လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပတ်သက်ပြီးတော့မှ ဆွေးမြေ့လျှပ်စစ်ဓာတ်ကြိုးများ၊ ဟောင်းနွမ်းဓာတ် တိုင်များ၊ အန္တရာယ်ရှိ လျှပ်စစ်သွယ်တန်းမှု အသုံးပြုမှုများနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်း၊ ဆွေးနွေးမှုများပြုလုပ်ခြင်းနှင့် ဝေဖန်ထောက်ပံ့မှုများ၊ သတိပေးမှုများအသီးသီးဖြင့် ပြည်သူ လူထု၏ ဘဝလုံခြုံမှုအတွက် အကြိမ်ကြိမ်တိုက်တွန်း ဆောင်ရွက်ခဲ့ခြင်းပြုလုပ်ခဲ့ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး၌ ကတိကဝတ်အချို့ကို ပေးခဲ့ပါကြောင်း၊ သို့သော်လည်း လက်ရှိအခြေအနေတွင် လျှပ်စစ်ဓာတ်ကြိုးများပြတ်ကျ၍ ဆုံးရှုံးထိခိုက်ခြင်း၊ လူ့အသက် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်းများကို အကြိမ်ကြိမ်ကြားသိခဲ့ရပါကြောင်း၊
မိမိအနေဖြင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေဖို့အတွက် ကိုယ်အန္တရာယ် ကိုယ်ရှောင်ကြရန် လျှပ်စစ်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ အုပ်ချုပ်မှု Director ၏ လမ်းဖြတ်ကူးရင် ကားကိုကြည့်ရှောင်ရသလို ဓာတ်ကြိုးအောက် ရောက်သွားမည်ဆိုပါကလည်း ဓာတ်ကြိုးကိုကြည့်ရှောင်ရမည်ဆိုသည်ဟူသော သတိပေး စကားနှင့် ပတ်သက်၍လည်း ပြည်သူများအနေဖြင့် စိတ်ထိခိုက်မှုများ ဖြစ်ပေါ်ရပါကြောင်း၊ ဓာတ်ကြိုးများသည် မိုင်ပေါင်းများစွာရှိနေသည်ဖြစ်၍ မည်သည့်အချိန်တွင် ပြတ်ကျမည်ဆိုသည်မှာ မသိနိုင်သည့်အပြင် မြင်သည့် သူက အကြောင်းကြားပေးမှသာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ချက်ချင်းပြင်ရမည်ဟူသော စကားရှိပါ ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ လျှပ်စစ်ဌာနက တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့လိုသည်ဟု ထင်မိပါ ကြောင်း၊ ထို့ကြောင့် ပြည်သူများ ထိခိုက်နစ်နာမှု၊ ဆုံးရှုံးမှုတွေကို အသက်ပါဆုံးရှုံးရမှု များကို ယခုနှစ်တွင် ဆက်တိုက်ဖြစ်ပေါ်နေရခြင်းသည် မည်သည့်အကြောင်းအရင်းကိစ္စကြောင့် ဖြစ်ပေါ် နေသည်ကို လည်းကောင်း၊ တာဝန်ရှိသူ အသီးသီးတို့မှ တာဝန်ယူမှု၊ တာဝန်ခံမှု တို့ဖြင့် ပြည်သူ့ရှေ့မှောက်တွင် ဝန်ခံမှုများရှိသင့်သကဲ့သို့ နောက်နောင် ဤကဲသို့မဖြစ်စေရေး အတွက် တာဝန်ယူဆောင်ရွက်နိုင်ရန်နှင့် မည်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်ထားရှိမှုကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
