(က)-အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းဆုံးရှုံး သွားသော ဆန်စပါးစိုက်ပျိုးမြေများအတွက် အစား ထိုးဖော်ထုတ်ရေးနှင့်ဆန်စပါးဖူလုံပိုလျှံရေးအတွက် မည်သို့စီမံဆောင်ရွက်လျက်ရှိသည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၁၈.၁၁.၂၀၁၄)

ဦးဌေးဦး (ဟင်္သာတ) ပြည်သူများအတွက် အခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေး ပြည့်စုံရေးအတွက် ကျိုးပမ်း ဆောင်ရွက်ကြသကဲ့သို့ နိုင်ငံတော်အစိုးရ၊ လွှတ်တော်များ၊ ရပ်ကွက်အဖွဲ့အစည်းများမှလည်း ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံလိုအပ်ချက်တွင် စားနပ်ရိက္ခာဖူလုံရေးသည် အရေးပါသည့်အတွက် ပြည်သူများကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြသကဲ့သို့ နိုင်ငံအသီးသီးက အစိုးရအဖွဲ့များနှင့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ FAOR လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် ဆန်ကို အဓိကစားသုံးသည့် နိုင်ငံဖြစ်သည့်အတွက် ဆန်စပါးဖူလုံမှုရှိစေရန်နှင့် ပိုလျှံသောဆန်ကို ကမ္ဘာ့နိုင်ငံအသီးသီးက စားနပ်ရိက္ခာ ဖူလုံခြင်းမရှိသေးသည့် နိုင်ငံများကို တင်ပို့နိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လက်ရှိကာလ ဖူလုံမှုရှိနေသော်လည်း နှစ်စဉ်တိုးတက်လာမည့် လူဦးရေကို မျှော်မှန်းပြီး ဖူလုံမှုရှိစေရန် စီမံချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ဆန်စပါးဖူလုံမှုပိုလျှံရှိစေရန်၊ စိုက်ဧကများ တိုးချဲ့နိုင်ရန်အတွက် ရေအောက်မြေသယံဇာတများဖော်ထုတ်ခြင်း၊ အားလပ်မြေများအား စိုက်ပျိုးထုတ်လုပ်လာနိုင်စေရန် စည်းရုံးတာဝန်ပေးဆောင်ရွက်ခြင်း၊ ရေကြီးကွင်းရေနက်ကွင်းများကို ရေတော်မိုးတော် စိုက်ပျိုးမြေများ ဖြစ်လာစေရန်၊ ရေနုတ်မြောင်များဖောက်လုပ်ပေးခြင်း၊ စိုက်ပျိုးရာတွင် အဓိကလိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေးရရှိရေးအတွက် ဆည်ရေသောက်မြေဧရိယာများ၊ မြစ်ရေတင်ဧရိယာများနှင့် မြေအောက်ရေ ရရှိရေးစီမံကိန်းများ အကောင်အထည်ဖော်ပေးခြင်းများနှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရှိပြီးစိုက်ပျိုးမြေများတွင် အကြိမ်ကြိမ်စိုက်ပျိုးနိုင်သော သီးနှံစိုက်စွမ်းအား တိုးမြှင့်လာစေရန်အတွက်လည်း အားပေးဆောင်ရွက်ခြင်း၊ အထွက်တိုးစေနိုင်မည့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ပေးခြင်း၊ တောင်သူများ လက်လှမ်းမီသော စိုက်ပျိုးရေးနည်းစနစ်များ အသိပေးခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် လူတစ်ဦး‌ပျမ်းမျှ စားသုံးနှုန်းသည် စပါး ၁၅ တင်းဖြစ်ပါကြောင်း၊ တိုးတက်နေသော လူဦးရေနှုန်းအရ ဖြစ်ပေါ်လာမည့် လူဦးရေ သန်း ၁၀၀ အတွက် ကြိုတင်မျှော်မှန်းပြီး စပါးတင်းသန်း ၁၅၀၀ ထွက်ရှိရေးအတွက် စနစ်တကျကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ဧကသည် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် မိုးတွင်းကာလဟာသည် စိုက်ပျိုးဧက ၁၆.၇၈၅၂၈၆ တွင် ရိပ်သိမ်းဧက ၁၆.