ဟုမ္မလင်းမြို့နယ် နောင်ဆန်းကျင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံသည် လွန်ခဲ့သည့်အနှစ် ၄၀ ခန့်က ကျေးရွာသူ/ကျေးရွာသားများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ကြသည့် အဆောက်အဦဖြစ် ပါကြောင်း၊ နှစ်ပေါင်း ၄၀ ကြာပြီဖြစ်သောကြောင့် အဆောက်အဦသည် သစ်သားတိုင်၊ သစ်သားကာ၊ သွပ်မိုးဖြစ်သည့်အတွက် ဥပဓိရုပ်မကောင်းရုံသာမက အန္တရာယ်ရှိသော အဆောက်အအုံအဖြစ် ကျရောက်နေသည့် အတွက် စံကိုက်အဆောက်အဦအဖြစ် အမြန်ဆုံးဆောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိ၊ RECO စတင်ခွင့်ပြုစဉ်ကပင် ဖွဲ့စည်းပုံထဲတွင် ပါမလာသော ကျန်းမာရေးဆရာများကြောင့် ဝန်ထမ်းများ လစ်လပ်နေသည့်အတွက် ယခုကာလတွင် ဖွဲ့စည်းပုံအသစ်နှင့် ဖြည့်စွက်ပြီးပေးနိုင်ပါရန် အဆောက်အဦပုံစံကိုလည်း မိမိတို့အနေဖြင့် ဓာတ်ပုံနှင့်တကွ တင်ပြထားပြီးဖြစ်သည့်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် နောက်ဆက်တွဲ ဘက်ဂျက်တွင်ထည့် သွင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ /မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၁၄-၁၅ ခု ဘတ်ဂျက်အား (၅) နှစ်စီမံကိန်းလျာထားချက်များ အပေါ်မူတည်၍ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များ၊ လွှတ်တော်ကတိကဝတ်လုပ်ငန်းများ၊ ဒေသဆိုင်ရာ လုပ်ငန်းစဉ်များကို ဦးစားပေးအစီအစဉ်အတိုင်း ထည့်သွင်းလျာထားခဲ့ပါကြောင်း၊ ဥပဒေကြမ်းအတည် မပြုမီ ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှု ကော်မတီမှပေးပို့သော ညှိနှိုင်းချက်များကိုလည်း လျာထား ခဲ့ပါကြောင်း၊ ဖြည့်စွက်ရန်ပုံငွေတင်ပြရာတွင် အမျိုးသားစီမံကိန်းဥပဒေ၌ မပါဝင်သော လုပ်ငန်းစီမံကိန်း သစ်များကို တောင်းခံခြင်းမပြုရန်၊ မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ အတွက်ကိုသာ တင်ပြတောင်းခံရန် ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နောင်ဆန်းကျင်ကျေးရွာ၏ လိုအပ်ချက်များကို ၂၀၁၄-၂၀၁၅ ခု ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းလျာထားခြင်း မရှိပါကြောင်းနှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက်ရန်ပုံငွေ တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ဟုမ္မလင်းမြို့နယ် နောင်ဆန်း ကျင်ကျေးလက် ကျန်းမာရေးဌာန လက်အောက်တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ (၃) ခုရှိပြီး အဆိုပါကျေးလက် ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် အခြေခံကျန်းမာရေးဝန်ထမ်းများ ဖြစ်ကြသော လက်ထောက်ကျန်းမာရေးမှူး၊ အမျိုးသမီးရေးဆရာမ၊ သားဖွားဆရာမပြည်သူ့ ကျန်းမာရေး ကြီးကြပ် (၂)နှင့် ဘက်စုံဝန်ထမ်းများကို ဖွဲ့စည်းပုံအပြည့် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နောင်ဆန်းကျင် ကျေးလက်ကျန်းမာရေးဌာနတွင် ဖွဲ့စည်းပုံအရ လစ်လပ်လျက်ရှိသော အမျိုးသမီးကျန်းမာရေးဆရာမ (၁) ဦးနှင့် ဘက်စုံဝန်ထမ်း (၁) ဦး၊ ခိုတောင်းနှင့် ရေကျော်ကျေးလက် ကျန်းမာရေးဌာနခွဲများတွင် လစ်လပ်သည့် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) နှစ်ဦးတို့အား ခန့်ထားရေးကို စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန အစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
