ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းသည် လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်များတွင် ပါဝင်ပြီး အရှေ့တောင်အာရှတွင် အကြီးမားဆုံး စီးပွားရေးဇုန်တစ်ခုဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိအနေဖြင့် အနောက်ဥရောပနိုင်ငံများနှင့် ကမ္ဘာ့အရှေ့နိုင်ငံများသို့ ကုန်စည်များတင်ပို့ရာတွင် ရေလမ်းခရီးမှ သွားမည်ဆိုပါက ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများမှတစ်ဆင့် မလက္ကာရေလက်ကြားမှဖြတ်ပြီး တောင်တရုတ်ပင်လယ်ကိုပတ်ပြီး သင်္ဘောများသွားရတဲ့အခါမှာ အချိန်ကြာမြင့်ခြင်းနှင့်အတူ ကုန်ကျစရိတ်များကြီးမားခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်သည့် မုန်တိုင်းများ၊ ပင်လယ်ဓားပြများ၏ အန္တရာယ်လည်း ကြုံတွေ့နိုင်ပါကြောင်း၊ ထို့ကြောင့် ဒီစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ အခက်အခဲများ ကျော်လွှားနိုင်ရန်နှင့် အနောက်ဘက် ပင်လယ်ဖြစ်သည့် ကပ္ပလီပင်လယ်တွင်ရှိသည့် ထားဝယ်ဆိပ်ကမ်းမှ အရှေ့ဘက်ပင်လယ်ရှိ ဘန်ကောက်ဆိပ်ကမ်းကို ကုန်းလမ်းခရီးကို နာရီပိုင်းနှင့် ရောက်နိုင်သည့်အတွက် စီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း၊ စီးပွားရေးအရ ဒေသခံပြည်သူများနှင့်အတူ မိမိတို့မြန်မာနိုင်ငံအတွက်လည်း အထူးပဲစီးပွားရေးအကျိုးများစွာဖြစ်ထွန်းနိုင်သည့် စီမံကိန်းတစ်ခုဖြစ်သည့်အတွက် ယင်းထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်စပ်လျဉ်း၍ ၂၀၁၃ခုနှစ် အောက်တိုဘာလ ၃၁ ရက်တွင် နေ့မှာ ထားဝယ်အထူးစီးပွားရေးဇုန်၏ အခြေအနေကို ပြည်ထောင်စုလွှတ်တော တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စတင်စဉ်က ထားဝယ်အထူးစီးပွားရေးဇုန်အမည်နှင့် မဟုတ်ဘ ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုနယ်မြေနှင့် ထိုင်းနိုင်ငံသို့ အဝေးပြေးကားလမ်းနှင့်ရထားလမ်း တည်ဆောက်ရေး စီမံကိန်းအဖြစ် စတင်ခဲ့ခြင်းဖြစ်ပါကြောင်း၊
စီမံကိန်းနေရာသည် ရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်ခြင်းကြောင့် ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ် ပင်လယ်တို့ကို ဆက်သွယ်ပေးခြင်းဖြင့် ကုန်စည်ပို့ဆောင်ထောက်ပံ့ရေးလမ်းကြောင်းကို အဆင်ပြေချောမွေ့ စေမည်ဖြစ်ရာ ရေနက်ဆိပ်ကမ်း စီမံကိန်းကို ၂၀၀၈ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းများ စတင်ဆောင်ရွက်နိုင်ရန် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့် ထိုင်းနိုင်ငံ အီတာလျံ-ထိုင်းကုမ္ပဏီတို့က မူဘောင် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး စတင်ခဲ့ပါကြောင်း၊
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ကြီးမားသည့်အတွက်ကြောင့် စီမံကိန်းအဆင့်များခွဲပြီး ဆောင်ရွက်ရပါကြောင်း၊ စီမံကိန်းအဆင့်(၁)ဆောင်ရွက်ရန် ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်မှုများအရ အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံခန့်ကုန်ကျမည်ဟု သိရှိရပါကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ပမာဏကြီးမားပြီး ငွေကြေးမြောက်မြားစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်ပြီး စီမံကိန်းလုပ်ငန်း များကို သတ်မှတ်အချိန် ဇယားအတိုင်း အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊
