(က)-ကမ်းရိုးတန်းဒေသများ၌ကြုံတွေ့ရသောရာသီ ဥတုဆိုးရွားမှု၊ငလျင်ဒဏ်၊မီးဘေးဒဏ်များနှင့် ပတ် သက်၍ရသုံးမှန်းခြေငွေစာရင်းတွင်ရေရှည်လုပ်ငန်း စီမံကိန်းအနေဖြင့်သီးသန့်ရန်ပုံငွေချန်လှပ်ထားမှုကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၀.၁၁.၂၀၁၄)

ဒေါ်တင်နွယ်ဦး (ဒဂုံမြို့သစ်၊ မြောက်ပိုင်း)မိမိအနေဖြင့် သီးသန့် ရန်ပုံငွေအကြောင်းကို အနည်းငယ်ပြောကြားချင်ပါကြောင်း၊ သီးသန့်ရန်ပုံငွေဆိုသည်မှာ ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် အသုံးစရိတ်ဖြစ်ခြင်း၊ ဘဏ္ဍာရေးနှစ်အတွက် မသုံးစွဲလျှင်မဖြစ်သည့် အထူးကိစ္စရပ်ဖြစ်ခြင်း၊ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများအရ ခေါင်းစဉ်လွှဲပြောင်းကျခံရန် မဖြစ်နိုင်ခြင်း သို့မဟုတ် ခေါင်းစဉ်လွှဲပြောင်းကျခံရန်အတွက် ရန်ပုံငွေမရှိ ခြင်း၊ သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်ဖြစ်ပါကြောင်း၊  ပြည်ထောင်စုအစိုးရအဖွဲ့သည် သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲသည့်ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်းအလိုက် ကျိုးကြောင်း ဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံးကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြရမည် ဆိုသည့် သီးသန့်ရန်ပုံငွေ၏ Definition ကို ဖော်ပြခြင်းဖြစ်ပါကြောင်း၊

ဒုတိယအချက်အနေဖြင့်ဆိုပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထဝီ အနေအထားအရ ဘင်္ဂလား ပင်လယ်အော်နှင့် ဆက်နေခြင်းကြောင့် နှစ်စဉ်ဖြစ်ပေါ်မည့် ဆိုက်ကလုန်းမုန်တိုင်းအရေအတွက် ၁၂ လုံးရှိသည်ကို အားလုံး သိကြပါကြောင်း၊ ပထဝီအနေအထားအရ ဟိမဝန္တာကစပြီး စစ်ကိုင်း ဖော့ကြီးပေါ်တွင်  ငလျင်ကြောကြီး ပေါ်တွင်ရှိပြီး  တတိယအချက်အနေဖြင့်  ပူအိုက်ပါက  အလွန်ပူလောင်ပြီး မိုးရွာပါကလည်း အလွန် ပြင်းထန်စွာ ရွာသွန်းခြင်းများကြောင့် ခြောက်သွေ့ရာသီများတွင် မီးဘေးများ၊  မိုးတွင်းဆိုပါက ရေကြီးသည့် ဒဏ်များကို ခံကြရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အရေးကြီးကိစ္စများ ဖြစ်ပေါ်ပါက သုံးရန်အတွက် Research File  ကို မည်သို့ ဆောင်ရွက်မည်ကို သိချင်ပါကြောင်း၊ ထိုကဲ့သို့ သဘာဝဘေးအန္တာရာယ်များအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး (Resultant Resettlement Management) အတွက် အချိန်မီ ဆောင်ရွက်နိုင်ရန် ကြိုတင်ဆောင်ရွက်ထားမှုများ အရေးတကြီး လိုအပ်ပါကြောင်း၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကမ်းရိုးတန်း ဒေသများ၌ ကြုံတွေ့ရသော ရာသီဥတုဆိုးရွားမှုနှင့် ငလျင်ဒဏ်၊ မီးဘေးဒဏ်များနှင့်ပတ်သက်၍ နိုင်ငံတော်၏ အရအသုံးမှန်းခြေငွေစာရင်းတွင် ရေရှည်လုပ်ငန်းစီမံကိန်းအနေဖြင့် သီးသန့်ရန်ပုံငွေချန်လှပ်ထားမှုနှင့် ဒေသအသီးသီးနှင့် ဘေးဒဏ် အမျိုးမျိုးအတွက် မည်ကဲ့သို့တွက်ချက်ထားကြောင်းကို တိုင်းနှင့် ပြည်နယ် ၁၄ခုလုံးနှင့် စပ်လျဉ်းသိရှိလိုပါကြောင်း၊


