ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာသည် ကျေးရွာ (၆) ရွာဖြင့် ဖွဲ့စည်းထားသည့် အုပ်စုကျေးရွာဖြစ်ပြီး လူဦးရေ ၃၀၀၀ ကျော်နှင့် ၎င်းကျေးရွာနှင့် နီးစပ်လျက်ရှိသည့် ကဘင်ကျေးရွာအုပ်စုတွင်လည်း ရွာပေါင်း (၇) ရွာနှင့် ဖွဲ့စည်းနေထိုင်ကာ ရေလမ်းခရီးဖြင့်သာ ဆက်သွယ်သွားလာနိုင်ပြီး ကျန်းမာရေးအတွက် အရေးပေါ်ကိစ္စများ ကိုလည်း စခန်းသစ်ကျေးရွာတိုက်နယ်ဆေးရုံကိုသာ မှီခိုအားထားနေကြရပါကြောင်း၊ အဆိုပါ စခန်းသစ်ကျေးရွာ တိုက်နယ်ဆေးရုံတွင် တစ်ဦးတည်းရှိသည့် ဆရာဝန်တစ်ဦးသည် ပြောင်းရွှေ့သွားသည်မှာ တစ်နှစ်ခန့် ကြာမြင့်သည်ဖြစ်သော်လည်း ယခုချိန်အထိ အစားထိုးခန့်ထားပေးခြင်း မရှိသေးပါကြောင်း၊ ထို့အတူ ကျွန်းစုမြို့နယ်ရှိ ခုတင် ၂၅ ဆံ့ ဆေးရုံတွင်လည်း ဖွဲ့စည်းပုံအရ မြို့နယ်ဆရာဝန်ကြီးတစ်ဦးနှင့် လက်ထောက်ဆရာဝန် (၅) ဦး ခန့်ထားခွင့်ရှိသော်လည်း လက်ရှိတွင် လက်ထောက်ဆရာဝန်တစ်ဦးကိုသာ ခန့်ထားခဲ့ပြီး မိုးတွင်းကာလ တစ်လျှောက်လုံး ကျွန်းစုမြို့နယ်တွင် ရာသီဥတုဆိုးရွားလှသည့်အပြင် မုန်တိုင်းဒဏ်ကြောင့် ကျေးရွာအချို့တွင် အိမ်များ ပျက်ဆီးခဲ့ရပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါဝေဒနာရှင်များ တစ်နေ့လျှင် လူနာ ၇၀ ယောက် ခန့်ကို မြို့နယ်ဆရာဝန်ကြီး ကျန်းမာရေးကြောင့် ရန်ကုန်တွင် ဆေးဝါးကုသမှုခံယူနေဆဲကာလတွင် လက်ထောက် ဆရာဝန်တစ်ဦးတည်းဖြင့် ကုသပေးနေခဲ့ရပါကြောင်း၊ ၎င်းအပြင် ယခင်နှစ်က ပြန်လည်ပြုပြင်ပေးခဲ့သည့် X-Ray ဓာတ်မှန်ဟောင်းမှာလည်း လုံးဝပျက်စီးသွားပြီး ပြုပြင်ရန် လုံးဝ မဖြစ်နိုင်တော့သဖြင့် အသစ်အစားထိုးပေးရန် လိုအပ်နေပါကြောင်း၊ သို့ပါ၍ စခန်းသစ်ကျေးရွာ တိုက်နယ်ဆေးရုံတွင် ပြောင်းရွှေ့သွားပြီး လစ်လပ်နေသည့် ဆရာဝန်တစ်ဦးအား ပြန်လည်ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ၊ ဆေးရုံမှာလည်း ပြန်လည်ပြုပြင်ရန် လိုအပ်နေ ပါသဖြင့် အစားထိုးပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ကျွန်းစုမြို့နယ် ဆေးရုံတွင်လည်း လက်ထောက်ဆရာဝန်များ ထပ်မံဖြည့်သွင်းပေးရန်နှင့် ပျက်ဆီးနေသည့် X-Ray ဓာတ်မှန်အစား ဓာတ်မှန်အသစ်နှင့် ECT စက် တစ်ခုကို ထောက်ပံ့ပေးရန် အစီအစဉ်ရှိ/မရှိ၊ စခန်းသစ်တိုက်နယ်ဆေးရုံနှင့် ကျွန်းစုဆေးရုံတွင် ဆရာဝန်များ ထပ်မံဖြည့်စွက် ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ခန့်အပ်ပေးမည်ဖြစ်ကြောင်းနှင့် အထောက်အကူပြုကိရိယာများကိုလည်း မည်သည့်အချိန်တွင် ထောက်ပံ့ပေးမည်ဖြစ်ကြောင်းကို သိရှိလိုကြောင်း မေးမြန်းပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ စခန်းသစ် ကျေးရွာအုပ်စု စခန်းသစ်ကျေးရွာရှိ ၁၆ ခုတွင်ဆံ့ တိုက်နယ်ဆေးရုံတွင် လစ်လပ်နေသည့် ဆရာဝန်တစ်ဦးအား ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ခန့်အပ်ပေးရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ စခန်းသစ်ကျေးရွာရှိ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံသည် ပြန်လည်ပြုပြင်ရန် လိုအပ်နေပါသဖြင့် အစားထိုးပြုပြင်ပေးရန်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျွန်းစုမြို့နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ကျပ် သန်း ၁၀၀၊ တာရာပိုင်း ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ကျပ်သန်း ၁၅၀၊ ပထပ် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန် ကျပ်သန်း ၁၅၀၊ ကမ္မော်တိုက်နယ်ဆေးရုံဆောက်လုပ်ရန် ကျပ်သန်း ၅၀ တို့ကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါရန် စခန်းသစ်ကျေးရွာ ၁၆ ခုတွင်ဆံ့ တိုက်နယ်ဆေးရုံ ပြန်လည်ပြုပြင်ရန် ၂၀၁၄-၁၅ ခု ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေမှ ကျခံပေးနိုင်သော ပမာဏဖြစ်ပါက ကျခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျွန်းစုဆေးရုံတွင် ဆရာဝန်အင်အားထပ်မံခန့်အပ်ရန်နှင့် ဓာတ်မှန်ဇင့် ဖြည့်ဆည်းပေးရန်အတွက် မူလမေးခွန်းတွင် ပါရှိခဲ့ခြင်း မရှိသည့်အတွက် ကျန်းမာဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန၏ စီမံကိန်းများနှင့် ပြန်လည်စိစစ်ပြီး တင်ပြမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
