၀၁၄)

ဒေါက်တာသန်းဝင်း (မြောက်ဥက္ကလာပ) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၆တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိထားသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရ မည်ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့်အခြား မြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ကြည်တင်သွင်းသည့် ပဋိပက္ခအသွင်ဆောင်သည့် ထူးခြားဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်လာမှု မရှိစေရေးအတွက် မြေယာသိမ်းဆည်းခံရမှုကိစ္စများကို အလေးအနက်ထား ဖြေရှင်းဆောင်ရွက်ပေးရေးအဆိုကို ၉-၇-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုပြီးဖြစ် ပါကြောင်း၊ ယင်းအဆို အပိုဒ် ၅ တွင် ဗိုလ်တထောင်မြို့နယ် COD ဝင်းမြေနေရာ သိမ်းဆည်းထားခြင်း ကိစ္စနှင့်ပတ်သက်၍ မူလမြေပိုင်ရှင်များအား ဆောက်လုပ်ဆဲ တိုက်ခန်းများတွင် အခမဲ့ချထားခြင်း၊ သင့်လျော်သည့်လျော်ကြေး၊ နစ်နာကြေးပေးခြင်းများကို ကာယကံရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ဖော်ပြပါရှိပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ကြယ်ပွင့်မပြမေးခွန်းမေးခဲ့ရာ ၂၄ ခန်းတွဲ ၁၈ ထပ် အဆောက်အအုံ ဆောက်လုပ်ရန် စီမံကိန်းရှိကြောင်း၊ ၎င်းစီမံကိန်းပြီးပါက မူလမြေပိုင်ဆိုင်မှု အထောက် အထားပိုင်ဆိုင်သူများအား Plus ခွဲ၍ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြောင်း ပြန်ခဲ့ပါကြောင်း၊ ၎င်းဖြေကြားချက်ကို သုံးသပ်ကြည့်လျှင် နှစ်ပေါင်းများစွာနစ်နာဆုံးရှုံးနေရသော မြေ သိမ်းခံပြည်သူများ အနေဖြင့် နှစ်ချီ၍ကြာမည်ဖြစ်သော စီမံကိန်းတစ်ခု ထပ်မံစောင့်ရမည့် အခြေအနေ ဖြစ်ပါကြောင်း၊ အချို့သော စီမံကိန်းများသည် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာ ကြန့်ကြာ နေရသည်များရှိခဲ့ပါကြောင်း၊ သို့ဖြစ်၍ မြေသိမ်းခံပြည်သူများအနေဖြင့် လောလောဆယ်လက်တွေ့ဆန်သည့် နှစ်ဦးနှစ်ဖက် သင့်တင့်မျှတသည့် ဖြေရှင်းဆောင်ရွက်မှုများကို လိုလားသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ (က) ဖြေရှင်းမှုကြန့်ကြာ နှောင့်နှေးလာသည်နှင့်အမျှ ပြည်ထောင်စုလွှတ်တော်လယ်ယာမြေကော်မရှင်က ထောက်ပြစိုးရိမ်သည့် ပဋိပက္ခအသွင်ဆောင်သောဖြစ်စဉ်များ ထပ်မံပေါ်ပေါက်လာနိုင်ခြင်းကို ရှောင်ရှားရန်လည်းကောင်း၊ (ခ) မူလမြေပိုင်ဆိုင်မှု အထောက်အထားမှန်ကန်သူ ပြည်သူများအနေဖြင့် နှစ်ပေါင်းများစွာနစ်နာ ဆုံးရှုံးခဲ့ကြသူများ ဖြစ်သည့်အပြင် လူမှုရေး၊ ကျန်းမာရေး အခက်အခဲကြီးစွာ ကြုံတွေ့နေကြသူများ ပါဝင်နေ၍လည်းကောင်း၊ (ဂ) အထူးသဖြင့် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက် နေ့က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော် သမ္မတက မြေယာကိစ္စများနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများအနေနှင့် ကြန့်ကြာမှုများ၊ နှောင့်နှေးမှုများမရှိအောင် ဆောင်ရွက်ကြရန်နှင့် ပြည်သူများအားကိုး ယုံကြည်သည့်အစိုးရအဖြစ် သမိုင်းတွင်ကျန်ရစ်စေရန် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း မိန့်ကြားချက်နှင့် အညီဖြစ်ရန်လည်းကောင်း သက်ဆိုင်ရာဝန်ကြီးဌာန၊ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် အထက်ဖော်ပြပါ ကော်မရှင်၏အဆို အပိုဒ် ၅ ပါ သင့်လျော်သည့်လျော်ကြေး၊ နစ်နာကြေးပေးခြင်း များကို ကာယကံရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသင့်ကြောင်း ဆိုသည်နှင့်အညီ ဗိုလ်တထောင် မြို့နယ် COD ဝင်းမြေ 9L ၊ 9L1၊ 9K မြေကွက်များ၏ မူလမြေပိုင်ဆိုင်မှုအထောက်အထားမှန်ကန်သူ မြေသိမ်းခံပြည်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ နှစ်ဦးနှစ်ဖက် အကျေအလည် တွေ့ဆုံညှိနှိုင်းပြီး နှစ်ဖက်သဘောတူ သင့်တင့်မျှတသည့် အဖြေ၊ ဆုံးဖြတ်ချက်ရရှိနိုင်ရန် မည်သည့်ကာလတွင် အမြန် ဆုံးတွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် မရှိပါက မည်သည့်အကြောင်းကြောင့် မရှိသည်၊ ရှိပါကမည်သည့်ကာလတွင် ညှိနှိုင်း၍ မည်သည့်အချိန်တွင် နှစ်ဖက်သဘောတူ သင့်တင့်မျှတ၍  လက်တွေ့ဆန်သော အဖြေရရှိသည်အထိ အပြီးသတ် ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
‌ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