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီးချိန်နောက်ပိုင်းတွင် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ကြိုတင်မမျှော်မှန်းနိုင်ခြင်းမရှိသော သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်နှင့် ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင်မဖြစ်သော အထူးကိစ္စရပ်များအတွက် သုံးစွဲနိုင်ရန် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် သီးသန့်ရန်ပုံငွေကျပ် ၁၀၀ ဘီလီယံ ကို နှစ်စဉ်လျာထားခဲ့ပါကြောင်း၊

သီးသန့်ရန်ပုံငွေနှင့်ပတ်သက်၍လည်း ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ ပုဒ်မ ၂၃ မှာ ထည့်သွင်းဖော်ပြထားပြီးဖြစ်ပါကြောင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် အဓိကတာဝန်ယူ ဆောင်ရွက်ရသော လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ သာမန်အသုံးစရိတ် ငွေစာရင်းခေါင်းစဉ် ဥ-၅၊ ဥ-၃ ကယ်ဆယ်ရေး၊ စောင့်ရှောက်ရေးနှင့် ပြန်လည်နေရာချထားရေးတွင် အခြေခံကယ်ဆယ်ရေးပစ္စည်း များအတွက် လိုအပ်သော ရန်ပုံငွေကို နှစ်စဉ် ခွင့်ပြုခဲ့တာရှိပါကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမှန်စာရင်းအရ ခွင့်ပြုငွေကျပ်သန်းပေါင်း ၅၁၄.၇၄၆ သန်းဖြစ်ကြောင်း၊ ၂၀၁၂-၁၃ ရှေ့ပြေးအမှန်စာရင်းအရဆိုပါက် ခွင့်ပြုငွေသည် ၂.၂၆၅ ဘီလီယံဖြစ်ပြီး ၂၀၁၃-၁၄ ပြုပြင်ပြီး စာရင်းအရ ခွင့်ပြုငွေ ၁.၅၁၄ ဘီလီယံနှင့် ၂၀၁၄-၁၅ မူလ ခန့်မှန်းခြေအရဆိုရင် ၁.၈၅၅ ဘီလီယံဖြစ်ကြောင်းပါကြောင်း၊

နှစ်စဉ်ခွင့်ပြု ရန်ပုံငွေများ သုံးစွဲရာတွင် ထောက်ပံ့မှုအတွက် သတ်မှတ်တွက်ချက်မှုအနေဖြင့် ဘေးသင့်လူကြီး တစ်ဦးကို တစ်ရက်လျှင် ဆန်နို့ဆီဗူး သုံးဗူး၊ ကလေးတစ်ဦးလျှင် တစ်ရက် လျှင် ၁.၅ ဗူးနှုန်းနှင့် သုံးရက်၊ ခုနစ်ရက်မှ တစ်လစာအထိကို ထိခိုက်သော အခြေအနေအပေါ်မူတည်ပြီး ထောက်ပံ့ပေးခြင်း၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့မှုအနေဖြင့် သဘာဝဘေးကြောင့် လုံးဝပျက်စီးသော အိမ်များအတွက် အိမ် အမျိုးအစားပေါ်မူတည်ပြီး ၂၀၀၀၀ မှ ၅၀၀၀၀ အထိ ထောက်ပံ့ပေးခြင်း၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ထောက်ပံ့ပေးခြင်းများအပြင် အချို့ အသင့်အတင့်ပျက်စီးသောအိမ်များ အတွက်လည်း ဆန်ဖိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊  ထိုအပြင် ဘေးသင့် ဘာသာရေးကျောင်း တစ်ကျောင်းလျှင် ၆၀၀၀၀ နှုန်းဖြင့် ဘေးသင့်သံဃာ၊ သီလရှင်များ အတွက်လည်း သင်္ကန်း၊ ကိုယ်ရုံများ ထောက်ပံ့ပေးလျက်ရှိပြီး သေဆုံးမှုများရှိပါက လူကြီးတစ်ဦး လျှင် တစ်သိန်းနှုန်း၊ ကလေးတစ်ဦးလျှင် ၅၀၀၀၀ နှုန်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် မီးဘေး ၁၈၉ ကြိမ်၊ ရေဘေး ၇၄ ကြိမ်၊ လေဘေး ၃၈ ကြိမ်၊ မိုးကြိုးဘေး ၄၁ ကြိမ်၊ ကမ်းပြိုဘေး ၁၀ ကြိမ်နှင့် အခြားဘေး ၁၅ ကြိမ်တို့အတွက် ထောက်ပံ့ ဆန်၊ ရိက္ခာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်း များနှင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေအပါအဝင် စုစုပေါင်း ကျပ် ၃၅၂.၁၆ သန်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် မီးဘေး ၁၇၇ ကြိမ်၊ ရေဘေး ၄၄ ကြိမ်၊ လေဘေး ၁၀၁ ကြိမ်၊ မိုးကြိုးဘေး ၄၄ ကြိမ်၊ ကမ်းပြိုဘေး ၂၈ ကြိမ်၊ မြေပြိုဘေး ငါးကြိမ်၊ ငလျင်ဘေး ၁၀ ကြိမ်နှင့်  အခြားဘေး ၃၄ ကြိမ် ဖြစ်ပွားခဲ့ရာ ထောက်ပံ့ ဆန်၊ ရိက္ခာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် သူဆုံးသူများအတွက် ထောက်ပံ့ကြေးအပါအဝင် စုစုပေါင်း ကျပ် ၆၆၁.၂၅ သန်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် မီးဘေး ၁၈၉ ကြိမ်၊ ရေဘေး ၄၉ ကြိမ်၊ လေဘေး ၅၅ ကြိမ်၊ မိုးကြိုးဘေး ၂၉ ကြိမ်၊ ကမ်းပြိုဘေး ၁၅ ကြိမ်၊ မြေပြိုဘေး သုံးကြိမ်နှင့် အခြားဘေး ၄၆ ကြိမ် ဖြစ်ပွားခဲ့မှုတွင် ထောက်ပံ့ ဆန်၊ ရိက္ခာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်း  သေဆုံးသူများအတွက် ထောက်ပံ့ကြေး စုစုပေါင်း ကျပ် ၆၀၇.၄၆ သန်း၊ ယခု ဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် သြဂုတ်လအထိ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မီးဘေး ၆၂ ကြိမ်၊ ရေဘေး ၂၄ ကြိမ်၊ လေဘေး ၁၄၇ ကြိမ်၊ မိုးကြိုးဘေး ၂၂ ကြိမ်၊ ကမ်းပြိုဘေး ၁၄ ကြိမ် ဖြစ်ပွားခဲ့ရာ  ဆန်၊ ရိက္ခာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းနှင့် သေဆုံးသူများ အတွက် စုစုပေါင်း ကျပ် ၆၄.၇၂၈ သန်းတို့ကို ကျခံသုံးစွဲခဲ့ပြီးဖြစ်ပါကြောင်း၊