လျှပ်စစ်အန္တရာယ်ဖြစ်ပွားခြင်းသည် အောက်ဖော်ပြပါ အချက် ၄ ချက် ကြောင့် ဖြစ်ပွားခြင်းဖြစ်ပါကြောင်း၊ ဓာတ်အားလိုင်းတွေပြတ်ကျ၊ နိမ့်ကျခြင်း၊ Service ကြိုးများ ပေါက်ပြဲပြတ်ကျခြင်းနှင့် အရည်အသွေးနိမ့် ပစ္စည်းများ သုံးစွဲခြင်းကြောင့်ဖြစ်ပွားရပြီး လျှပ်စစ်ဆိုင်ရာအသိအားလုံးတွင် ရှိနေပါက လျှပ်စစ် အန္တရာယ် ကင်းရှင်းမည်ဖြစ်ပါကြောင်း၊
လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်အတွက် အောက်ဖော်ပြပါ ၁၀ ချက်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ Earth Three, Earth Bar, Earth Wireများကို လိုအပ်သည့်နေရာများတွင် တပ်ဆင်ပေးခြင်း၊ ဒဏ်ခံကြိုးများ တပ်ဆင်ပေးခြင်း၊ ထရန် စဖော်မာများတွင် လိုအပ်သော Breaker များ ဖြုတ်ဆင်တပ်ဆင်ပေးခြင်း၊ Service ကြိုးများ အန္တရာယ်ကင်းရှင်းအောင် စနစ်တကျဆောင် ရွက်ပေးခြင်းများဖြစ်ပြီး အဆိုပါအချက် (၄) အချက်ကို လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Service ကြိုးနှင့် ပတ်သက်၍ အိမ်နှင့် မိသားစုများတွင် ဖြစ်ပွားခြင်းများဖြစ်ခြင်းကြောင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ (၆) အချက် အနေဖြင့် ရထားလမ်း၊ ကားလမ်း ကုန်းကျော်များ၊ လူစည်ကားရာဒေသများတွင် ဓာတ်အားလိုင်းများကို တွေကို ပုခက်ကြိုးခေါ် အောက်ခံကြိုးများ တပ်ဆင်ပေးရန်နှင့် နောက်ဗို့အားမနိုင်နှင့် လိုင်းကြိုး များအသစ် လဲလှယ် တပ်ဆင်ပေးရန်၊ ဓာတ်အားလိုင်းနဲ့ မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းတွေလည်း မိမိတို့ရှင်းမှသာလျင် အန္တရာယ်ကင်းမည်ဖြစ်ပါကြောင်း၊
ထပ်မံ၍ ဗို့အားနိမ့်လိုင်းအားလုံးတွင် Insulated ကြိုးတွေကို ပြောင်းလဲသုံးစွဲ သွားခြင်းအားဖြင့် အပေါ်က တင်ပြခဲ့သော ၇ ချက်ခန့်ကို တစ်ပါတည်းဖြေရှင်းပြီး ဖြစ်ပါကြောင်း၊ နောက်ဆုံးအချက်အနေဖြင့် ပြည်သူ များ လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးရန်သည် အဓိကလိုအပ်ချက် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်နေသည်များ၊ ပေးထားသည့် ကတိများအပေါ် ဆောင်ရွက်နေသည်များကို အတိုချုပ်တင်ပြသွားမည်ဖြစ်ပါကြောင်း၊
လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးအတွက် Earth Three, Earth Bar တပ်ဆင်ပေးခြင်း၊ Service ကြိုး များလဲလှယ်ပေးခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ Insulated Cable ကို သုံးစွဲပြီး လူစည်ကားရာဒေသများတွင် သုံးစွဲခြင်း၊ ဆနွင်းမကင်းကွက်ကလေးများ Insulated Cover ကို Hunging လုပ်ထားခြင်း၊
