(က)-သံတွဲမြို့ငပလီမဇင်လေယာဉ်ကွင်းလေကြောင်း ရဲတပ်ဖွဲ့အား၂၀၁၆ခုနှစ်ပွင့်လင်းရာသီအမီဖွဲ့စည်းပေး ရန်နှင့်ပင်လယ်ပြင်ရေကြောင်းရဲတပ်ဖွဲ့ကိုအမြန်ဆုံးဖွဲ့ စည်းပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးစတုတ္ထနေ့ (၁၉.၁၁.၂၀၁၅)

သံတွဲမြို့ ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေကြသော ပြည်တွင်းပြည်ပခရီးများအနေဖြင့် လေကြောင်း ခရီးကို အဓိက အားထားဦးရဲထွန်း (သံတွဲ) အသုံးပြုကြပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင်  ပြည်တွင်းပြည်ပခရီးသည် နိုင်ငံခြား သားများအပါအဝင် ခရီးသည် ၅၀၀၀၀ ကျော်ရရှိ၍ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၅၀၀၀၀ ဦးနီးပါး ရရှိပါကြောင်း၊ ၂၀၁၅ သြင်္ကန်ကာလများတွင် ၁ ရက်လျှင် လေယာဉ် ၂၄ စီး အထိ ဆင်းသက်ပါကြောင်း၊

သံတွဲမြို့ မဇင်လေယာဉ်ကွင်းသည် ရွာကိုထက်ဝက်ခြမ်းထားသကဲ့သို့ဖြစ်နေသည့်အတွက် လေယာဉ်ကွင်း တစ်ဖက်တစ်ချက်ကျေးရွာများသည် လေယာဉ်ကွင်းကို ဖြတ်သန်း၍ သွားလာမှုများ ပြုလုပ်ကြပါကြောင်း၊ ထိုသို့ သွားလာနေမှုများသည် လေယာဉ်များ အဆင်းအတက်ပြုလုပ်ချိန်၌ အရမ်းအန္တရာယ်များပါကြောင်း၊ ထို့ကြောင့် လေယာဉ်ကွင်း လုံခြုံရေးအတွက် ခြံစည်းရိုး ကာပေးရန်လိုအပ်သကဲ့သို့ လေယာဉ်အဆင်း/ တက်ချိန်များတွင် လုံခြုံရေးချထားပေးရန်အတွက် မဇင်လေယာဉ်ကွင်းကို လေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်း ပေးနိုင်ခြင်းရှိ/မရှိသိရှိလိုပါကြောင်းနှင့် ထို့ပြင် ဘင်္ဂလားပင်လယ်အော်မှ တရားမဝင် ဝင်ရောက် သွားလာ သော လှေစီးဒုက္ခသည်၊ လှေစီးခိုးဝင်သူများဝင်ရောက်ခြင်းကို ကာကွယ်နိုင်ရန် ကင်းလှည့်ရေ ာဉ်များ ပါရှိသော ရေကြောင်းရဲတပ်ဖွဲ့ကို ယခုနှစ်တွင် ဖွဲ့စည်းပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းမန်မာနိုင်ငံရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၄/၂၀၁၂)၏  သဘောတူညီချက်အရ လေကြောင်း ရဲတပ်ဖွဲ့မှူးရုံး တစ်ရုံး၊ လေကြောင်းရဲတပ်ဖွဲ့ခွဲ သုံးခွဲ၊ လေကြောင်းရဲတပ်ဖွဲ့စု ရှစ်စုတို့ကို အသစ်တိုးချဲ့ ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ရည်မှန်းချက်တာဝန်များအနေဖြင့် (က) မြန်မာနိုင်ငံ လေကြောင်းနယ်နိမိတ်ပိုင်နက်များရဲ့ လုံခြုံရေး နှင့်တရားဥပဒေစိုးမိုးရေး၊ (ခ) ဒုစရိုက်မှုခင်းများနှင့် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်း ဝယ်မှုစသည့်မှုခင်းများ မဖြစ်ပွားစေရေး၊ (ဂ) ပြည်တွင်းလေဆိပ်များအား ကာကွယ်စောင့်ရှောက်ရေး၊ (ဃ) လေယာဉ်လမ်းကြောင်း လုံခြုံရေး၊ ရှင်းလင်းရေးတာဝန်များ ထမ်းဆောင်ရေး၊ (င) သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက ဒုက္ခသည်များကို ကယ်ဆယ်စောင့်ရှောက်ရေးတို့ဖြစ်ပါကြောင်း၊  