တိုင်းဒေသကြီး/ပြည်နယ်များတွင် ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာခဲ့ပါက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများကို ဆက်စပ်ဆောင်ရွက်ရသော အခြားပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများက လိုအပ်သော ရန်ပုံငွေတွေကို ကျခံနိုင်ရန် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် သီးသန့်ရန်ပုံ ငွေကျပ် ၁၀၀ ဘီလီယံမှ သုံးစွဲလျက်ရှိပါကြောင်း၊ ထိုသီးသန့်ရန်ပုံငွေမှ သဘာဝဘေးအန္တရာယ် ကျရောက်မှုများကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် နှစ်အလိုက် ကျခံ သုံးစွဲသော ကုန်ကျငွေများကို တင်ပြရမည်ဆိုပါက ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း သီးသန့် ရန်ပုံငွေသုံးစွဲမှု ၁၆.၁၇၃ ဘီလီယံရှိပြီး သဘာဝဘေးအတွက် သုံးစွဲမှု ၉.၂၆၆ ဘီလီယံ ရှိရာ ရာခိုင်နှုန်းအားဖြင့် ၅၇.၂၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ခုနှစ်တွင်  ရန်ပုံငွေ သုံးစွဲမှု ၁၀၀ ဘီလီယံဖြစ်ပြီး၊ သဘာဝဘေးအတွက် သုံးစွဲမှုသည် ၉၀.၉၄၁ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၉၀.၉၄ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ သြဂုတ်လအထိမှာ သီးသန့်ရန်ပုံငွေသုံစွဲမှုတွင် ၇၈.၅၈၇ ဘီလီယံရှိနေပြီး သဘာဝဘေးအတွက် သုံးစွဲမှုသည် ၆၁.၂၄၄ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၇၇.၉၃ ရာခိုင်နှုန်း သုံးစွဲနေသည်ကို တင်ပြလိုပါကြောင်း၊

သဘာဝဘေးအန္တရာယ်များအတွက် သီးသန့်ရန်ပုံငွေမှ နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် သုံးစွဲနိုင်ခြင်းများအပြင် ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတော်အတွင်းရှိ ဒေသအသီးသီးတွင် သဘာဝဘေး အန္တရာယ်များအတွက် လိုအပ်လာပါက ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုကို ခွင့်ပြုဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ပြည်ထောင်စုအစိုးရ အနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဥပဒေကြမ်းကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ဥပဒေအမှတ်(၂၁/၂၀၁၃)ဖြင့် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထို့နောက် ဥပဒေ နှင့်အညီ နိုင်ငံတော်သမ္မတရုံးက ၁၄-၅-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၄၅/၂၀၁၃)နှင့် ဒုတိယသမ္မတဦးဆောင်သော အဖွဲ့ဝင် ၂၃ ဦးပါရှိသည့် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက် ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီနှင့် ဆက်စပ ကော်မတီ ၁၀ ခုဖြင့် ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျစီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊  

