စိုက်ပျိုးစရိတ်ချေးငွေတွေကို နွေစပါးစိုက်ပျိုးရန် အတွက် အောက်တိုဘာလမှ ဇန်နဝါရီလအထိ အချိန်ကာလသတ်မှတ်ပြီး ချေးပေး၍ ဇွန်လ ကုန်မှ ပြန်ဆပ်ရမည်ဖြစ်ပါကြောင်း၊ နွေစပါးအတွက် စိုက်ပျိုးစရိတ် ချေးငွေကို ပြန်မဆပ်နိုင်ပါက မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်မပေးခြင်းမပြုပါကြောင်း၊ သဘာဝဘေးဒဏ်ကြောင့်ဖြစ်စေ၊ ပိုးမွှား ကြောင့်ဖြစ်စေ သီးနှံပျက်စီးထားသော လယ်သမားများမှာ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေရရှိဖို့အတွက် ငွေရှင်ကြေးရှင်များထံမှနေပြီးတော့ အတိုးကြီးပေး ငွေချေးပြီး နွေစပါးစိုက်ပျိုးချေးငွေတွေကိုဆပ်၍ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ရမည်ဖြစ်ပါကြောင်း၊ သို့သော် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ချက်ခြင်းပြန်မရဘဲ နှစ်လ၊ သုံးလခန့်ကြာသည့်အတွက် စပါးစိုက်ရချိန်နောက်ကျပြီး နည်းနည်းနောက်ကျပြီးတော့ အတိုးကလည်းတက်သည့်အတွက် လယ်သမားများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေ ရပါကြောင်း၊
သို့ဖြစ်ပါ၍ မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို နွေစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေ ပေးသွင်းပြီးမှ ထုတ်ချေးမည်ဆိုသော စည်းကမ်းချက်အား သဘာဝဘေးဒဏ်ကြောင့်လည်းကောင်း၊ ပိုးမွှားများကြောင့် လည်းကောင်း သီးနှံများပျက်စီးဆုံးရှုံး၍ ပြန်လည်ပေးရန်အခက်အခဲဖြစ်နေသော လယ်သမားများအတွက် ဖြေလျှော့ပေးရန် သို့မဟုတ် အခြားမည်သို့မည်ပုံကူညီဆောင်ရွက်ပေးနိုင် မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူ လယ်သမားများအတွက် လိုအပ်သော စိုက်ပျိုးစရိတ် ချေးငွေများအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ လွှတ်တော်၏အတည်ပြုချက်ဖြင့် မြန်မာ့စီးပွားရေး ဘဏ်မှ နှစ်အလိုက် ကာလစည်းကမ်း သတ်မှတ်ချက်၊ သတ်မှတ်အတိုးနှုန်းဖြင့် ချေးယူရခြင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း ပြေကျေအောင် ပြန်လည်ပေးဆပ်ရပါကြောင်း၊ ထိုချေးငွေများအား တောင်သူ လယ်သမားများထံသို့ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ ထုတ်ချေးပေးရာတွင် ၁၀ ဧကအောက် လုပ်ကွက်ငယ်တောင်သူလယ်သမားများအား စပါး သီးနှံနှင့် ချက်ကြံသီးနှံအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း၊ အခြားသီးနှံအတွက် ကျပ် နှစ်သောင်းနှုန်းဖြင့်လည်းကောင်း၊ အတိုးနှုန်းကိုလည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၀၀ လျှင် တစ်နှစ် ၁၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၀၀ လျှင် တစ်နှစ် ၈.၅ ရာခိုင်နှုန်း (တစ်လ- ၇၁ ပြားနှုန်း)ဖြင့်လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် ငွေကျပ် ၁၀၀ လျှင် တစ်နှစ် ၅ ရာခိုင်နှုန်း(တစ်လ- ၄၂ ပြား)နှုန်းဖြင့် လည်းကောင်း အလွန် သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ချေးဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူလယ်သမားများသို့ ငွေချေးရာတွင် အချိန်စေ့ ပေးဆပ်ရန် ငွေပြေကျေပြီးသူဖြစ်ရမည်ဆိုသော စည်းကမ်းချက်ရှိပါကြောင်းနှင့် အချိန်စေ့ ငွေမကျေသူကို ငွေထပ် ချေးပါက အကြွေးပေါ်အကြွေးဆင့်သကဲ့သို့ ပြန်မဆပ်နိုင်ပါက နိုင်ငံတော်ငွေကြေးများလည်း ဆုံးရှုံးနစ်နာ သွားမည်ဖြစ်ပါကြောင်း၊ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်အနေ ဖြင့် အထက်ဖော်ပြပါအတိုင်း တောင်သူ လယ်သမားများသို့ ငွေချေးပေးရာတွင် သတ်မှတ်ကာလ အတွင်း မြန်မာ့စီးပွားရေးဘဏ်သို့ အတိုးနှင့်တစ်ကွ ပြန်လည်ပေးဆပ်နေရခြင်းပါသဖြင့် ပြန်လည်ပေးဆပ်ရန် အခက်အခဲဖြစ်နေသည့် တောင်သူလယ်သမားများ အတွက် ဖြေလျှော့ပေးရန်ကိစ္စမှာ ဘဏ်စည်းမျဉ်းစည်းကမ်းများအရ ဆောင်ရွက်ပေး၍ မရနိုင်ပါကြောင်း၊ သို့သော် သဘာဝဘေးဒဏ်ကြောင့် သီးနှံပျက်စီးမှုဖြစ်ပြီး ပျက်စီးချိန်တွင် အချိန်နှင့်တစ်ပြေးညီ တင်ပြပါက မြို့နယ်ဘဏ်ခွဲက ပူးပေါင်း အဖွဲ့နှင့် ကွင်းဆင်းစစ်ဆေး၍ အမှန်ပျက်စီးသည်ဆိုပါလျှင် ဒေသအာဏာပိုင် အဆင့်ဆင့်၏ ထောက်ခံ ချက်ဖြင့် ဘဏ်နည်းဥပဒေ အခန်း(၆) နည်းဥပဒေ ၃၀ အရ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ ပေးဆပ်ကာလကို ဘဏ်က ရွှေ့ဆိုင်းပေးနိုင်သည့်အပြင်သဘာဝ ဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှုများ အထူးများပြားစွာဖြစ်ပေါ်ပါက ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေ အပိုင်း(၄) ပုဒ်မ ၂၃ ပုဒ်မခွဲ(က)တွင် ပြဋ္ဌာန်းထား သည့်အတိုင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ မျိုးဖိုးများနှင့် စိုက်စရိတ်များ တောင်သူလယ်သမားများသို့ ထောက်ပံ့ပေးနိုင်ရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်နိုင် ခွင့်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် ယခုရေးဆွဲ ဆောင်ရွက်လျက် ရှိသော တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းပေါ်ထွက်လာပါကလည်း တောင်သူလယ်သမားများအနေဖြင့် အဆိုပါ ဥပဒေ၊ နည်းဥပဒေ၏ အကျိုးသက်ရောက်မှုများကို မလွဲမသွေခံစားရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
