(င)-ဟောင်းနွမ်း၊ မှင်စွန်းနေသော ဒေါ်လာများကို ဘဏ်များက မည်သည့်အတွက်ကြောင့် လက်မခံခြင်းနှင့် ကမ္ဘာလှည့်ခရီးသွားများထံမှTravellers Cheque များကို လက်ခံနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၁၁.၉.၂၀၁၄)

ဦးအောင်ကြိုင် (ညောင်ဦး)ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဌာန၊ ပုဂံဌာနခွဲက ကမ္ဘာလှည့်ခရီးသည်များကို  ဇုန်ဝင်ကြေး များကောက်ခံ၍ ကောက်ခံရရှိသော ဒေါ်လာများကို ရန်ကုန်ရုံးချုပ်သို့ပို့ရပါကြောင်း၊ ရန်ကုန်ရုံးကနေတစ်ဆင့် FERD ကိုပို့၍ အပ်နှံရာတွင် ဟောင်းနွမ်းနေသောဒေါ်လာများ၊ မင်စွန်းနေသောဒေါ်လာများကို လက်မခံဘဲ Correction သဘောမျိုး သိမ်းယူထားသည်ကို တွေ့ရှိရပါကြောင်း၊ ရန်ကုန်ကို သွားပို့ရသဖြင့် စရိတ်လည်းကုန်ပါကြောင်း၊ ညောင်ဦးရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံခွင့်ရရှိပါက ခရီးစရိတ် သက်သာမည်ဖြစ်ပါကြောင်း၊ ရန်ကုန်ရုံးချုပ်မှ တဖန် အပ်နှံသည့်အခါတွင်လည်း တချို့ဒေါ်လာများတွင် သူတို့နိုင်ငံ တံဆိပ်ဝိုင်းလေးများပါလာပါက သူတို့က လက်မခံပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် ကမ္ဘာ့လှည့်ခရီးများထံက မင်စွန်းမပါသော၊ ဟောင်းနွမ်းမနေသော ဒေါ်လာများကိုသာ ကောက်နေရသဖြင့် ကမ္ဘာ့လှည့်ခရီးသည်များကလည်း မကျေမနပ်ဖြစ်၍ စကားများမှုများ ရှိလာပါကြောင်း၊ တချို့ကမ္ဘာလှည့် ခရီးသည်များကလည်း Travellers Cheque ပါလာသဖြင့် မိမိတို့သည် Travellers Cheque ကို ယူခွင့်မရှိသည့်အတွက် အခက်အခဲများ တွေ့ရှိရပါကြောင်း၊ မကြာမီတွင်လည်း နိုင်ငံခြားဘဏ်များ မြန်မာနိုင်ငံကို လာရောက်ဖွင့်လှစ်မည်ဟု ကြားသိရသဖြင့် အဆင်ပြေမည်ဟုထင်မိပါကြောင်း၊ မိမိအနေဖြင့် Travellers Cheque များကို လက်ခံနိုင်ခြင်းရှိ/မရှိ၊ ဟောင်းနွမ်းနေသော ဒေါ်လာများနှင့် မင်စွန်းအနည်းငယ်ပါသော ဒေါ်လာများကို မည်သည့်အတွက်ကြောင့် ဘဏ်များက လက်မခံသည်နှင့် ခရီးစရိတ်များ သက်သာမှုရှိစေရန်အတွက်  မြန်မာ့စီးပွားရေးဘဏ်တွင် ဒေါ်လာများ အပ်နှံခြင်းကို လက်ခံနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်သည့် ပြည်တွင်းဘဏ်များသည် နိုင်ငံခြားငွေစက္ကူကို ကမ္ဘာလှည့်ခရီးသွားများကဖြစ်စေ၊ Money Changer များကဖြစ်စေ ရရှိလာသော ငွေစက္ကူများကို နိုင်ငံတကာငွေပို့လုပ်ငန်းဖြစ်သည့် International Remittance များ၊ နိုင်ငံတကာကုန်သွယ်ရေးငွေပေးချေမှုများဖြစ်သည့် International Trade Transactions များကို ယင်းငွေစက္ကူများဖြင့် လုပ်၍ မရပါကြောင်း၊ ထိုသို့ မရသဖြင့် ပြည်တွင်းဘဏ်များမှ  နိုင်ငံတကာထုံးစံဖြစ်သော မိမိနိုင်ငံတွင် နိုင်ငံခြားဘဏ်များရှိပါက မိမိနိုင်ငံရှိ နိုင်ငံခြားဘဏ်များမှသော်လည်းကောင်း၊ မိမိနိုင်ငံတွင် မရှိပါက နိုင်ငံခြားကို Exceed ဖြစ်သော  ပိုလျှံငွေစက္ကူများကို Currency Shipment လုပ်ပြီး ယင်းနိုင်ငံရှိ ၎င်းတို့၏ Correspondence Bank များရှိ Nostro Account ထဲကို ဖြည့်တင်းပေးလေရှိပါကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် ထိုသို့ လုပ်ခွင့်မရခဲ့သည့်အတွက်  