ပြည်သူတွေများ၊ မီးသုံးစွဲသူများအားလုံး အသိပေးခြင်း၊ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များပေးခြင်း၊ စည်းရုံးရေးအနေဖြင့် သက်ဆိုင်ရာ စာသင်ကျောင်းများ၊ မြို့နယ် ရပ်ကွက်များနှင့် ဓမ္မာရုံများတွင် လူကြီး မိဘများကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရုပ်မြင်သံကြားဇာတ်လမ်းတိုများအနေဖြင့် ပညာပေး ဇာတ်လမ်းများကို အခါအားလျော်စွာ ထည့်သွင်းပြသ လျက်ရှိခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ပြည်သူများသာမက လျှပ်စစ်လုပ်ငန်း လုပ်ကိုင်သူများလည်း အန္တရာယ် ကင်းရှင်းစေရန် လုံလောက်သော Equipment ကို စနစ်တကျစီစဉ် ဆောင်ရွက်ပေး၍ ၎င်းတို့၏ ထိခိုက်မှုများနှင့် ပတ်သက်၍ ဝန်ထမ်းဖြစ်ခဲ့ပါက ဝန်ထမ်းလူမှုဖူလုံရေးများ စုဆောင်းထားရှိခြင်း၊
ထို့အပြင် အခြား လူမှုရေး အထောက်အပံ့ငွေများကိုလည်း သီးခြားဆောင်ရွက်ပေးလျက်ရှိခြင်း၊ ပြင်ပပုဂ္ဂိုလ်များ၊ ပြည်သူများထိခိုက်မှုရှိနှင့် စပ်လျဉ်း၍လည်း ဥပဒေထဲတွင် ပြဋ္ဌာန်းပေးလိုက်သော ဥပဒေ၏ အခန်း ၁၄ ပုဒ်မ ၆၈ တွင်ဖော်ပြထားပြီးဖြစ်သည့်အပြင် နည်းဥပဒေတွင် ပြည်သူများ ထိခိုက်ဒဏ်ရာ တစ်ခုခုဖြစ်မည်ဆိုပါက ဆောင်ရွက်ရန် အစီအစဉ်များကို အသေးစိတ်ဖော်ပြ သွားမည်ဖြစ်ပါကြောင်း၊ ယခုအချိန်ထိ ကျွန်တော်တို့က သက်ဆိုင်ရာတိုင်းဒေသတာဝန်ရှိသူ လျှပ်စစ်ဝန်ထမ်းအကြီးအကဲက ဦးဆောင်ပြီး ထိခိုက်သွားသည့် ပုဂ္ဂိုလ်များအတွက် လူမှုရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
၁၉၈၈ ခုနှစ်ကုန်က အိမ်ထောင်စုပေါင်း ၆ ရာခိုင်နှုန်းသာ လျှပ်စစ်ဓါတ်အားပေးနိုင်ခဲ့ရာမှ ၂၀၁၀ တွင် ၂၂ ရာခိုင် နှုန်းနှင့် ၂၀၁၄တွင် ၃၃ ရာခိုင်နှုန်းထိအောင် တိုးတက်ပြီး လျှပ်စစ်တိုးထုတ်လာနိုင်ပါကြောင်း၊ ထိုသို့ တိုးထုတ် လာနိုင်သကဲ့သို့ တစ်ဖက်တွင် ရင်းနှီးမြှုပ်နှံမှုများကို အပိုင်း ၃ ပိုင်းနှင့် ဆောင်ရွက်ရပါကြောင်း၊ ၎င်းတို့မှာ ထုတ်လုပ်မှုပိုင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရခြင်း၊ သယ်ပို့ခြင်းနှင့် ဖြန့်ဖြူးမှုအပိုင်းများတွင် အဆင့်မြှင့်တင် ခြင်းများ နှင့် တိုးချဲ့တည်ဆောက်ခြင်း အပိုင်းများပါ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ သုံးချက် ဟန်ချက်ညီမှသာ အန္တရာယ်ကင်းသော လျှပ်စစ်မီးကို သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊
ယခင်ကာလာများက ထုတ်လုပ်မှုများကို အာရုံစိုက်ခဲ့သည့်အတွက် သယ်ပို့ဖြန့်ဖြူးအပိုင်းတွင် အသစ်များကို ဖြန့်ဖြူးနေချိန်တွင် အဟောင်းတွေက ခံနိုင်ရည်မရှိဘဲ ပြုပြင်ဆောင်ရွက်ရမည့်အပိုင်းများတွင် လစ်ဟင်းခဲ့သည် များ ရှိပါကြောင်း၊ ထိုသို့ဖြစ်ခြင်းသည်လည်း ရရှိရန်ပုံငွေနှင့် အခြားသော အခက်အခဲများကြောင့်လည်းကောင်း၊ လူကြောင့်လည်းကောင်း၊ ပစ္စည်းကြောင့် လည်းကောင်း၊ ငွေကြောင့်လည်းကောင်း