(ဃ)-ကျုံပျော်မြို့နယ်ရှိ အိတ်ကတွတ်နှင့် ဒိုးဒန်းငူ ကျန်းမာရေးဌာနခွဲ တို့အတွက် အဆောက်အအုံများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၅.၉.၂၀၁၄)

ဒေါက်တာစိုးသူရ (ကျုံပျော်)ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း ကျန်းမာရေးဌာန (၇) ခုနှင့် ကျန်းမာရေးဌာနခွဲပေါင်း ၃၈ ခု ရှိပါကြောင်း၊ ဌာနခွဲ ၂၃ ခုတွင် သင့်တင့်ကောင်းမွန်သော အဆောက်အအုံများ မရှိပါကြောင်း၊  အချို့သော ကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများအား သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ စီစဉ်ပေးမှုဖြင့် ဆောင်ရွက်၍ အဆင်ပြေသော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ မီးဖွားမှုဆောင်ရွက်ရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရပါကြောင်း၊ အိမ်တိုင်ရာရောက် လိုက်လံမွေးဖွားပေးမှုများ ဆောင်ရွက်ရာတွင်လည်း အဆင်ပြေချောမွေ့ခြင်းမရှိသည့်အပြင် ပိုးမွှားသန့်ရှင်းရေးလုပ်ငန်းများလည်း ပြည့်ဝစွာဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ အိတ်ကတွတ်၊ ဒိုးဒန်းငူ၊ ဂနိမ်း၊ မျော့တူ စသောကျန်းမာရေးဌာနများတွင် အဆောက်အအုံများမရှိသည့်အပြင် သွားလာရေးခက်ခဲသော အရပ်ဒေသများလည်းဖြစ်သောကြောင်း  ကျုံပျော်မြို့နယ်အတွင်းရှိ ကျန်းမာရေးအဆောက်အအုံမရှိ၍အခက်အခဲများ ကြုံတွေ့နေကြရသောဒေသများအနက်မှ အိတ်ကတွတ် ကျန်းမာရေးဌာနခွဲနှင့် ဒိုးဒန်းငူ ကျန်းမာရေးဌာနခွဲတို့အတွက်အဆောက်အအုံအသစ်များဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျုံပျော်မြို့နယ် ဆေးရုံတွင် လက်ထောက်ဆရာဝန် (၂) ခန်းတွဲ တစ်လုံး၊ သူနာပြု (၄) ခန်းတွဲ တစ်လုံး၊ ဝန်ထမ်းနေအိမ် (၆) ခန်းတွဲ တစ်လုံးတို့အတွက် ကျပ်သန်း ၇၀၊ ရေစခန်းတိုက်နယ်ဆေးရုံ၊ အထောင်တိုက်နယ်ဆေးရုံ၊ အင်းရဲတိုက်နယ်ဆေးရုံနှင့် ဒိုက်ဗျိုက်တိုက်နယ်ဆေးရုံတို့တွင် လက်ထောက်ဆရာဝန်နေအိမ် (၂) ခန်းတွဲ တစ်လုံး၊ သူနာပြု (၄) ခန်းတွဲ တစ်လုံး၊ ဝန်ထမ်း( ၆) ခန်းတွဲနေအိမ် တစ်လုံး ဆောက်လုပ်ပေးရန်အတွက် ကျပ် ၆၈ သန်း၊ ဝဲကြီးကျေးရွာ၊ မိုးကြိုးပစ်ကျေးရွာ၊ ဒနော်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ကျပ် သန်း ၆၀၊ ရှားခဲကျေးရွာ၊ အင်းတယောကျေးရွာ၊ ကုန်းသာကြီးကျေးရွာ၊ ညောင်ပင်ဆိပ်ကျေးရွာကျေးလက် ကျန်းမာရေးဌာနခွဲ များ ဆောက်လုပ်ပေးရန် ကျပ် ၃၅ သန်း ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အိတ်ကတွတ်ကျန်းမာရေးဌာနခွဲနှင့် ဒိုးဒန်းငူကျန်းမာရေးဌာနခွဲတို့ ဆောက်လုပ်ပေးရန် လောလောဆယ်အစီအစဉ်မရှိသေးပါကြောင်းနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးနှစ်အလိုက် စီမံကိန်းများအရ ဦးစားပေးအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။