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် နေ့တွင် လေကြောင်းရဲတပ်ဖွဲ့စု(သံတွဲ)ကို စတင်ဖွင်‌့လှစ်ပြီး လေဆိပ်လုံခြုံရေးတာဝန်များကို ထမ်းဆောင် နေပြီ ဖြစ်ပါကြောင်း၊ သံတွဲလေဆိပ်လေယာဉ်ပြေးလမ်း၏ မြောက်ဘက်နှင့်အရှေ့ဘက်များတွင် နေရာ ၂ ခု ခွဲပြီး မြန်မာ့တပ်မတော်နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များက လေယာဉ်ပြေးလမ်းနှင့် အပြင်စည်းလုံခြုံရေး အတွက် လေကြောင်းရဲတပ်ဖွဲ့စု(သံတွဲ)နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သံတွဲ လေဆိပ် လေယာဉ်ကွင်းလုံခြုံရေးအတွက် လက်ရှိတွင် မူလလေယာဉ် ပြေးလမ်း(၅၅၀၀ ပေ x ၁၀၀ ပေ)၏ တောင်ဘက်ထိပ်၌ သံပြားပေါက်များနှင့် အလျား ၂၅၀၀ ပေ၊ ပြေးလမ်း ဝဲ/ယာတွင် ကျန်ရှိနေသည့် အပိုင်းကို ၆ ပေအမြင့်ရှိ သံကူကွန်ကရစ်တိုင် သွပ် ဆူးကြိုး ရှစ်တန်းနှင့် အလျား ၁၀၃၁၆ ပေတို့ကိုလည်းကောင်း၊ လေယာဉ်ပြေးလမ်းကို မြောက်ဘက်သို့ အလျား ၂၅၀၀၀ ပေ ထပ်မံတိုးချဲ့ခဲ့သည့်အတွက် တိုးချဲ့ပြီးအပိုင်းတွင် အမြင့် ၆ ပေရှိ သံကူကွန်ကရစ်တိုင်သွပ်ဆူးကြိုး ရှစ်တန်းနှင့် အလျား ၆၉၀၀ ပေတို့ဖြင့် လေယာဉ်ကွင်းပတ်လည်ကို ခြံစည်းရိုးကာရံထားပြီးဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လေယာဉ်ကွင်း လုံခြုံရေးအတွက် ကာရံထား ရှိသော ခြံစည်းရိုးများကို နှစ်စဉ်အပိုင်းလိုက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက် ဆောင်ရွက်ထားပြီး ဖြစ်သည်ကို သိရှိရပါကြောင်း၊  

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ်(၂၄/၂၀၁၄)၏ သဘောတူညီချက်အရ ရေကြောင်း ရဲ တပ်ဖွဲ့မှူးတစ်ရုံး၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ ငါးခွဲ၊ ရေကြောင်းရဲတပ်ဖွဲ့စု ခြောက်စုတို့ကို အသစ်တိုးချဲ့ ဖွဲ့စည်းခွင့်ပြုခဲ့ပြီး  ရည်မှန်းချက်တာဝန်များအနေဖြင့် (က) ဘေးဒုက္ခရောက်ရှိနေသူများအား ကယ် ဆယ်နိုင်စွမ်းရှိရမည်၊ (ခ) လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်ရမည်၊ (ဂ) ရေကြောင်း သွားလာ လုပ်ကိုင်နေသူများ၊ ရေကြောင်းစီးပွားလုပ်ငန်းများ အတွက် လုံခြုံမှုရှိစေရေး ဆောင်ရွက်နိုင် ရမည်ဟူ၍ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ၏ လက်ရှိတပ်ဖွဲ့ဝင် အင်အားအခြေ အနေအရ ဖွဲ့စည်းပုံပါ ရေကြောင်းရဲတပ်ဖွဲ့မှူးရုံးတစ်ရုံး နှင့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ သုံးခွဲကိုသာ ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သံတွဲမြို့တွင် လှေစီးခရီးသည်များ တရားမဝင် ဝင်ရောက်မှု ကာကွယ် နိုင်ရန်နှင့် ရေကြောင်းဝင်/ထွက်ပေါက်များ စောင့်ကြည့်နိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့ကို အဆင့်ဆင့်တိုးချဲ့ တည်ဆောက်လျက်ရှိသော်လည်း မြေနေရာလိုအပ်ခြင်း၊ ဖွဲ့စည်းပုံနှင့်အညီ တပ်ဖွဲ့ ဝင်အင်အားနှင့် တိုက်ပွဲဝင်လုပ်ငန်းသုံးရေယာဉ်များ ဖြည့်တင်းနိုင်မှုမရှိခြင်းတို့ကြောင့် ရေကြောင်းရဲ တပ်ဖွဲ့စု(သံတွဲ)ကို ဖွင့်လှစ်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်းနှင့် ပင်လယ်ပြင်လုံခြုံရေးအတွက် မြန်မာ့တပ်မတော်(ရေ)မှ တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။  

ဦးရဲထွန်း (သံတွဲ မဲဆန္ဒနယ်)  က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့ လေကြောင်းရဲတပ်ဖွဲ့များသည် လေယာဉ်ကွင်းတွင် မှာ နာရီအချိန်ပြည့် တာဝန် ထမ်းဆောင်ရသူများဖြစ်သည့်အတွက် လေယာဉ်ကွင်းပိုင်မြေပေါ်တွင် ရဲတပ်ဖွဲ့ဝင်များနေထိုင်ရန် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာများကို ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း

လေကြောင်းရဲတပ်ဖွဲ့များ နေထိုင်နိုင်ရန် ယခုအချိန်တွင် နေရာ သုံးနေရာတွင်သာ  အဆောက်အဦ များ ဆောင်ရွက်နိုင်ခြင်းရှိပါကြောင်း၊ အသစ်ဖွဲ့စည်းထားသည့်နေရာများကို ဘဏ္ဍာရေးနှစ်အလိုက် တင်ပြ တောင်းခံ ဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း၊ သို့သော် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် သံတွဲ လေကြောင်း ရဲတပ်ဖွဲ့၏ အဆောက်အဦများ ဆောက်လုပ်ပေးရန် ပါဝင်နိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။