‌ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်ဗိုလ်တထောင်မြို့နယ် COD ဝင်းမြေနေရာ မူလ မြေကွက်များ၏မြေပိုင်ဆိုင်မှုအထောက်အထား မှန်ကန်သူ ပြည်သူများအား အဖွဲ့ဖြင့် စနစ်တကျ စိစစ်ထားပြီး ဖြစ်ပါကြောင်၊ မြေပိုင်ဆိုင်မှု အထောက် အထားမှန်ကန်စွာ တင်ပြနိုင်သူများ စာရင်းကို အများပြည်သူများ ကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ ဗိုလ်တထောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့တွင်လည်းကောင်း၊ လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် လယ်ယာမြေ ကော်မရှင်နှင့် ညှိနှိုင်းပြီး စိစစ်ပြီးဦးရေ ၂၂၀ ဦးအား ကြော်ငြာ ကပ်ထားပြီးဖြစ်ပါကြောင်း၊  မြေတိုင်းရပ်ကွက်အမှတ် 9L, 9L- နှင့် 9K မှာရှိသော ပုဂ္ဂိုလ်များအနက်က ဂရန် မူရင်းနှင့်မိတ္တူ တင်ပြနိုင်တာ စုစုပေါင်း ၁၇၅ ဦး၊ မြေငှားပြေစာနှင့် အခြားအထာက်အထား တင်ပြနိုင်သူ ၄၅ ဦး စုစုပေါင်း ၂၂၀ ဦး  စစ်ဆေးရရှိထားတာဖြစ်ပါကြောင်း၊ ယင်း ၂၂၀ ဦးနှင့် ပတ်သက်၍လည်း မြေပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ကန့်ကွက်နိုင်ကြောင်းကို မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများများတွင် ကြော်ငြာထားပြီး ကြော်ငြာရက်ပြည့်ပြီးသော၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကြော်ငြာထားသည့် အတိုင်း ပွင့်လင်းမြင်သာစွာ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ပေးသွားရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊

COD ဝင်းမြေနေရာ မူလမြေကွက်ပိုင်ရှင်များကို ဆောက်လုပ်ရေးဝန်ကြီး ဌာန၏အစီအစဉ်နှင့် ယခုတည်ဆောက်ဆဲ အိမ်ယာစီမံကိန်းဝင်းအတွင်းမှာပင် အိမ်ခန်း တစ်ယူနစ်လျှင် ၆၅၀ စတုရန်းပေ ကျယ်ဝန်းသော တိုက်ခန်းသစ်များကို နေရာချထားပေးသွားမည်ဖြစ်ပါကြောင်း၊ အခန်းလုံလောက်မှုရှိစေရန်နှင့်  တည်ဆောက်ချိန်ကာလ မြန်ဆန်စွာ ပြီးစီးနိုင်ရေးကိုရှေးရှုပြီး အဆောက်အဦဒီဇိုင်း၊ အုတ်မြစ်ဖောင်ဒေးရှင်း ဒီဇိုင်းများ အသင့်ရေးဆွဲထားပြီးဖြစ်သော၂၄ ခန်းတွဲ ၁၄ထပ် အဆောက်အဦနှစ်လုံးကို ၂၀၁၄ ခုနှစ် အောက်တိုဘာလကုန်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ပြီး လုပ်ငန်းကာလကို တစ်နှစ်ခွဲအတွင်း အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာသန်းဝင်း(မြောက်ဥက္ကလာပဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိ၏ အဓိကမေးခွန်းသည် သက်ဆိုင်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တစ်ဖက်သက်ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်သကဲ့သို့ဖြစ်နေသည့်အတွက် မြေသိမ်းခံပြည်သူများနှင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့ အစည်းများသည် နှစ်ဦးနှစ်ဖက်သင့်တင့်မျှတတဲ့အဖြေရရှိအောင် ညှိနှိုင်းဆောင်ရွက်မှုရုံးကို ပြုလုပ်ရန်မရှိ/ မရှိနှင့် မရှိရင်ဘာကြောင့် မရှိသည်ကို မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ထပ်မံ၍ ထိုသိ့ိုဆောင်ရွက်ခြင်းအားဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မြေပိုင်ရှင်များကိုနစ်နာကြေးခံစားခွင့်တွေ ပေးဖို့ဆုံးဖြတ်ထားသည်ဖြစ်သကဲ့သို့ မူလ မြေပိုင်ရှင်များကလည်း လက်တွေ့ဆန်သော ဖြေရှင်းဆောင်ရွက်မှုများ အလိုရှိနေပြီးတော့ မည်သည့် စီမံကိန်းကိုမှ အဟန့်အတားအနှောင့်အယှက် မဖြစ်စေလိုသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် အမြန်ဆုံးတွေ့ဆုံညှိနှိုင်း ဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိနှင့် မရှိလျှင် မည်သည့်အတွက်ကြောင့် မရှိသည်နှင့် ရှိပါက မည်သည့်အချိန်တွင် ညှိနှိုင်းမည်ကို သိလိုပါကြောင်း ထပ်ဆင့်မေးမြန်းပါသည်။

‌ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးတင့်

 ညှိနှိုင်း ဆွေးနွေးမှုများနှင့် ပတ်သက်ပြီးတင်ပြရမည်ဆိုပါက စုစုပေါင်း ယင်းကိစ္စနှင့် စပ်လျဉ်းပြီး ဖိတ်ခေါ်ရာတွင် မိမိတို့ဌာနအပြင် သက်ဆိုင်ရာလွှတ်တော်က ဖွဲ့စည်းပေးထားသော မြေယာကော်မရှင်အဖွဲ့အပါအဝင် အသေးစိတ်စိစစ်ရာ၌ ၂၈၀ ထဲက ၂၂၀ ဦး ရရှိမည်ဖြစ်ပါကြောင်း၊ ယင်းတို့ကိုလည်း ပွင့်လင်းမြင်သာစွာ သက်ဆိုင်ရာ ကြော်ငြာသင်ပုန်းတွေတွင် ကပ်၍ လူကိုယ်တိုင်ခေါ်တွေ့ခြင်း ကော်မရှင်များနှင့် ပူးပေါင်းခြင်း၊ ရန်ကုန်တိုင်းလယ်ယာ မြေသိမ်းဆည်းရေးကော်မရှင်နှင့် မိမိတို့ ပူးပေါင်းခြင်းဖြင့် စစ်ဆေးဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊

ထို့နောက် ၂၂၀ ဦးကိုခေါ်ယူ တွေ့ဆုံပြီး ပိုမိုမှန်ကန်စေရန် ကြော်ငြာသင်ပုန်းများကပ်ခြင်း၊ ကန့်ကွက်မည့် ပုဂ္ဂိုလ်များ၊ ထောက်ခံမည့်ပုဂ္ဂိုလ်များစသည်ဖြင့် ပြန်လည်စိစစ်ဖို့ရန် သတင်းစာထဲတွင် တစ်လတိတိအချိန်ပေးပြီး ကြော်ငြာတာဖြစ်ပါကြောင်း၊ ထို့သို့ ဒါတွေကြော်ငြာ ပြီးတဲ့အခါမှာ အားလုံးအချက် အလက် ပြည်‌့ပြည့်စုံစုံမှန်မှန်ကန်ကန် ဖြစ်သွားပြီးရင် ကြော်ငြာ၊ ကြော်ငြာတဲ့ရက် တစ်လပြည့်တဲ့နေ့ နိုင်ဝင်ဘာလ ၃ ရက်နေ့မှာ ဒီအဖွဲ့တွေကို ကျွန်တော်တို့ အားလုံးပြန်လည် ခေါ်ဆိုပြီးတော့ အသေးစိတ်ညှိနှိုင်းပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း လေးစားစွာပြန်လည် တင်ပြအပ်ပါတယ်ခင်ဗျား။