၆၉၉၈၅၂ ဖြစ်ပြီး ပျမ်းမျှထွက်နှုန်း ၇၆.၈၂ တင်းဖြစ်သည့်အတွက် ထွက်တင်းပေါင်း ၁၂၈၂.၉၄၂၀၁၆ တင်းဖြစ်ပါကြောင်း၊  နွေစပါးစိုက်ဧက ၃.၀၉၉၅၅၄ ဧကတွင် ရိပ်သိမ်းဧက ၃.၀၉၆၅၀၈ ဖြစ်ပြီး ပျမ်းမျှထွက်နှုန်း ၈၉.၉၃၄ ဖြစ်သည့်အတွက် ထွက်တင်းပေါင်း ၂၇.၈၄၆၇၃၅၀ သန်းပေါင်းဖြစ်ပါကြောင်း၊ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း စပါး စုစုပေါင်းစိုက်ဧက ၁၉.၈၈၄၈၄၀ တွင် ရိပ်သိမ်းဧက ၁၉.၇၉၆၃၆၀ ဖြစ်သည့်အတွက် အထွက်နှုန်းပျမ်းမျှ ၇၈.၈၇ ဖြစ်သည့်အတွက် စုစုပေါင်းအထွက်တင်းပေါင်း ၁၅၆၂.၄၀၉၃၆၆ ဖြစ်သည့်အတွက် ပိုမိုတိုးတက်စေရန် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကို ဥပဒေနှင့်အညီ ဖြေရှင်းနိုင်စေရန် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေတွင် မိမိတို့ လုပ်ပိုင်ခွင့်ရသည့် လယ်မြေများကို အမွေဆက်ခံခြင်း၊ ပေါင်နှံခြင်း၊ မိမိတို့ ဆန္ဒအလျောက် အပြီးအပိုင်လွှဲပြောင်းခြင်းတို့ကို ပြုလုပ်ခွင့်ပြုထားသော်လည်း ထပ်ဆင့်လွှဲပြောင်း လက်ခံသူများသည် လယ်ယာမြေများကို စိုက်ပျိုးရေးမှတစ်ပါး အခြားနည်းလမ်းအားဖြင့် အလွယ်တကူအသုံးမပြုနိုင်ရန် တားမြစ်ထားပါကြောင်း၊ နိုင်ငံတော်၏ စီမံကိန်းအရ အခြားနည်း အသုံးပြုရမည်ဆိုပါက စပါးစိုက်ဧကများ လျော့နည်းဆုံးရှုံးမှုမရှိစေရန် အလေးထား ဆောင်ရွက်နိုင်ရေးအတွက် ပြဋ္ဌာန်းထားပါကြောင်း၊ ယခုအခြေအနေတွင် လယ်ယာမြေများအတွင်း လယ်ယာမြေများတွင် ခြံစည်းရိုးတိုင်များ စိုက်ထူမှုများအား တွေ့မြင်နေရခြင်း၊ အချို့သော ကျေးလက်ဒေသများတွင် နိုင်ငံတော်ကအသိအမှတ်ပြု စီမံကိန်းများနှင့် မသက်ဆိုင်သော တောင်သူများထံမှ လယ်ယာမြေများအား ဝယ်ယူပြီး မြေကွက်များဖော်ထုတ်၍ မြေပြန်လည် ရောင်းချနေခြင်းများ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံသားများ အဓိကစားသုံးသီးနှံဖြစ်သော ဆန်စပါးဖူလုံပိုလျှံမှုရှိရေးအတွက် (၁) အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းဆုံးရှုံးသွားသော ဆန်စပါးစိုက်ပျိုးမြေများအတွက် အစားထိုးဖော်ထုတ်ရေးနှင့် ထပ်မံတိုးချဲ့ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ (၂) ဆန်စပါးစိုက်ပျိုးမြေများတွင် စီမံကိန်းမဟုတ်သော အခြားနည်းဖြင့် အသုံးပြုလျက်ရှိနေသူများအား ကာကွယ်တားဆီးရန် မည်သို့ဆောင်ရွက်ထားသည်နှင့် (၃) ဆန်ဖူလုံပိုလျှံရေးအတွက် မည်သို့ စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းမေးခွန်း(၁)နှင့် စပ်လျဉ်း၍ နိုင်ငံတော်စားရေရိက္ခာ ဖူလုံရေးသည် တိုင်းဒေသကြီး/ပြည်နယ်အားလုံးအပေါ်တွင် အခြေပြုလျက်ရှိရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များသည် မိမိဒေသအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးသွားသည့် လယ်မြေအတွက် စိုက်ဧကမလျော့စေရန်အတွက် ဆည်ရေသောက် ဒေသများတွင် စပါးတစ်သီးမှ နှစ်သီးကို သီးထပ်အဖြစ် စိုက်ဧကတိုးစေရန် စိုက်ပျိုးခြင်း၊ ဒေသအလိုက် စိုက်ဧကများ တိုးချဲ့ဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၂-၂၀၁၃ ခုနှစ်အထိ  စားကျက်မြေ၊ မြေရိုင်းဧရိယာ၊ သစ်တောမြေများပေါ်တွင် စိုက်ဧကများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စိုက်ပျိုးမြေအဖြစ် တောင်သူလယ်သမားများမှ ဖော်ထုတ်စိုက်ပျိုးခဲ့သည်ကို စစ်တမ်းများအရ တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပြဋ္ဌာန်းပြီး ပုဂ္ဂလိကနှင့် ကုမ္ပဏီအဖွဲ့အစည်းများသည် မြေလွတ်မြေရိုင်းများကို တိုးချဲ့ဖော်ထုတ်စိုက်ပျိုးနိုင်ရန် ဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မေးခွန်း (၂) ပါ အခြားနည်းအသုံးပြုမှုကြောင့် ဆန်စပါး စိုက်ပျိုးမြေများ လျော့နည်းသွားမှုကို ဥပဒေဖြင့် ကာကွယ်တားဆီးနိုင်ရန်အတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၂၉ တွင် နိုင်ငံတော်၏ ရေရှည်အမျိုးသားအကျိုးစီးပွားအလို့ငှာ စီမံကိန်းလုပ်ငန်းကြီးများအတွက် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနသည် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေး သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို ရယူရမည်ဖြစ်ပါကြောင်း၊ လယ်ယာမြေဥပဒေဥပဒေပုဒ်မ ၃၀ တွင် အများပြည်သူ အကျိုးအတွက် လယ်ယာမြေကို အခြားနည်းအသုံးပြုရန်လည်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၏ စိစစ်ခွင့်ပြုမူဖြင့် ပြဋ္ဌာန်းထားရှိပြီးလည်း ဖြစ်ပါကြောင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိသူသည် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပြဋ္ဌာန်းချက် ပုဒ်မ ၁၂ ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက် ပုဒ်မ ၁၂ တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခွင့်မပြုရ၊ ခိုင်လုံသောအကြောင်ပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရဟု တိကျစွာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း။

လယ်ယာမြေဥပဒေပုဒ်မ ၁၂ ပါ စည်းကမ်းချက်အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက်တစ်ခုခုကိုဖြစ်စေ၊ လိုက်နာရန် ပျက်ကွက်ပါက လယ်ယာမြေဥပဒေပုဒ်မ ၁၉ အရ အောက်ပါအတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပုဒ်မ ၁၉ တွင် လယ်ယာမြေ ၁၂ ပါ စည်းကမ်း ချက်များအားလုံးကိုဖြစ်စေ၊ စည်းကမ်းချက် တစ်ခုခုကိုဖြစ်စေ လိုက်နာရန်ပျက်ကွက်လျှင် ဝန်ကြီးဌာနကိစ္စအလို့ငှာ ခန့်အပ်သည့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့်တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်။ သတ်မှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း။ လယ်ယာမြေပေါ်မှ နှင်ထုတ်ခြင်း၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းစသည့် အဆောက်အအုံများကို ဖယ်ရှားခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၁၉ တွင်လည်း  မလိုက်နာပါက ပုဒ်မ ၃၅ နှင့် ၃၆ တို့အရ အနည်းဆုံး ဒဏ်ငွေ ကျပ်သုံးသိန်းမှ ငါးသိန်းအထိ လည်းကောင်း အများဆုံး ထောင်ဒဏ် ခြောက်လမှ နှစ်နှစ်ထိလည်းကောင်း ချနိုင်သည်ဟု ပုဒ်မ ၃၅၊ ၃၆ တွင် ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေ ဥပဒေအတိုင်းလိုက်နာကျင့်သုံးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စားရေရိက္ခာဖူလုံလုံခြုံစေရေးအတွက် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရန် လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုနှင့်  ပြည်ထောင်စုအစိုးရအဖွဲ့မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များကိုလည်း ညွှန်ကြားချက်များတိတိကျကျ လိုက်နာရန် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊

မေးခွန်း (၃) နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး ဆန်ကိုအဓိကစားသုံးသည့် နိုင်ငံဖြစ်သည့်အတွက် ခေတ်အဆက်ဆက် စပါးကို အဓိကအရေးကြီးသီးနှံအဖြစ် စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်များ ချမှတ်ပြီး မြန်မာနိုင်ငံ၏ လူဦးရေ ၅၁.၄၂ သန်းအတွက် ဆန်ဖူလုံမှု ရာခိုင်နှုန်းသည် ၁၆၈ ရာခိုင်နှုန်းရှိပြီး တိုးတက်လာမည့် လူဦးရေ သန်း ၁၀၀ အတွက် ရည်မှန်းကာ ၂၀၃၀-၂၀၃၁ ခုနှစ်ထိ နှစ် ၃၀ စီမံကိန်းကို မဟာဗျူဟာ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဖူလုံ၍ အာဟာရပြည့်ဝသော စားရေရိက္ခာရရှိရေး၊ တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်ရရှိရေးအတွက် သင့်တင့်မျှတသော ဈေးနှုန်းနှင့် ဈေးကွက်ရရှိရေး အဓိကအချက်များကို တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့်အညီ ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရန်အတွက်၊ ဖူလုံရန်အတွက် စိုက်ဧကများတိုးချဲ့ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် နည်းဗျူဟာများနှင့် ကျင့်သုံးပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်ရန်အတွက် ရေမြေဒေသနှင့် ကိုက်ညီသော အထူးအထွက်တိုး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ပြောင်းလဲစိုက်ပျိုးရန်၊ ရေသွင်းစိုက်ဧရိယာများ တိုးချဲ့ပြီး ရေသွင်းစနစ် စနစ်တကျဆောင်ရွက်ရန်၊ ရိတ်သိမ်းခြွေလှေ့သည်မှာ ကြိတ်ခွဲသည်အထိ အလေအလွင့်နည်းပါးစေရန် စက်မှုလယ်ယာများကို သုံးစွဲရန်၊ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုး နည်းစနစ်များကိုသုံးစွဲရန်၊ သွင်းအားစုများဖြစ်သော သြဇာများကို အချိုးကျ၊ အချိန်ကိုက် ထိထိရောက်ရောက် မှန်ကန်စွာ အသုံးပြုမှုစသည့် နည်းဗျူဟာများကို ချမှတ်ပြီး ဆန်စပါးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို အဓိကထားပြီး (FAO)၊ (IRRI)၊ (IFAD) စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး Rice Policy  ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေးမူဝါဒ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံသားများ၏ အဓိကစားသုံးသီးနှံ Rice is Life နှင့်အညီ ဆန်စပါးသည်  ပြည်သူများ၏အသက်ဖြစ်၍ တာဝန်ရှိအဖွဲ့အစည်းများ၊ ပြည်သူ ပြည်သားအားလုံး ဆန်စပါးထုတ်လုပ်ရေးကို ဝိုင်းဝန်ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ရှင်းလင်းဖြေကြားပါသည်။