စသည့်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပွားခဲ့ရပါကြောင်း၊ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော အဖြစ်အပျက်များကို တစ်နှစ်ထဲတွင် ဆောင်ရွက်နိုင်ရန်သည် အများကြီးအခက်အခဲရှိသော စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ပါကြောင်း၊ တိုးတက်လာတဲ့လူဦးရေပေါ်မူတည်ပြီး ဓါတ်အားလိုင်းများ၊ ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံများ အဆင့် မြှင့်တင် ပေးခြင်းများကို ရင်းနှီးမြှုပ်နှံမှု မြောက်များစွာနှင့် အချိန်ယူ ဆောင်ရွက်ရသည့် ကိစ္စတစ်ရပ် ဖြစ်ခြင်းကြောင့် Man, Material, Money သုံးခုစလုံး ဟန်ချက်ညီရန်လိုအပ်ပါကြောင်း၊ လူအင်အားပိုင်း ဆိုင်ရာတွင် ကျွမ်းကျင်မှုသင်တန်းတွေပေးရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပြီဖြစ်ပါကြောင်း၊
သင်တန်းကျောင်းများ တိုးချဲ့ပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရန်ဖြစ်ပါကြောင်း၊ အသုံးပြုသော ပစ္စည်းများနှင့် စပ်လျဉ်း၍လည်း မကြာခင်တွင် ပြဋ္ဌာန်းမည့် လျှပ်စစ်ဥပဒေတွင် ပစ္စည်းများ၏ တွေရဲ့ အရည်အသွေးတွေကို ဖော်ပြခြင်းများကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဝယ်ယူဖြည့်တင်းသော ပစ္စည်းများကိုလည်း အရည် အသွေးပြည့်သောပစ္စည်းများကိုသာ ဝယ်ယူတင်သွင်းနေပြီ ဖြစ်ပကြောင်းနှင့် ထိုသို့ တင်သွင်းသည့်အတွက် ကုန်ကျစရိတ်ကလည်း ပိုမိုလာမည်ကို ဖြစ်ပါကြောင်း၊
အိမ်များတွင် လျှပ်စစ် အန္တရာယ်ကင်းရှင်းရန်အတွက် လျှပ်စစ်ပစ္စည်းများ သုံးစွဲမှု ဝင်ရောက်စိစစ်ခြင်းများကို လျှပ်စစ်ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် ပြည်သူများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှသာလျှင် အသက်အန္တရာယ် ကင်းရှင်းစေရန် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ပြန်လည်ဖြေကြားပါသည်။
ဦးခိုင်မောင်ရည် (အလုံ)မှ ဆက်စပ်မေးခွန်းမေးခွန်း မေမြန်းပါသည်။
မိမိအနေဖြင့် ထူးထူးခြားခြား သိချင် သည်မှာ ထိခိုက်နစ်နာ ဆုံးရှုံးမှု၊ အသက်ဆုံးရှုံး မှုများအတွက် မည်ကဲ့သို့ တာဝန်ယူ တာဝန်ခံ ဆောင်ရွက် မည်ကိုသိရှိလိုကြောင်းနှင့် လူမှုရေးစောင့်ရှောက်မှုများ ကို မည်မျှ အတိုင်း အတာထိ စောင့်ရှောက်သည်ကို မသိရှိရပါကြောင်း၊ ထို့နောက် လျှပ်စစ်အန္တရာယ်ကြောင့် ပြည်သူ များ နောက်နောင် ဘေးအန္တရာယ် ကင်းရှင်းစွာနေထိုင်နိုင်ရေး အတွက် စနစ်တကျထိန်းသိမ်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုသည့်အတွက် အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး နောက်နောင် ဘေးအန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရန် အစီအမံ၊ တာဝန်ယူနိုင်မှုနှင့် ပတ်သက်ပြီးတော့မှ ထိန်းသိန်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး
မိမိတင်ပြခဲ့သော ဖြေကြားချက်များတွင် ပြည်သူများက ပေါ့ဆစွား သုံးစွဲခြင်းကြောင့် ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ခေတ်ကာလတစ်ခုမှာ အရေးပေါ်ဆောင်ရွက်ခဲ့ခြင်းနှင့် အလျင်အမြန်ပြီးစီးရေး ဆောင်ရွက်ရသည့် အခါများတွင် ရရှိသော ငွေဖြင့် ဆောင်ရွက်ရခြင်းများရှိပါကြောင်း၊ ဖွံ့ဖြိုးလာသော နိုင်ငံတော်၏ အခြေအနေနှင့် လိုက်လျောညီထွေ Input တွေထည့်ပေးနိုင်ရန် အခက်အခဲ အများကြီး ရှိပါကြောင်း၊ ငွေကြေး အခက်အခဲ၊ ပစ္စည်းအခက်အခဲ၊ လူအခက်အခဲများရှိပြီး ပထမငွေကြေးအခက်အခဲ အပိုင်း၌ ရန်ပုံငွေတွေ အလုံးလိုက်၊ အရင်းလိုက် ချက်ချင်းကြီး ပုံအောပေးသော်လည်း တစ်နှစ်ထဲပြီးရန်နှင့် သုံးနှစ်၊ လေးနှစ်အတွင်းအာမခံဆိုသည်များအပိုင်းတွင် နည်းပညာပိုင်းဆိုင်ရာ အချိန်ယူ ဆောင်ရွက်ရသည်များရှိပါကြောင်း၊
အမျိုးသားလွှတ်တော်တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအပေါ် တိုက်တွန်းကြောင်းအဆို ကို မိမိတို့မှ တင်သွင်းသည့်အခါ သေချာအသေးစိတ်သွားရောက် ရှင်းလင်းတင်ပြခဲ့ပြီး၊ ပြည်ထောင်စုအစိုးရအပေါ်မှာ တိုက်တွန်းကြောင်းအဆိုကိုလည်း တင်သွင်းခဲ့ရာ အောင်မြင်ခဲ့ပါကြောင်း၊ ထိုအတွက်လည်း အစီအစဉ်တကျ ယင်းအဆိုအပေါ် လေးလေး နက်နက်ဆောင်ရွက်သကဲ့သို့ မိမိတို့မူလဆောင်ရွက်မည့် တာဝန်များကိုလည်း လေးလေးနက်နက် ဆောင်ရွက်ရန် မူလအစီအစဉ်ထက်ပိုပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်အတွက်လည်း ဖို့လည်း အစီအစဉ်ရှိပါကြောင်း၊
မိမိတင်ပြခဲ့သကဲ့သို့ လူကိုလည်း Training ပေးရသလို၊ ငွေကိုလည်း လုံလောက်အောင်ထည့်ရသကဲ့သို့ ပစ္စည်းပစ္စယကိုလည်း ကောင်းအောင်သုံးစွဲရန်အတွက် ဓာတ်အားလိုင်းပစ္စည်းများကို ပစ္စည်းကောင်းအောင် သုံးစွဲရသလို၊ လူလုပ်ဆောင်ရသည့်အပိုင်းများတွင် သေချာအောင်လည်း လူလူချင်းပြန်ကြီးကြပ်ခြင်း၊ အခါ အားလျော်စွာ စစ်ဆေးများကို တိုးတက်ပြီး ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ပစ္စည်းများ အရည်အသွေး မကောင်းခြင်းသည် ဥပဒေနဲ့ ဆိုင်ပါကြောင်း၊ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းရန်ကိုလည်း နိုင်ငံတော်က မကြာခင်ထုတ်ပြန်တော့မည် ဖြစ်ပါကြောင်းနှင့် ထိုသို့ ဖြစ်လာပါက တိကျသော အရေးယူမှု Action များ၊ အနီးစပ်ဆုံး အတိကျဆုံး ဆောင်ရွက်နိုင်သော နည်းဥပဒေများပါ ရေး ဆွဲပြီး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန် လည်ဖြေကြားပါသည်။
