(က)-ကျောက်ကပ်အစားထိုးကုသမှုခံယူရန်လိုအပ် သည့် လူနာများအတွက် လူနာ၏ မိသားစု ရင်းချာ သာမက Tissue အမျိုးအစား တူသူတို့ကို လှူဒါန်း ခွင့်ပြုရန်ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာ ဥပဒေတွင်ထည့်သွင်းပြဋ္ဌာန်းရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၂၀.၁၁.၂၀၁၄)

ဒေါက်တာအောင်သန်း (ရွှေဘို) မြန်မာနိုင်ငံမှာ ကျောက်ကပ်အစားထိုးကုသမှုကို ၁၉၉၇ ခုနှစ်မှစပြီး ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ခွဲစိတ်ကုသပေးခဲ့ခြင်းကြောင့် အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ ကျောက်ကပ်အစားထိုး ကုသမှု (၅)နှစ်အထိ အသက်ရှင်နှုန်းသည် ၇၃% ရှိသည့်အတွက်ကြောင့် အောင်မြင်မှုမြင့်မားသည်ဟု သုံးသပ်ရမည်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် နောက်ပိုင်းမှစ၍ ယအခုအချိန်အထိ ကျောက်ကပ်အစားထိုးကုသမှု အနည်းငယ်သာ ကုသပေးနိုင်ကြောင်း သိရှိရပါသည်။ ကုသမှုများ နည်းပါးသွားရသည့် အကြောင်းအရင်းကို လေ့လာကြည့်သည့်အခါတွင် ကျောက်ကပ်လှူဒါန်းသူသည် လူနာ၏ မိသားစုဝင် ရင်းချာများသာ ဖြစ်ရမည်ဟူသော ညွှန်ကြားချက်အရ ဝမ်းကွဲညီအစ်ကိုများ၊ မောင်နှမများ၊ အခြားဆွေမျိုးမတော်စပ် သူများမှ လှူချင်သော်လည်း လှူခွင့်မရဖြစ်နေကြောင်း၊ အခြားနိုင်ငံများတွင် ဆွေမျိုးမတော်စပ်သော်လည်း Tissue Typing လို့ခေါ်သည့် Classing အမျိုးအစားတူလျှင် ကျောက်ကပ်လှူလို့ရသည်ဟု သိရှိရပါကြောင်း၊ သို့ပါ၍ အခြားနိုင်ငံများကဲ့သို့ ကျောက်ကပ်လှူဒါန်းသူများ ရရှိနိုင်ရန် Tissue Typing  တူသူudk လှူဒါန်းခွင့်ပြုရန် Organ Transplant လို့ခေါ်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသခြင်းနှင့် ပတ်သတ်ပြီး ရှိပြီးသား ဥပဒေဖြစ်သော ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန် အစီအစဉ်ရှိ/မရှိနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်း ဆိုင်ရာဥပဒေကိုပြင်ဆင် ရေးဆွဲပြီးစီးမှု အခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာကိစ္စများ ဦးနှောက်သေဆုံးသူများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းခြင်းနှင့် သက်ရှိထင်ရှားရှိသူများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းများတွင် (၂)မျိုးရှိပါသည်။ ဦးနှောက်သေဆုံးသူများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းတွင် Tissue Typing နှင့် Type များကိုက်ညီမှု ရှိ/မရှိစစ်ဆေး၍ ကိုက်ညီမှုရှိပါက အစားထိုးကုသ ပေးနိုင်သော်လည်း သက်ရှိထင်ရှားရှိသူများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းတွင်မူ လူသားတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှု၊ မသမာနည်းများဖြင့်ရယူမှုများ မဖြစ်စေနိုင်ရန်ရည်ရွယ်၍ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာ ဥပဒေအသစ်အား ပြန်လည်ရေးဆွဲလျက်ရှိပါကြောင်း၊ ထိုသို့ ရေးဆွဲရာတွင် ကျန်းမာရေးဝန်ကြီးဌာနကြီးကြပ်၍ ကျွမ်းကျင်သူ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ ဆက်နွယ်သည့် ပါရဂူများ၊ ဥပဒေဆိုင်ရာကျွမ်းကျင်သူများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများဖြင့် ဆွေးနွေးရေးဆွဲလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာ ဥပဒေတွင် ကျောက်ကပ်လှူဒါန်းခြင်း တစ်ခုတည်းသာမဟုတ်ဘဲ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများ လှူဒါန်းခွင့် ရရှိနိုင်ရေးနှင့် အမှန်တကယ်လှူဒါန်းခွင့်ရရှိသူ အားလုံးလှူဒါန်းခွင့် ရရှိရေးတို့ကို ဆွေးနွေးရေးဆွဲလျက် ရှိပါကြောင်း၊ ၎င်းအပြင် စနစ်တကျ စစ်ဆေးလှူဒါန်းနိုင်ရေး ကိစ္စများပါ ဥပဒေတွင် ပါဝင်နိုင်ရေးအတွက် ရေးဆွဲလျက်ရှိကြောင်း၊ ကိုယ်အင်င်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲမှု အခြေအနေ ရှိမှုနှင့်ပတ်သက်၍ ကျွမ်းကျင်သူပုဂ္ဂိုလ်များ၊ ဥပဒေပညာရှင်များနှင့် အခြားသက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ရေးဆွဲမှုများ အားလုံးပြီးစီးပြီဖြစ်၍ နောက်ဆုံးအသေးစိတ်ဆွေးနွေးမှု ပြုလုပ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက် တောင်းခံခဲ့ပြီးဖြစ်ရာ ၁၇-၁၁-၂၀၁၄ ရက်နေ့တွင် သဘောထားမှတ်ချက် ပြန်လည်ရရှိပြီဖြစ်ပါကြောင်းနှင့် ၎င်းသဘောထားမှတ်ချက်အပေါ် ပြုပြင်စရာရှိသည်များကို ပြင်ဆင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆက်လက်ဆောင်ရွက် တင်ပြသွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။