မိမိတို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ဆောင်သည့်နိုင်ငံဖြစ်ပြီး ရာသီဥတု ဖောက်ပြန်မှုများ မည်သို့ပင်ရှိစေကာမူ
စိုက်ပျိုးရေးလုပ်ငန်းကို အတတ်နိုင်ဆုံး အောင်မြင်မှုရရှိအောင် ကြိုးပမ်းအားထုတ်ကြရပါကြောင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်မှုများ ရှိလာနိုင်ပါကြောင်း၊ ယခုနှစ် မြန်မာနိုင်ငံ၏ ရာသီဥတုသည် ထူးခြားမှုရှိသည့် နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊ မိုးဦးကာလတွင်လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါကြောင်း၊ ၎င်းအခြေအနေများကို သုံးသပ်ပြီး ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော စိုက်ပျိုးရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အရေးကြီး လာပါကြောင်း၊ သို့မှသာ ရာသီဥတုစိန်ခေါ်မှုကို ကျော်လွှားပြီး စိုက်ပျိုးထုတ်လုပ်မှုများ မကျဆင်းအောင် ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခု ၂၀၁၅ ခုနှစ် စိုက်ပျိုးရေးရာသီတွင် ရာသီဥတု၏ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု စိုက်ပျိုးရေးပညာရှင်များက ခန့်မှန်းထားကြပါကြောင်း၊ ထိုအခြေအနေများကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေအခက်အခဲများ ကြုံတွေ့ လာနိုင်ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေသိုလှောင်မှု မိုးဦးရာသီ စိုက်သီးနှံများ အောင်မြင်ရရှိမှုနှင့် ဆောင်းရာသီသီးနှံများ အစိုဓာတ်လုံလောက်မှုရရှိရန် အစီအမံများဖြင့် အမျိုးသားရေသိုလှောင်ရေးလှုပ်ရှားမှု (National Water Harvesting Campaign-NWHC) တစ်ရပ်ကို အကောင်အထည်ဖော်ရန် လိုအပ်လာပါကြောင်း၊ ရေသိုလှောင်ထိန်းသိမ်းရေး အစီအမံများ တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်သော်လည်း ရေရရှိရန် အလွန်နည်းပါးသည့် ဒေသများတွင် သီးနှံစိုက်ပျိုးမှုပုံစံများ ပြောင်းလဲဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် စပါးစိုက်ပျိုးရန် ရေလုံလောက်စွာမရရှိခဲ့ပါက စိုက်ပျိုးရေများစွာ မလိုသော ပဲအမျိုးမျိုးနှင့် အခြားသီးနှံများ စိုက်ပျိုးခြင်းဖြင့် သီးနှံဆုံးရှုံးမှုများ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ သရက်မျိုးများကို စိုက်ပျိုးခြင်းဖြင့် ရက်အနည်းငယ်ဖြင့်သာ စိုက်ပျိုးနိုင်သော သီးနှံများကို ရွေးချယ်စိုက်ပျိုးသင့်ပါကြောင်း၊ ထို့ကြောင့် ရာသီဥတု ဖောက်ပြန်စိန်ခေါ်မှုများကြောင့် စိုက်ပျိုးရေး လုပ်ငန်းများကို မထိခိုက်စေရန် မည်သို့သော အစီအမံများ ချမှတ်လုပ်ဆောင်နေသည်နှင့် အမျိုးသား ရေသိုလှောင်ရေးလှုပ်ရှားမှု (Water Harvesting Canpaign-NWHC) ကို မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ရသည့်နည်းတူ မြန်မာနိုင်ငံသည်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းစသည့် ရာသီဥတုဖောက်ပြန်မှုများကြောင့် သီးနှံများပျက်စီးခြင်းနှင့် ပိုးမွှားရောဂါကျရောက်ခြင်း ဘေးအန္တရာယ်များနှင့် ကြုံတွေ့နေရပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်သည့် သီးနှံများထိခိုက်ပျက်စီးမှုကို လျော့နည်းသက်သာစေရန်အတွက် လွန်ခဲ့သောသုံးနှစ်ခန့်က စတင်ပြီး Result and Development များ စစ်တမ်းများ ကောက်ယူကာ အောက်ပါနည်းလမ်းများအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများမှာ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိပြီး ရေလိုအပ်ချက်နည်းပါးသော သက်လျှင်စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးစေခြင်း၊ ဥပမာ- ရက် (၉၀) စပါး၊ ရက် (၇၀) စပါး စသည့် သက်ရင့်မျိုးများနှင့် ပြောင်းလဲစိုက်ပျိုးစေခြင်း၊ မိုးကောင်းသောက်ဧရိယာများမှာ Cropping Pattern အရ ရေငတ်ဒဏ်ခံနိုင်သော ပဲတီစိမ်းနှင့်ပဲစဉ်းငုံ သီးညှပ်ပုံစံစိုက်ပျိုးပြီး ပဲတီစိမ်းရိတ်သိမ်းပြီးပါက မိုးလယ်နှမ်း သို့မဟုတ် မိုးလယ်မြေပဲကို သီးနှံပုံစံပြောင်းလဲစိုက်ပျိုးစေခြင်း၊ Mixed Cropping နည်းအရ သီးနှံသစ်တော ရောနှောစိုက်ခင်းပုံစံဖြစ်သည့် နှစ်ရှည်ပင်သရက်နှင့် မိုးနှမ်း၊ ပဲတီစိမ်း၊ မြေပဲ သီးညှပ်စိုက်ပျိုးစေခြင်း၊ စပါးစိုက်ပျိုးရန် ရေမသေချာသော ဒေသများတွင် Crop Diversification နည်းအရ စပါးအစား ရေလိုအပ်ချက်နည်းပါးသော စီးပွားရေးတွက်ခြေကိုက်သည့် သီးနှံများကိုပြောင်းလဲ စိုက်ပျိုးစေခြင်း၊ မိုးနည်းရေရှားဒေသများတွင် နှစ်စဉ်စိုက်ပျိုးနေသော မိုးသီးနှံများသည် မိုးခေါင်မှု ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရသော နှစ်စဉ် အတွေ့အကြုံများအရ စီးပွားရေးတွက်ခြေကိုက်သော သီးနှံများကို ပြောင်းလဲစိုက်ပျိုးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြိုင်၊ ဆားလင်းကြီးစသည့် ဒေသများတွင် ယာမြေများတွင် မိုးနှမ်းသည် နှစ်စဉ်ပျက်စီးနေသည့်အတွက် စီးပွားရေးတောင်သူများ အတွက် အကျိုးရှိသော သနပ်ခါး၊ အရာတော်မြို့နယ်ကဲ့သို့ ဒေသများတွင် မိုးနှမ်းနှစ်စဉ် ပျက်စီးဆုံးရှုံးမှုအတွက် ဆင်ရွေးပင်စသည့် သီးနှံများ၊ တမူးမြို့နယ်ကဲ့သို့ ဒေသများတွင် မျောက်ငိုပင်စသည့် တောင်သူလယ်သမားစိုက်ပျိုးသူများအတွက် အကျိုးစီးပွား တွက်ချေကိုက်စေမည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးစေခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် ရေကြီးနစ်မြုပ်မှုဒဏ်ခံနိုင်သော စပါးမျိုးများပြောင်းလဲစိုက်ပျိုးစေခြင်း၊ ရေမြုပ်ဒဏ်ခံနိုင်သော ဆင်းသွယ်လတ်စပါး၊ ရေနက်ခံစပါးများကို သုတေသနပြုလုပ်ပြီး စတင်စိုက်ပျိုး ဆောင်ရွက်စေခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးခေါင်ရေရှားဒေသများတွင် ရာသီဥတုထိန်းသိမ်းရန်အတွက် ကန်သင်းများတွင် သရက်၊ ထန်း၊ လဲမှို့နှင့် လျော်ဖြူပင်များကို စိုက်ပျိုးခြင်းများဖြင့် အပိုဝင်ငွေ ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ Technique အရ မိုးကောင်းသောက် ယာမြေများတွင် မိုးကြိုကာလမှာ မိုးကြိုထယ်ရေးခံထားခြင်းဖြင့် ရွာသွန်းမည့်မိုးရေများကို စီးဆင်းဆုံးရှုံးမှုမရှိစေရန် စိုက်ပျိုးမည့် ယာသီးနှံများတွင် စုဆောင်းသိုလှောင်နိုင်သည့်အတွက် မိုးကြိုထယ်ရေးများ ပြုလုပ်စေခြင်း၊ မိုးရေကို ထိန်းသိမ်းနိုင်ရန်အတွက် သဘာဝမြေသြဇာများကို ထည့်သွင်းပြီး မြေ၏ရူပဂုဏ်သတ္တိစသည်များကို ပြောင်းလဲစေခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တောင်သူလယ်သမားများ ရာသီအလိုက် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးနည်းပညာများ၊ နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာများ၊ တောင်သူလယ်သမားကဏ္ဍ (Farmer Channel) ရုပ်သံလိုင်းနှင့် ဂျာနယ်များမှတဆင့် နှိုးဆော်ချက်များကိုလည်း ထုတ်ပြန်ပေးလျက်ရှိပါကြောင်း။
ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လာပါက စိုက်ပျိုးရေအခက်အခဲမရှိစေရန် မူလရှိထားပြီးသော ရေလှောင်တမံများဖြင့် ရေပေးဝေလျက်ရှိသော ဒေသများတွင် တည်ဆောက်ပြီးရေလှောင်တမံနှင့် ရေထိန်းအဆောက်အအုံများ၏ လိုအပ်ချက်များကိုပြင်ဆင်ပေးခြင်း၊ ရေပေးမြောင်းများတွင် ရေဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရေအသုံးပြုသူ တောင်သူများသို့ လက်တွေ့ကျ၍ အကျိုးရှိဆုံးသီးနှံပုံစံတွဲများကို စိုက်ပျိုးစေခြင်းဖြင့် ထိရောက်သော ရေစီမံခန့်ခွဲမှုဆိုင်ရာ ပညာပေးသင်တန်းများကို ဖွင့်လှစ်ပို့ချပေးခြင်း စသည့် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။
မိုးရွာသွန်းမှုနည်းပါးသော ဒေသများတွင် စိုက်ပျိုးရေနှင့် သောက်သုံးရေ အခက်အခဲမရှိစေရန် ဖို့အတွက် အောက်ပါ လုပ်ငန်းအစီအမံများကိုလည်း အမျိုးသားရေသိုလှောင်ရေးလှုပ်ရှားမှု (National Water Harvesting Campaign-NWHC) အသွင်ဖြင့်ဆောင်ရွက်လျက်ရှိပါတယ်။
ကျေးရွာများ၌ မြေသားမိုးရေသိုလှောင်ကန်များ တည်ဆောက်သည့်နည်းလမ်း (ဥပမာ-မန္တလေး တိုင်းဒေသကြီး၌ ကန်ငယ်ပေါင်း ၄၀၀ ကျော်ကိုပြန်လည်ပြုပြင်ခြင်းနှင့် တည်ဆောက်ပေးခြင်း)၊ မိုးရေများ မြေကြီးအတွင်းသို့ ဝင်ရောက်စေ၍ အစိုဓာတ်ကို ကာလအတိုင်းအတာအထိ ထိန်းသိမ်းသွားနိုင်သော နည်းလမ်းများကို ဆောင်ရွက်လျက်ရှိခြင်း၊ စက်ရေတွင်းများတူးဖော်ပြီး မြေအောက်ရေထုတ်ယူသုံးစွဲသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိခြင်း (ဥပမာ-မိတ္ထီလာမြို့နယ်တွင် ကျေးရွာပေါင်း ၉၃ ရွာမှာ ရေတွင်းပေါင်း၊ စက်ရေတွင်းပေါင်း ၃၅၃ တွင်း တူးဖော်ပေးခြင်း)၊ မြေအောက်ရေအခြေအနေပေးသော သဲချောင်းများတွင် မြေအောက်ရေစုကန် (Underground Water Storage Reservoir) များ တည်ဆောက်ပြီး ရေစုဆောင်းဖြန့်ဖြူးသည့်နည်းလမ်း အထူးသဖြင့် အပူပိုင်းဇုံဒေသများတွင် ဆောင်ရွက်လျက်ရှိခြင်း၊ ယခု တောင်တွင်းကြီးမြို့နယ်တွင် စမ်းသပ်ဆောင်ရွက်ရာ အောင်မြင်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရေလေလွင့်မှုနည်းပါး၍ ထိရောက်စွာပေးဝေနိုင်သော ပိုက်လိုင်းများမှ တစ်ဆင့် ရေအစက်ချ၍ပေးဝေသည့်နည်းလမ်း (Drip Irrigation with Pipeline System)နှင့် ပိုက်လိုင်းများမှတဆင့် ရေဖျန်းသည့်စနစ်ဖြင့် ပေးဝေသောနည်းလမ်း (Spinkler Irrigation with Pipeline System) များကို စတင်သုံးစွဲစေခြင်း၊ သောက်သုံးရေအတွက် ကျေးရွာရှိနေအိမ် အချို့တွင် စဉ့်အိုး၊ အုတ်ရေကန် စသည်ဖြင့် မိုးရွာစဉ် သောက်ရေအတွက် ရေသိုလှောင်ထားနိုင်သော နည်းလမ်များကို ဆောင်ရွက်လျက်ရှိခြင်း၊ ရေဘေးကာကွယ်ရေးအတွက် သဘာဝချောင်းမြောင်းများကို ပြုပြင်တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ စီမံဆောင်ရွက်ထားမည့် နည်းလမ်းများကို တစ်နိုင်ငံလုံးတွင် အမျိုးသားရေသိုလှောင်ရေးလှုပ်ရှားမှုအသွင်ဖြင့် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ ဦးဆောင်မှုဖြင့် စီမံချက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
