တမူးခရိုင်အတွင်း ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း ရေကြီး ရေလျှံမှုကြောင့် ရွာလုံးကျွတ်ရေနစ်မြှုပ်သဖြင့် အလှော်ကျေးရွာ၊
ပွတ်သာကျေးရွာနှင့် ခမိတ်ကျေးရွာ များသည် ကျေးရွာများပြောင်းရွှေ့ကြမည့် အနေအထားရှိပြီး အလှော်နှင့် ပွတ်သာကျေးရွာများရှိ တိုင်းဒေသကြီးအစိုးရမှပေးသော ဆိုလာမီး များအားလုံး ပျက်စီးခဲ့ကြရပါကြောင်း၊ ထို့ကြောင့် အဆိုပါအလှော်ကျေးရွာ၊ ပွတ်သာကျေးရွာ နှင့် ခမိတ်ကျေးရွာ ဆိုလာမီးရရှိနိုင်ရေးများအတွက် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ ထို့ပြင် မြို့သစ်-ရွာသာ-မွေလင်း-တုံးမန-ထုံကလင်-နောင်ကတ်ရွာ- မွေသားလမ်းပေါ်ရှိ ပေ ၁၀၀ ရှိ သစ်သားတံတားတစ်စင်းနှင့် ထုံကလင်ကျေးရွာ အနီးရှိ ကသဲအင်းတံတား ပေ ၈၀ တံတား ပျက်စီးသွားခဲ့ခြင်းနှင့်စပ်လျဉ်း၍ မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၅၈၄.၆၂၃ သန်းဖြင့် လျှပ်စစ်မီးသွယ်တန်းခြင်း ကျေးရွာ ၄၅ ရွာ၊ ဆိုလာစနစ်ဖြင့် ကျေးရွာ ၁၉၄ ရွာ စုစုပေါင်း ကျေးရွာ၂၃၉ ရွာတို့ကို ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊
တမူးမြို့နယ်၊ ရွာသာ-တုံမန-ထုံကတင်-နောင်ကတ်လမ်းပေါ်ရှိ ၁၀၀ ပေ x ၁၅ ပေ သစ်သားတံတား ပျက်စီးမှုကို ပြင်ဆင်ဆောင်ရွက်မည်ဆိုပါက ငွေကျပ် ၄၈ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ တမူးမြို့နယ်၊ ကသဲအင်းရွာတံတားသည် င့် ယာယီတံတားဖြစ်ပြီး မိုးရာသီတွင် သွားလာ၍မရနိုင်ပါကြောင်းနှင့် ၈၀ ပေ x ၁၄ ပေ အုတ်ခုံခံ၊ သံဘောင်ယက်မ၊ သစ်သားကြမ်းခင်းတံတားအဖြစ် ဆောင်ရွက်မယ်ဆိုပါက ငွေကျပ် ၄၆.၆၄ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာခုနစ်ရွာ၊ အိမ်ခြေ ၉၄၈၊ လူဦးရေ ၃၀၁၂ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၁၇၅၁၂.၀၄ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကတ္တရာလမ်း ၂၆ မိုင် ၅ ဖာလုံ၊ ကျောက်ချောလမ်း ၁၈၉ မိုင် ၃ ဖာလုံ၊ မြေသားလမ်း ၂၁၈ မိုင် ၃ ဖာလုံ၊ ကွန်ကရစ်တံတား ၆၄၅ ပေ၊ သစ်သားတံတား ၂၄၇၀ ပေ၊ ကွန်ကရစ်ရေကျော် ၃၇၀ ပေနှင့် Box Culvert ၁၆၉ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊
တမူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၃၅.၄ သန်းဖြင့် ကျေးရွာ ခုနစ်ရွာ ကွန်တောင်း(ရွာသစ်)၊ အင်ဒိုင်း၊ ရန်တိုင်းအောင်၊ ဝိတုတ် ရွာသစ်၊ ထန်းတပင်၊ ပန်းသာ၊ စွန်လည်ရွာမ စသည့်ရွာများမှ အိမ်ခြေ ၆၇၇ အိမ်အတွက် ဆိုလာစနစ်ဖြင့် ခွင့်ပြုခဲ့ပြီး ရန်ပုံငွေကျပ် ၅၃၇.၄၈ သန်းဖြင့် ကျောက်ချောလမ်းရှစ်မိုင်နှင့် မြေသားလမ်း ၁၂ မိုင်တို့ကို ဆောင်ရွက်ဖို့ ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ တမူးမြို့နယ်၊ အလှော်ကျေးရွာ၊ ပွတ်သာကျေးရွာ၊ ခမိတ်ကျေးရွာ ဆိုလာမီးလင်းရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေမှ ခွင့်ပြုထား ခြင်းမရှိသေးပါကြောင်းနှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် NEP(National Electrification Plan)တွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တမူးမြို့နယ်အတွင်းရှိ သဘာဝ ဘေးအန္တရာယ်(ရေဘေး)ကြောင့် ပျက်စီးခဲ့သော တံတား(၂)စင်းအနက် ကသဲအင်းရွာ တံတားကို ခွင့်ပြုငွေကျပ် ၄၆.၆၄ သန်းဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ရွာသာ-တုံမန-ထုံကတင်-နောင်ကတ် လမ်းပေါ်ရှိ ၁၀၀ ပေ x ၁၅ ပေ သစ်သားတံတားကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် တင်ပြတောင်းခံပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
