(က)မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီးဘေးတွင် လူမှုဖူလုံရေးဆေးခန်းနှင့်ရုံးခန်းဖွင့်လှစ်ပေးရန်အစီ အစဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၇.၉.၂၀၁၄)

ဦးတင်မောင်ဝင်း ( မင်္ဂလာဒုံ မဲဆန္ဒနယ်)ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးဝဲယာတွင် မင်္ဂလာဒုံစက်မှုဇုန်၊ ယင်းမာပင် စက်မှုဇုန်၊ ရန်ကုန်စက်မှုဇုန်နှင့် ပုလဲစက်(မြို့သစ်)စက်ရုံ၊ အလုပ်ရုံများစွာရှိပါသည်။ ၎င်း စက်ရုံအလုပ်များထဲမှ လူမှုဖူလုံရေးတွင် အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံဌာနပေါင်း ၁၂၀ ကျော်ရှိပြီး အာမခံ အလုပ်သမားပေါင်း ၃၀၀၀၀ ကျော်နီးပါးရှိပါကြောင်း၊ ၎င်းအလုပ်သမားများ၏ ကျန်းမာရေးဆေးကုသမှု လိုအပ်သည့်အချိန်တွင် ပြည်လမ်းမပေါ်မှာရှိ မင်္ဂလာဒုံ လူမှုဖူလုံရေးစည်းကမ်းကို သွားရောက်ပြသကုသရပါသည်။ လူမှုဖူလုံရေး ငွေကြေးအကျိုးခံစားခွင့်များကို ရနိုင်ရေးအတွက်ကိုလည်း အင်းစိန်မြို့နယ် ကျောက်တော်ကြီး ဘုရားအနီးရှိ လူမှုဖူလုံရေးရုံးခွဲအမှတ် (၅) ကို သွားရောက်ဆောင်ရွက်ရပါကြောင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမကြီး ဝဲယာမှာရှိ စက်ရုံ၊ အလုပ်ရုံးများမှ အလုပ်သမား ၃၀၀၀၀ ကျော်ခန့်အတွက် လူမှုဖူလုံရေးဆေးခန်းတစ်ခန်းနှင့် ရုံးတစ်ရုံးဆောက်လုပ်ပေးမည်ဆိုပါက အာမခံအ လုပ်သမားများအတွက်များစွာ အကျိုးရှိမည်ဖြစ်သည့်အတွက် အလုပ်သမားများ၏ကိုယ်စား အမှတ်(၃)လမ်းမကြီးဘေးတွင် ပြည်သူ့လူမှုဖူလုံရေး ဆေးခန်းနှင့် လူမှုဖူလုံရေး ရုံးခန်းဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်နည်း။ မရှိပါက အဘယ်ကြောင့် ဆောင်ရွက်မပေးနိုင်ခြင်းကို ဖြေကြားပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း
အဖြေ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ လူမှုဖူလုံရေးရုံး ရုံးခွဲ(၅)နှင့် လူမှုဖူလုံရေးဆေးခန်းကို အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်း၊ စည်ပင်ယာဉ်ရပ်နားစခန်းဝင်းအတွင်း စည်ပင်ပိုင်မြေပေါ်တွင် ၂၁-၇-၁၉၉၉ နေ့ကစတင်ပြီး ဖွင့်လှစ်ခဲ့ပါကြောင်း၊ လူမှုဖူလုံရေး ရုံးခွဲ(၅)သည် အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ အကျုံးဝင်ပါသည်။ ၂၀၁၄ ခုနှစ် ဇွန်လ လချုပ်စာရင်းအရဆိုရင် စက်ရုံ၊ အလုပ်ရုံ အလုပ်ဌာန စုစုပေါင်း ၆၆၇ ဌာနရှိပါကြောင်း၊ အာမခံအလုပ်သမား စုစုပေါင်း ၅၂၁၃၁ ယောက်ရှိပါသည်။ မင်္ဂလာဒုံမြို့နယ်တွင် လူမှုဖူလုံရေးဆေးခန်းကို ပြည်လမ်းရှိ ကျိုက္ကလဲ့ဘုရားအနီးရှိ တပ်မြေပေါ်တွင် ၁-၁၀-၁၉၅၉ နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် ဇွန်လ စာရင်းချုပ်အရဆိုရင် အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာနပေါင်း ၃၀၈ ဌာနရှိပြီး အာမခံလုပ်သား စုစုပေါင်း ၄၁၀၅၃ ဦး ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါသည်။

အထက်ဖော်ပြပါ လူမှုဖူလုံရေးရုံးများနှင့် ဆေးခန်းများ ဖွင့်လှစ်နိုင်ရန်အတွက် ၉-၁-၂၀၀၆ ခုနှစ်မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးဘေး၊ မြေတိုင်းရပ်ကွက် (၁)၊ မြေကွက်အမှတ် (၆၅၊၆၆) ကို အကျယ်အဝန်း ဝ.၂၂၉ ဧကမြေကွက်ကို (၃) နှစ်ယာယီမြေပေးမိန့်ဖြင့် ချထားခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါမြေကွက်ကို မြေပေးမိန့်သက်တမ်းတိုးခွင့် ရရှိရေးအတွက် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါမြေကွက်အား မြေပေးမိန့် သက်တမ်တိုးခွင့်ရရှိပါက လူမှုဖူလုံရေးအဖွဲ့ အမည်ပေါက်မြေဂရန် လျှောက်ထားပြီး လူမှုဖူလုံရေး ရုံးခွဲ(၅)နှင့် မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးဆေးခန်းအတွက် အဆိုပါနေရာတွင် အဆောက်အဦ ဆောက်လုပ် မည်ဖြစ်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါနေရာတွင် လူမှုဖူလုံရေးဆေးခန်းနှင့် ရုံးခန်းအဆောက် အဦဆောက်လုပ်ရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။