ကချင်ပြည်နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ ဖောက်လုပ်ခဲ့သော စတီးဝဲလ်လမ်းမကြီး (သို့) လီဒိုလမ်းမကြီးဟုခေါ်သည့် မဟာဗျူဟာလမ်းမကြီးသည် မြစ်ကြီးနား၊ စစ်ကိုင်းတိုင်းဒေသကြီးများမှ တစ်ဆင့် အိန္ဒိယသို့သွားလာနိုင်သော လမ်းကြောင်းတစ်ခုဖြစ်ခဲ့ပါကြောင်း၊ ယခင်အချိန်က နယ်မြေတည်ငြိမ်မှု မရှိခြင်း၊ တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ ကျန်ရစ်ခဲ့ခြင်း တို့ကြောင့် ရာသီမရွေးနေ့ည သွားလာ နိုင်သော လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် တနိုင်း၊ ဆင်မွှေယန်၊ နန်းယွန်းမြို့နယ်များသည့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ ကျန်ရစ်ခဲ့ရပြီး ၎င်းလမ်းမကြီးကို အဆင့်မြှင့်တင်ပေးနိုင် မည်ဆိုပါက အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခင်တပ်မတော်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံ(ထိန်ချုန်း)ခရိုင်နှင့် ဆက်စပ် လျက်ရှိသော ကန်ပိုက်တေး-၁၃၊ ဝိုင်းမော်ကားလမ်းကြီးကို တရုတ် နိုင်ငံအကူအညီဖြင့် ဖောက်လုပ်ပြီးစီးခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားရှိနိုင်ခဲ့ သည်ဖြစ်ရာ အဆိုပါလမ်းမကြီးနှင့် ဆက်စပ်လိုက်ပါက တရုတ်နိုင်ငံ(ထိန်ချုန်း)ခရိုင်မှတစ်ဆင့် မြန်မာနိုင်ငံ ကန်ပိုက်ကြီး-၁၃၊ ဝိုင်းမော်ျ၊ မြစ်ကြီးနား၊ တနိုင်း၊ ဆင်မွှေယန်၊ နန်းယွန်း၊ ပန်ဆောင်မှတစ်ဆင့် အိန္ဒိယသို့ သွားလာနိုင်သော လမ်းမကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်အပါ အထောက်အကူပြုမည့် တရုတ်-မြန်မာ၊ အိန္ဒိယကုန်သွယ်ရေး လမ်းကြောင်းကြီး တစ်ခု ဖြစ်ပေါ် လာမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် စတီးဝဲလ်လမ်းမကြီး သို့မဟုတ် လီဒိုလမ်းမကြီးကို အဆင့်မြှင့်တင်သွားရန် (သို့)BOT ဖြင့်ဆောင်ရွက်သွားရန် (သို့) တရုတ်-မြန်မာ၊ အိန္ဒိယနိုင်ငံ များ ပူးပေါင်း၍ လမ်းအဆင့်မြှင့်တင်သွားရန်အတွက် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြစ်ကြီးနား၊ နမ်းမတီး၊ တနိုင်း၊ ဆင်မွှေယန်၊ ပန်ဆောင်လမ်းသည် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမိုင်တိုင် ဝ/၀ မှ ဆင်မွှေယန်အထိ ၁၇၇ မိုင်၊ စစ်ကိုင်းတိုင်းအတွင်း ဆင်မွှေယန်မှ ပန်ဆောင်အထိ ၅၁ မိုင် စုစုပေါင်း ၂၂၈ မိုင်ရှည်လျားပါကြောင်း၊ အဆိုပါလမ်းမကြီးနှင့် ပတ်သက်၍ ၃၁-၃-၂၀၁၄ နေ့အထိ လမ်းအခြေအနေကို ပြန်လည်သုံးသပ်ရာတွင် ကွန်ကရစ်လမ်း ၂ မိုင် ၂ ဖာလုံ၊ ကတ္တရာလမ်း ၃၂ မိုင် ၇ ဖာလုံ၊ အမာခံလမ်း ၁၅၅ မိုင် ၇ ဖာလုံနှင့် မြေလမ်း ၃၇ မိုင် ရှိသည့်အတွက် စုစုပေါင်း ၂၂၈ မိုင် ဖြစ်ပါကြောင်း။
