ဂွမြို့နှင့်ကပ်လျက် ပင်လယ်ကမ်းခြေအနီးတွင် ပြေးလမ်း ပေ ၄၃၀၀ ကျော် ရှိသော လေယာဉ်ကွင်းရှိပါကြောင်း၊ ယင်းလေယာဉ်ကွင်းသည် ယခင်က အော်တာလေယာဉ်များသည် ၁၉၇၂ မှ ၁၉၈၃ ခုနှစ်ထိ ဆင်းသက်ခဲ့ ပါသော်လည်း ယခုအချိန်တွင် အသုံးမပြုသည်မှာ နှစ် ၃၀ ခန့်ရှိပြီဖြစ်သည့်အတွက် ရေလုပ်ငန်းပြုလုပ်သော ဝန်ထမ်းများ ဖြတ်သန်း အသုံးပြုနေခြင်း၊ အမှိုက်များစွန့်ပစ်ခြင်း၊ ဘေးပတ်ဝန်းကျင်တွင် အိမ်ရာများတိုးပွားနေ ပါကြောင်း၊ ယခင်က လေယာဉ်များ ရပ်နားသည့်နေရာတွင် ယခုအခါ အဆောက်အဦများ ဆောက်လုပ် ထားရှိပြီး ဖြစ်ပါကြောင်း၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၏ ၂၇-၉-၂၀၁၃ မှ ၃၀-၉-၂၀၁၃ ထိ ကွင်းဆင်းစစ်ဆေးခြင်းအရ ယခင် ၁၉၇၀၊ ၁၉၈၀ ခုနှစ် စာရင်းမြေပုံအရ လေယာဉ်ကွင်းသည် ၁၀၉.၁ ဧကရှိသော်လည်း ယခုအခါများစွာ လျော့နည်းလျက် ရှိပါကြောင်း၊ မြို့နှင့် အနီးကပ်ဆုံးနေရာမျိုးတွင် ယခုကဲ့သို့ လေယာဉ်ကွင်း ရရှိရန် မလွယ်သည့်အတွက် လေယာဉ်ကွင်းကို ယခုအတိုင်း ထားရှိမည်ဆိုပါက သုံးမရတော့အောင် ပျက်စီးသွားနိုင်သည့် အနေအထားရှိသည့်အတွက် နိုင်ငံတော်အနေဖြင့် လေယာဉ်ကွင်းအား ပိုမိုပျက်စီးမသွားစေရန် ခြံစည်းရိုးများ ကာရံခြင်းလုပ်ငန်းများကို ဖြည့်တင်းထားသင့်ပါကြောင်း၊ လေယာဉ်ကွင်းကို လေယာဉ်များ ဆင်းသက်၍ရစေရန် စနစ်တကျ လုပ်နိုင်မည်ဆိုပါက ကမ်းသာယာအပန်းဖြေစခန်းကို နိုင်ငံခြားမှ ခရီးသည်များ လာရောက်နိုင်မည့်အပြင် ဂွမြို့နယ်နှင့် အနီးရှိ ကမ်းလွန်ရေနံတွင်းလုပ်ငန်းများသည် ရေနံထွက်လာသည့်အခါ Access Transport Airstrip အတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ဂွမြို့ရှိလေယာဉ်ကွင်းဟောင်းအား နိုင်ငံတော်မှ ထိန်းသိမ်းထားရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက ပုဂ္ဂလိကကုမ္ပဏီများအား BOT စနစ်ဖြင့် လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဂွလေယာဉ်ကွင်းသည် ရခိုင်ပြည်နယ်၊ ဂွမြို့ပင်လယ်ကမ်းစပ်နှင့်အပြိုင် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၆ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၅ မိနစ်၊ ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၁ ပေတွင် တည်ရှိပါကြောင်း၊ ဂွလေယာဉ်ကွင်းတွင် ၁၉၇၂ ခုနှစ်မှစတင်၍ အော်တာလေယာဉ်များ ဆင်းသက်အသုံးပြုခဲ့ပြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၈၃ ခုနှစ်တွင် လေယာဉ်ခရီးစဉ်ပြေးဆွဲမှုများ ရပ်ဆိုင်းခဲ့ပါကြောင်း၊ ထို့နောက် လေယာဉ်ကွင်းအား ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် လက်ရှိလေယာဉ်ပြေးလမ်းတွင် လေယာဉ်များ ဆင်းသက်နိုင်မှုမရှိသည့် အခြေအနေ ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ ၂၄-၁၂-၁၉၉၄ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးချက်အရ လေယာဉ်ပြေးလမ်းမှာ အလျား ၄၂၆၀ ပေ၊ အကျယ် ၁၀၀ ပေနှင့် ပြေးလမ်းဦးတည်ရပ်မှာ ၀၃၀ ဒီဂရီ/၂၁၀ ဒီဂရီ အနေအထားတွင်ရှိပြီး ကြိတ်လှိမ့်ထားသော မြေသားပြေးလမ်း ဖြစ်ပါကြောင်း၊ ဂွလေယာဉ်ကွင်း လက်ရှိအခြေအနေကို စစ်ဆေးပေးရန် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးကြည်သာ မေတ္တာရပ်ခံချက်အရ ဂွလေယာဉ်ကွင်း၏ လက်ရှိအခြေအနေကို သိရှိရန်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အင်ဂျင်နီယာအဖွဲ့က ၂၇-၉-၂၀၁၃ ရက်နေ့မှ ၃၀-၉-၂၀၁၃ ရက်နေ့အထိ ဂွလေယာဉ်ကွင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လေယာဉ်ကွင်းအတွင်း ကျူးကျော်နေထိုင်သူများရှိနေ၍ အဆိုပါ ကျူးကျော်သူများအား ဖယ်ရှားပေးနိုင်ရေး၊ ကျူးကျော်သူများ ထပ်မံဝင်ရောက် မလာရေးနှင့် လေယာဉ်ကွင်းအား ထိန်းသိမ်းထားရှိပေးနိုင်ရေး တို့အတွက် ဂွမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လေယာဉ်ခရီးစဉ်များ ပြေးဆွဲလျက်ရှိသော အပြည်ပြည်ဆိုင်ရာလေဆိပ် (၃) ခုနှင့် ပြည်တွင်းလေဆိပ် ၃၀ အပါအဝင် လေဆိပ်/လေယာဉ်ကွင်း ၃၃ ကွင်းတွင် လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်း/တက် အသုံးပြုနိုင်ရေးအတွက် လေယာဉ်ကွင်းများ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂွလေယာဉ်ကွင်းသည် ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထိန်းသိမ်းထားသော ကွင်းတိုအမျိုးအစားပါဝင်နေသည့်အတွက် နိုင်ငံတော်က ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး လိုအပ်သည့် ခြံစည်းရိုးကာရံမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအသုံးပြုနေသော ပြည်တွင်းလေဆိပ်များအား ပုဂ္ဂလိကကုမ္ပဏီများသို့ လွှဲပြောင်းလုပ်ကိုင်နိုင်ရန် လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် စိတ်ပါဝင်စားသော ကုမ္ပဏီများကို Register of Interest (ROI) ခေါ်ယူထားခဲ့ပြီး၊ လွှဲပြောင်းရယူလိုသော လေယာဉ်ကွင်းများအလိုက် ပုဂ္ဂလိက အခန်းကဏ္ဍပါဝင်မှုဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းကို ဆောင်ရွက်နေစဉ်အတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေကဲ့သို့ မြန်မာ့လေဆိပ်များအာဏာပိုင်ဥပဒေတစ်ရပ်ရေးဆွဲနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ရှေ့နေချုပ်ရုံးက ရှေ့နေချုပ်ကိုတင်ပြကာ အပြန်အလှန်စိစစ်ပြီး ဥပဒေအရ အကောင်အထည်ဖော်သွားရမည့် လုပ်ငန်းတစ်ရပ် ဖြစ်နေသည့်အတွက် ပုဂ္ဂလိကလွှဲပြောင်းတာ ဥပဒေနှင့်အညီ ဖြစ်စေရန် ပုဂ္ဂလိကများကို ကြိုတင်ခေါ်ယူပြီး ညှိနှိုင်းထားခြင်းပင်ဖြစ်ပါကြောင်း၊ ဥပဒေပေါ်ပေါက်လာပါက မိမိတို့ လွှဲပြောင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဂွလေယာဉ်ကွင်းသည်လည်း ကျန်လေယာဉ် ကွင်းတို ၃၀ ကွင်းရှိပါကြောင်း၊ ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လွှဲပြောင်းပေးနိုင်သည့်အချိန်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