ပြည်တွင်းဘဏ်များကလည်း လက်ခံသည့်အခါ Currency Shipment မလွယ်သည့်အတွက် နိုင်ငံခြားငွေစက္ကူများတွင် အစွန်းအထင်းများ ပါ/မပါ သေချာစွာ စိစစ်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်သော ပြည်တွင်းဘဏ်များအားလုံးကို သူတို့ရှိ ငွေစက္ကူများ ပိုလျှံမှုရှိပါက သူတို့၏ ပြည်ပရှိ  Correspondence Bank များကို Currency Shipment လုပ်ပြီး Correspondence Bank များရှိ Nostro Account များတွင် ၎င်းပမာဏနှင့်ညီမျှသော Amount များကို ထည့်သွင်းနိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လုပ်ခွင့်ပေးထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံခြားရှိ Correspondence Bank အများစုကလည်း နိုင်ငံခြားငွေစက္ကူများ လက်ခံရာတွင် အစွန်းအထင်းများ ပါ/မပါ သေချာစိစစ်သည်ထက် ထိုငွေစက္ကူများသည် Counter Faith အတု ဟုတ်/မဟုတ်ကိုသာ စိစစ်ခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၁၇-၁၀-၂၀၁၂ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် (၇/၂၀၁၂-၂၀၁၃) နှင့် ဟောင်းနွမ်းသော နိုင်ငံခြားငွေစက္ကူများ၊ Money Changer တံဆိပ်နှင့် တခြားစည်းတံဆိပ်များပါရှိသော ငွေစက္ကူများ၊ မင်ရာများ၊ လက်မှတ်များပါရှိသော နိုင်ငံခြားငွေစက္ကူများ၊ စွန်းထင်း၍ အစက်များပါရှိသော နိုင်ငံခြားငွေစက္ကူများ၊ ခေါက်ရိုးကျိုးပွန်း၍ အစွန်းအကွက်များရှိသော ငွေစက္ကူများ၊ အနားထောင့်များ အနည်းငယ်စုတ်ပြဲသော နိုင်ငံခြားငွေစက္ကူများကို လက်ခံရန် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များအားလုံးကို ညွှန်ကြားပြီးဖြစ်ပါကြောင်း။

မြန်မာ့စီးပွားရေးဘဏ်ခွဲ (MEB) ၅၉ ဘဏ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Authorize Dealer License ပေးထားပြီးဖြစ်ပါကြောင်း၊ ဘဏ် ၅၉ ခုတွင် ဒေသ ၅၉ ဒေသရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် နိုင်ငံခြားငွေများ အပ်နှံနိုင်ပြီဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်(ပုဂံညောင်ဦးဘဏ်ခွဲ)ကို ဗဟိုဘဏ်အနေဖြင့် Authorize Dealer License ၂၉-၆-၂၀၀၁ ခုနှစ်ကတည်းက ပေးထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့စီးပွားရေး ဘဏ် (ပုဂံ-ညောင်ဦးဘဏ်ခွဲ) တွင် နိုင်ငံခြားငွေဖြင့် စာရင်းရှင်အပ်ငွေစာရင်းများဖွင့်လှစ်၌ အပ်နှံနိုင်ပါကြောင်း၊ Traveller Cheque ဆိုသည်မှာ တစ်နေရာမှ တစ်နေရာ၊ တစ်နိုင်ငံမှ တစ်နိုင်ငံ Cash အနေနှင့် ငွေကြေး သယ်ဆောင်သွားမည်ဆိုပါက ၎င်း Cash လမ်းတွင် ကျပျောက်သွားနိုင်သည့် အန္တရာယ်ရှိသည့်အတွက် Traveller Cheque ကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြပါကြောင်း၊ Traveler Cheque (TC) ကို ထုတ်သော (Issue) လုပ်သည့်အချိန်တွင် လက်မှတ်ထိုးရပါကြောင်း၊ TC ကို သုံးမည့်အချိန်တွင် လက်မှတ်တစ်ခုထပ်ထိုးပြီး သုံးရခြင်းဖြစ်သည့်အတွက် ဒုတိယလက်မှတ်မထိုးရသေးခြင်းကြောင့် Traveller Cheque က  ခရီးသွားရင်း ပျောက်သွားပါက ငွေကြေးဆုံးရှုံးမှု မရှိသည့်အတွက် Traveller Cheque များကို တော်တော် များများ သုံးခဲ့ကြပါကြောင်း၊ သို့သော် Electronic Card များ၊ International Debit Card များ၊ International Credit Card များ ပေါ်လာပြီးနောက် Traveller Cheque များ သုံးစွဲမှုသည် တစ်ကမ္ဘာလုံးတွင် အလွန်နည်းသွားသကဲ့သို့ Traveller Cheque များကို လက်ခံသည်နေရာများလည်း အလွန်နည်းသွားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် Traveller Cheque များ လက်ခံခဲ့ပါက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ Myanmar Investment Commercial Bank များတွင် Traveler Cheque များကို ငွေလဲလှယ်နိုင်ပြီးတော့ Authorize Dealer License ရထားသည့် ပုဂ္ဂလိက ဘဏ်များတွင်လည်း Traveller Cheque များကိုကို လက်မခံရဆိုသည် တားမြစ်ချက်များ ဗဟိုဘဏ်က တားမြစ်မထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ယခင်က Electronic Card များ၊ International Credit Card များကို မြန်မာနိုင်ငံတွင် သုံးရမရချိန်တွင် Traveller Cheque တွေကို ကမ္ဘာ့လှည့်ခရီးသွားများက အလွန် သုံးစွဲခဲ့ကြာသော်လည်း ယခုနောက်ပိုင်းတွင် International Debit Card များ၊ International Credit Card များဖြင့် ခရီးသွားခြင်းသည် သူတို့အတွက် ပို၍ အဆင်ပြေပါကြောင်း၊ ထို့ကြောင့် ယခင်က မြန်မာနိုင်ငံတွင် International Credit Card များ သုံး၍ မရပါကြောင်း၊ ယခုအချိန်တွင် VISA Card ၊  Master Card ၊ JCB Card ၊ CUB Card စသည့် International Credit Card များကို မြန်မာနိုင်ငံတွင် ပေးချေ၍ ရပါကြောင်း၊ International Credit Card များ၏ Acquiring Agent အဖြစ် သတ်မှတ်ထားသော ပုဂ္ဂလိကဘဏ်များတွင် International  Card များ၏ ပေးချေမှုကို လက်ခံချင်သောလုပ်ငန်းရှင်များအနေဖြင့် ထိုဘဏ်များတွင် သွားရောက်စုံစမ်း၍ ရနိုင်ပါကြောင်း၊ ဘဏ်များတွင် International Credit Card ကို မည်သည့်ပုံစုံဖြင့် လက်ခံံမလဲဆိုသည့်အချက်ကို e-Commerce Website ကြီးထောင်ပြီး e-Commerce Website တွင် ကိုယ့်၏ပစ္စည်းများရောင်း၊ ဝန်ဆောင်မှုများရောင်းပြီး e-Commerce Website မှတစ်ဆင့် International  Card ပေးချေမှုမျိုးဖြင့် လက်ခံနိုင်ခြင်းရှိ/မရှိ၊ မိမိလုပ်ငန်းတွင် ပစ္စည်းရောင်းသည့်အခါ၊ ဝန်ဆောင်မှုသည့်အခါတွင် Point of Sale Device များတပ်ပြီး လက်ခံမည်လားဆိုသည့် နည်းမျိုးစုံနှင့်လက်ခံသော ပုံစံမျိုးစုံကို မြန်မာနိုင်ငံရှိ ပုဂ္ဂလိက Acquiring Agent ရထားသော ပုဂ္ဂလိကဘဏ်များတွင် သွားရောက်စုံစမ်းပြီး လက်ခံနိုင်ပါကြောင်း၊ ထို့ကြောင့် တစ်ဟုန်တိုးပြောင်းလဲနေသော နိုင်ငံတကာဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍကြီးမှာ တခြားနိုင်ငံနှင့် မယှဉ်နိုင်သေးသော်လည်း တခြားနိုင်ငံထက် အများကြီးနောက်မကျစေရန် International Debit Card များ၊ International Credit Card များ၊ Mobile Banking များ၊ Mobile Payment များ၊ Mobile Wallet ဆိုသည့် Electronic Money များကို ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် မြန်မာနိုင်ငံတွင် သုံးနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။