မြစ်ကြီးနား-နမ္မတီး-တနိုင်း-ပန်ဆောင်-လီဒိုလမ်း(ကချင်ပြည်နယ်အပိုင်း)တွင် မိုင်တိုင် ဝ/၀ မှ ၁၁၉/၄ အထိ ၁၁၉ မိုင်နှင့် ၄ ဖာလုံကို ယခင်က လီဒိုဟိုင်းဝေးကုမ္ပဏီမှ BOT စနစ်ဖြင့်တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းကုမ္ပဏီမှ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ၂၀-၈-၂၀၁၄ နေ့မှ စတင်ပြီး လုပ်ငန်းများ ပြန်လည်လွှဲပြောင်းရယူကာ လမ်း၊ တံတားပြင် ဆင် ထိန်းသိမ်းရေးများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြစ်ကြီးနား-နမ္မတီး-တနိုင်း-ပန်ဆောင်-လီဒိုလမ်း (ကချင်ပြည်နယ် အပိုင်း) ၁၇၇ မိုင်ကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းနှင့် ပြင်ဆင် ထိန်းသိမ်းရေး ရန်ပုံငွေ နှစ်ရပ်ပေါင်းစပ်ပြီး အမာခံလမ်းခင်းခြင်း ၅၄ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်လမ်းခင်းခြင်း ၄ ဖာလုံ၊ သံကူကွန်ကရစ် တံတား တည်ဆောက်ခြင်း ၁၇ စင်း၊ ၅၀ ပေအထက် စတီးကြမ်းခင်းဘေလီတံတား တည်ဆောက်ခြင်း ၁၄ စင်းနှင့်၁၂၀၀ ပေအရှည်ရှိ တဝမ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊
မြစ်ကြီးနား-နမ္မတီး-တနိုင်း-ပန်ဆောင်-လီဒိုလမ်း(စစ်ကိုင်းတိုင်းဒေသကြီးအပိုင်း) ၅၁ မိုင်ကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေနှင့် တိုင်းဒေသကြီး အထူးပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေများ ပေါင်းစပ်ပြီး ၃၄ ပေအကျယ် လမ်းချဲ့ခြင်းနှင့် လျောစောက်နှိမ့်ချခြင်း ၁၁ မိုင် ၄ ဖာလုံ၊ အမာခံလမ်းခင်းခြင်း ၁၃ မိုင် ၇ ဖာလုံ၊ တံတားနှင့်ရေပြွန်များတည်ဆောက်ခြင်း ၂၄ စင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊
မြစ်ကြီးနား-နမ္မတီး-တနိုင်း-ပန်ဆောင်-လီဒိုလမ်းကို အဆင့်မြှင့်တင် တည်ဆောက်ရန်အတွက် အိန္ဒိယ အစိုးရအဖွဲ့မှ လည်းကောင်း၊ မြောက်ပိုင်းတော်ဝင် ကျောက်စိမ်းကုမ္ပဏီလီမိတက်မှ တရုတ်နိုင်ငံ ထိန်မိန်လမ်း ဖောက်လုပ်ရေးကုမ္ပဏီနှင့် ပူးပေါင်း၍လည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး အဆင့်မြှင့်တင် ဆောင်ရွက်ရန် လေ့လာလျက်ရှိပြီး မြောက်ပိုင်းတော်ဝင် ကျောက်စိမ်း ကုမ္ပဏီလီမိတက်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးမြို့ရှိ ထိန်မိန်လမ်းဖောက်လုပ်ရေး ကုမ္ပဏီတို့မှ အကျိုးတူပူးပေါင်းပြီး နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စီမံကိန်းအဖြစ် ရင်းနှီးမြှုပ်နှံပြီး BOT စနစ်ဖြင့် ဆောင်ရွက်လိုကြောင်း BOT မူဝါဒ ၂၁ ချကနှင့်အညီ တင်ပြလာပါကြောင်း၊ ထို့ကြောင့် အဆိုပါတင်ပြချက်များကို အသေးစိတ်စိစစ်ပြီး မူဝါဒနှင့် ကိုက်ညီပါက ၎င်းကုမ္ပဏီကို BOT စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