သို့ဖြစ်ပါ၍ အမျိုးသားအဆင့် သဘာဝကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ် ကော်မတီများ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အတွင်းရှိ ဒေသများတွင် နှစ်စဉ်ကြုံတွေ့ရသော သဘာဝ ဘေး အန္တရာယ်များကို   နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် အဓိကတာဝန်ယူဆောင်ရွက်နေရသော ဝန်ကြီး ဌာနမှ လျာထားခြင်း၊ သီးသန့်ရန်ပုံငွေမှ သုံးစွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။  

ဒေါ်တင်နွယ်ဦး (ဒဂုံမြို့သစ်၊မြောက်ပိုင်း)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဘတ်ဂျက်စာရင်းအရ မှန်ကန်သည်ဆိုပါက အဆိုပါ သိန်း ၁၀၀ ကို အမြဲတမ်း သိန်း ၁၀၀ ပြန်ဖြည့်တင်းပြီး သိန်း ဖယ်ထားရသည့်သဘောဖြစ်ပါကြောင်း၊  သို့သော် ယခုအချိန်တွင် ကြုံတွေ့နေရသည်မှာ နိုင်ငံတော်အစိုးရ၏ သတင်းဌာနများအရ နိုင်ငံတော် သမ္မတ၏ အရံအတားရန်ပုံငွေတွင် Research Fundဖြင့် ဆောင်ရွက်သော လုပ်ငန်းကြီးများတွင် ငွေလုံးငွေရင်း အသုံးစရိတ်ကြီးများ ရှိနေသည်ကိုတွေ့ရှိရပြီး အဆိုပါရန်ပုံငွေများသည် ဝန်ကြီးတင်ပြသော ဘတ်ဂျက်ထက် အမြောက်အမြားသုံးထားသည်ကို တွေ့ရှိရပါကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြစ်နေသည့်အပြင် ရုတ်တရက် အရေးတကြီးလိုအပ်သော သုံးစွဲမှုလည်း မဟုတ်ပါကြောင်း၊ ထို့အပြင် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ ငွေလုံးငွေရင်း အသုံးစရိတ်များကို သုံးစွဲခြင်းသည် သာမန်အသုံးစရိတ်အနေုဖြင့် သာမန်ဘတ်ဂျက်ရေးဆွဲရာတွင် ဘတ်ဂျက်ထဲတွင် ထည့်သွင်းရေးဆွဲရန် အခွင့်အရေးရှိပါသော်လည်း အရေးတကြီး သုံးစွဲရန်မလိုဘဲ သုံးစွဲခြင်းများသည် အတည်ပြုချက်မယူဘဲဖြစ်နေပါကြောင်း၊   ထို့ကြောင့် ဒီမိုကရေစီ တည်ဆောက်နေသော အစိုးရအနေဖြင့် မလျော်ကန်သည့်လုပ်ရပ်ဖြစ်သည်ကို သက်ဆိုင်ရာဝန်ကြီးဌာနများက သိရှိခြင်းရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်

မိမိအနေဖြင့် တင်ပြလိုသည်မှာ အရအသုံးမှန်းခြေငွေစာရင်း ဘတ်ဂျက်သည် နှစ်စဥအစိုးရအဖွဲ့အနေဖြင့် အခြေခံဥ ပဒေ သတ်မှတ်ချက်ဖြင့်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာရေးအဆင့်ဆင့်က တာဝန်ယူ စစ် ဆေး၍လည်းကောင်း လျာထားငွေများကို ဘဏ္ဍာရေးကော်မရှင်က အတည်ပြုပါကြောင်း၊ ထိုသို့အတည်ပြုပြီးမှသာ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် လွှတ်တော်ကို တင်ပြရခြင်းဖြစ်ပါကြောင်း၊ ဘတ်ဂျက်အားလုံးသည် ပြည်ထောင်စု လွှတ်တော်ကို တင်ပြဆောင်ရွက်ပြီး လွှတ်တော်အနေဖြင့် အတည်ပြုသည်ဖြစ်ခြင်းကြောင့် အခြေခံ ဥပဒေအရ မိမိတို့မှ တင်ပြပါကြောင်း၊  ထိုနည်းတူစွာ အခြေခံဥပဒေအရ လွှတ်တော်ကလည်း စိစစ်ခွင့်ပြုခြင်း ဖြစ်သည့် အတွက် ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍  သီးခြားဆွေးနွေးချင်သည်ဆိုပါက မိမိအနေဖြင့် သီးခြား ဆွေးနွေး ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။