ထို့ကြောင့် နှစ်နိုင်ငံအစိုးရများက ဦးစီးဆောင်ရွက်ပေးနိုင်ရန် မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အတွက်ကိုလည်း အဆင့်မြင့် ကော်မတီများ၊ ဆပ်ကော်မတီများ၊ မြန်မာ-ထိုင်းပူးတွဲအဆင့်မြင့်ကော်မတီနှင့် ပူးတွဲလုပ်ငန်း ကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အစည်းအဝေးများပြုလုပ်ပြီးနောက် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူ များအနေဖြင့် နိုင်ငံတကာလုပ်ထုံးလုပ် နည်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ရင်းနှီးမြှုပ်နှံနိုင်အောင် ဆောင်ရွက်ပေးမည့် ပင်မကုမ္ပဏီဖြစ်သော Special Purpose Vehicle ကို မြန်မာနိုင်ငံဘက်က နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံဘက်မှ Neighboring Countries Economic Development Cooperaton Agency တို့က ကိုယ်စားပြုဌာနများအဖြစ်ဆောင်ရွက်ပြီးတော့ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် အမည်ဖြင့် ထိုင်းနိုင်ငံမှမှတ်ပုံတင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းကုမ္ပဏီသည် ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲ့မှုကော်မတီ၏ (Advisor)၊ (Facilitator)နှင့် (Coordinator) အဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊
ထို့နောက် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းတွေ အကောင်အထည်ဖော်ရန် စတုတ္ထအကြိမ် ပူးတွဲလုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပကာ စီမံခန့်ခွဲမှုကော်မတီနှင့် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီလီမိတက် တို့ချုပ်ဆိုသော မူဘောင်သဘောတူစာချုပ်၊ စီမံခန့်ခွဲမှုကော်မတီကုမ္ပဏီနှင့် အီတာလျံ-ထိုင်းတို့ အကြားတွင်ချုပ်ဆိုသော သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီတို့အကြား လက်မှတ်ရေးထိုးခဲ့သော ၂၀၁၀ ကလက်မှတ်ရေးထိုးခဲ့သော မူဘောင် သဘောတူစာချုပ်ကို ရပ်ဆိုင်းသော စာချုပ်များ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက် စေရန်နှင့် ဒေသခံ ပြည်သူလူထုအတွက် အလုပ်အကိုင်ရရှိစေဖို့ ရည်ရွယ်ချက်ဖြင့် ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းတွေကို ကနဦးစီမံကိန်းနဲ့ ပင်မစီမံကိန်းဆိုပြီး အဆင့်(၂)ဆင့် ခွဲပြီး သတ်မှတ်ခဲ့ပါကြောင်း၊
ပင်မစီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ သံမဏိစက်ရုံ၊ ဓါတ်မြေ သြဇာစက်ပေးရုံ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ရေပေးဝေရေးစနစ်နှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ၊ ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ်စပ်ကို ဆက်သွယ်ပေးမည့် အဝေးပြေးကားလမ်း၊ မီးရထားလမ်း၊ ရေနံနှင့်သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ မြို့ပြနှင့် စီးပွားရေး အချက်အချာအဆောက်အဦများ၊ ခရီးသွားလုပ်ငန်းများ၊ အပန်းဖြေနေရာစခန်းစသည့် စီမံကိန်းကြီး များပါဝင်မည်ဖြစ်ပါကြောင်း၊ ကနဦးစီမံကိန်းမှာတော့ နှစ်လမ်းသွားကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦး စက်မှုဇုန်၊ ကနဦးလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကနဦးလူနေ အဆောက်အဦများနှင့် မြို့ပြစီမံကိန်း၊ ကနဦးရေပေးဝေရေးစီမံကိန်းနှင့် ဆက်သွယ်ရေးလိုင်းများ ပါဝင်လာမည်ဖြစ်ပါကြောင်း၊ ပြီးစီးမှုအခြေအနေများကို တင်ပြရမည်ဆိုပါက စီးပွားရေး ဇုန်ကနေ နယ်စပ်အထိ ဖောက်လုပ်ထားတဲ့ နှစ်လမ်းသွားမြေသားလမ်း ပြီးစီးနေမှု၊ စီမံကိန်းဧရိယာ၏ တောင်ဘက်စွန်းရှိ စီမံကိန်းအတွက် ကနဦးအထောက်အကူဖြစ်မည့် ဆိပ်ကမ်းငယ်တည်ဆောက်မှုလုပ်ငန်း၏ တိုးတက်မှု၊ ရေပေးဝေရေးအတွက်ကို ပယင်းဖြူဆည်ကို စီမံကိန်း ဧရိယာအတွင်း တည်ဆောက်ထားရှိမှု၊ စီမံကိန်းဧရိယာ အတွင်းရှိ လူနေအိမ်ခြေများ ပြောင်းရွှေ့ရန် ဘဝါဟူသောနေရာတွင် Local Site အဖြစ် အိမ်ခြေပေါင်း၊ စုစုပေါင်း ၄၈၀ တည်ဆောက်ခဲ့ပြီးစီးမှု၊ စီမံကိန်း ဧရိယာအတွင်း လမ်းဖောက်ခြင်း၊ စီမံကိန်းဧရိယာအတွင်းရှိ ITD ၏ စခန်းများ၊ ပြခန်းများ၊ တည်းခိုရန် အဆောက်အဦများ ဆောက်လုပ်ခြင်းကို ဆောင်ရွက်ခဲ့ပြီးသား ဖြစ်ပါကြောင်း၊
ယင်းစီမံကိန်းများ ကနဦးစီမံကိန်း စတင်ဆောင်ရွက်မယ်ဖြစ်မည်ဖြစ်ခြင်းကြောင့် လုပ်ငန်းနှစ်ခုကို ကနဦး ဆောင်ရွက်ခဲ့ရပါကြောင်း၊ ITD ကုမ္ပဏီအနေဖြင့် အထက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ယင်း၏ ကုန်ကျစရိတ်ဖြင့် ကနဦးလုပ်ငန်းဆောင်ရွက်ရန် Project Management Office ကိစ္စနှစ်ခု ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့အကြားမှာ အရင်ချုပ်ဆိုခဲ့သော ပူးပေါင်းသဘောတူ စာချုပ်ကို ရပ်ဆိုင်းခြင်းမပြုမီ ကာလအထိ အဆိုပါကုမ္ပဏီက ဆောင်ရွက်ခဲ့သော လုပ်ငန်းတွေကို တန်ဖိုး တွက်ချက်ခြင်းကို ယခုနှစ် သြဂုတ်လကုန်မှာ ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊
ကနဦး စီမံကိန်းလုပ်ငန်းတွေကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် Developer နှင့် Investor တွေကို နိုင်ငံတကာ တင်ဒါခေါ်ယူခြင်း၊ International Tender မပြုလုပ် ဘဲ Selective Bidding ပုံစံဖြင့် ပြုလုပ်ရန် အီတာလျှံ-ထိုင်း၏ စုပေါင်းကုမ္ပဏီ (ITD Consortium)နှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနက တစ်ဆင့် ဂျပန်ကုမ္ပဏီများကို ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်းကို နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊
ထို့နောက် တင်ဒါခေါ်ယူထားသော အဖွဲ့များထံမှ ကမ်းလှမ်းလွှာတင်သွင်းခြင်းကို စက်တင်ဘာလ ၂၂ ရက်နေ့က လက်ခံရရှိပြီး စစ်ဆေးကြည့်ရှုခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းတွေကို ဆောင်ရွက်ခဲ့ရာတွင် ဂျပန်နိုင်ငံ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းကို စိတ်ဝင်စား ကြောင်းနှင့် စီမံကိန်းသည် မဲခေါင်ဒေသနိုင်ငံများ၏ သွင်းကုန်၊ ထုတ်ကုန် အချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ပါကြောင်း၊ သို့အတွက် ဂျပန် နိုင်ငံအနေဖြင့် အစိုးရဌာနများနှင့် ပုဂ္ဂလိကကုမ္ပဏီများက ပထမအဆင့် စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်ပြီး အချက်အလက်များပိုမိုသိရှိရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်နိုင် ခြေကို လေ့လာစိစစ်သွားမည်ဟူ၍ ပြန်ကြားလာပါကြောင်း၊
METI က ဦးဆောင်ပြီး Economic Research Institute for ASEAN and East Asia (ETIA)မှ တာဝန်ယူမည်ကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် ရေရှည်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် သုတေသနလုပ်ငန်း ၃ ခုဖြစ်သော မြန်မာနိုင်ငံစက်မှုလုပ်ငန်းဆိုင်ရာ စီမံကိန်းနှင့် မဲခေါင်-အိန္ဒိယ တောင်ဖက် စီးပွားရေး စြင်္ကံဖွံ့ဖြိုးတိုးတက်ရေးသုတေသန၊ ထားဝယ်အထူးစီးပွားရေး ဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာလေ့လာသုံးသပ်ရေး သုတေသနနှင့်ထားဝယ်အထူးစီးပွား ရေးဇုန်ဖွံ့ဖြိုးမှုအတွက် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍအကြား ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်ရေး သုတေသနတို့ကို ၂၀၁၅ ခုနှစ်၊ မတ်လအပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ETIA ကိုလည်း ထားဝယ်အထူးစီးပွားရေး ဇုန်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တွင် ဂျပန်နိုင်ငံကိုယ်စားပြုအဖြစ် လက်ခံထားရှိရန် ကမ်းလှမ်းထားသည်များရှိပါကြောင်း၊
ယခင်က ချုပ်ဆိုခဲ့သော မူဘောင်သဘောတူစာချုပ်သည် Binding Power အားနည်းခြင်းကြောင့် အဆိုပါစာချုပ်ကို ရပ်ဆိုင်းပြီး နိုင်ငံတကာစံနှုန်းများအရ ပိုမိုစနစ်ကျပြီး စည်းနှောင်းမှုအားကောင်းသော ပုံစံကို ပြောင်းလဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကနဦး စီမံကိန်းလုပ်ငန်းများတွင် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အတွက်ကိုလည်း ညှိနှိုင်းဆောင်ရွက် ထားပါကြောင်း၊
ကနဦးစီမံကိန်းလုပ်ငန်းတွေအတွက် အဓိကအချက်တွေကတော့ ကျွန်တော်တို့ ကနဦးစီမံကိန်းလုပ်ငန်းများ အတွက် စီမံကိန်းကာလက ရှစ်နှစ်နှင့် Industrail Estate အတွက် တတိယနှင့် စတုတ္ထအကြိမ် ခွင့်ပြုမယ့် မြေဧရိယာ ၁၃ အတွက်ကိုတော့ ၄.၂၅ နှုန်းနှင့် ကောက်ခံမည်ဖြစ်ပြီး ကျန်ရှိနေရာများတွင် ၂.၅ ကောက်ခံမည်ဖြစ်ပါကြောင်း။ ထို့ပြင် လူနေအိမ်ရာများ ပြန်လည်နေရာချထားမည့်နေရာများနှင့် အများသုံး နေရာကို မြေငှားရမ်းခ ကောက်ခံမည်မဟုတ်ပါကြောင်း၊ မဟုတ်ပါဘူး။ နှစ်စဉ်ကြေးအဖြစ် ဒေါ်လာ နှစ်သန်းပေးသွင်းရမှာဖြစ်ပါကြောင်း၊
ထာဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနယ်နိမိတ်ကို ၂၀၁၂ ခုနှစ်၊ မတ်လမှာ သတ်မှတ်ထုတ်ပြန် ခဲ့ရာတွင် ၂၀၄ စတုရန်းကီလိုမီတာ ဧက ၅၀၅၃၅ ရှိပါပြီး နယ်နိမိတ် အတွင်းတွင် လူနေကျေးရွာ ၁၆ ရွာ ပါဝင်နေခြင်းကြောင့် ရွှေ့ပြောင်းရခက်ခဲသော ရွာများကို ချန်လှပ်ပြီး မြောက်ဘက်ခြမ်းရှိ နေရာများကို အစားထိုး သတ်မှတ်ခဲ့ခခြင်းကြောင့် အကျယ်အဝန်းအားဖြင့် ၁၉၆ စတုရန်း ကီလိုမီတာ၊ ဧကအားဖြင့် ၄၈၀၀၀ ကျော်သာ ပါရှိမည်ဖြစ်ပြီး စီမံကိန်းဇုန်အတွင်း ကျေးရွာ (၆)ရွာသာ ပါဝင်တော့မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
