ဒီနေ့ရင်းနှီးမြှုပ်နှံမှုအရ အထပ်မြင့်အဆောက်အအုံများ၊ စုပေါင်းအိမ်ရာများ၊ ဟိုတယ်များ စသည်ဖြင့် ဆောက်လုပ်သည့်နေရာတွင် စံချိန်စံညွှန်းအရ ဆောက်လုပ်ရေးဌာနမှ စစ်ဆေးသကဲ့သို့ အခြားကိစ္စရပ်များကိုလည်း မည်ကဲ့သို့ စစ်ဆေးနေသည်နှင့် မည်သို့လိုက်နာခြင်းမရှိပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်နေသည်နည်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင်လည်း ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ထိခိုက်ခြင်း၊ လူမှုရေးအရထိခိုက်ခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ထုံးတမ်းစဉ်လာပျက်စီးဆုံးရှုံးနစ်နာမှုရှိခြင်းနှင့် နိုင်ငံသားများလုပ်ကိုင်ရမည့်နေရာတွင် နိုင်ငံခြားသားများ ဝင်ရောက်လုပ်ကိုင်မှုကိုလည်း စစ်ဆေးခြင်းရှိ/မရှိ။ စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာ တည်ဆဲအမိန့်၊ ညွှန်ကြားချက်များမလိုက်နာဘဲ ပြည်သူများ၏ သတ်မှတ်အလုပ်ချိန်ပြင်ပတွင် အနှောက်အယှက်ဖြစ်စေသည့် ဆူညံသံများဖြင့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ လမ်းပိတ်ဆို့မှုရှိခြင်း၊ ညစ်ညမ်းစေခြင်း ကိစ္စရပ်များဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်များကို အချိန်အတိုင်းမလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ပြီး ဆောင်ရွက်ကြခြင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အတွက် ပြည်သူများ ဒုက္ခရောက်ရခြင်း တို့နှင့်ပတ်သက်၍ မည်ကဲ့သို့ စစ်ဆေးကြပ်မတ်နေသည်ကို သိလိုပါကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက မည်ကဲ့သို့အရေးယူသည်ကို သိလိုပါကြောင်းနှင့် ထိုသို့ လိုက်နာဆောင်ရွက်ခြင်း မရှိမှုအပေါ် ပြည်သူများမှ မည်ကဲ့သို့ တိုင်ကြားဆောင်ရွက် ရမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်း(က)ကနေပြီး တော့ (င)အထိ ရှင်းလင်းဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ မေးခွန်း(က) အထပ်အမြင့် အဆောက်အအုံများဖြစ်သည့် စုပေါင်း အိမ်ရာများ တည်ဆောက်ရာတွင် အရည်အသွေး၊ စံချိန်စံညွှန်းစစ်ဆေးခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများမှ ကြီးကြပ်၍ဆောင်ရွက်လျက်ရှိပြီး အဆောက်အဦလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းခြင်း မဖြစ်စေရအောင် သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများရှိပြီး ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေပြဋ္ဌာန်းထားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းစည်းမျဉ်းများကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊
ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားခြင်း၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတို့ ပါဝင်ခြင်းများအပေါ် မူတည်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ခွင့်ပြုချက်လျှောက်ထားစဉ်ကပင် တည်ဆောက် ရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုရေးထိခိုက်နိုင်မှု ဆန်းစစ်လေ့လာချက်တို့ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထောက်ခံချက်နှင့်တကွ တင်ပြရခြင်း ဖြစ်ပါကြောင်း၊ အဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှု တွေ့ရှိခဲ့ပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် လုပ်ငန်းဆောင်ရွက်သော ဌာနများမှ တာဝန်ရှိသူများထံသို့ တင်ပြမည်ဆိုပါက အရေးယူဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊
မေးခွန်း(ခ) လုပ်ငန်းခွင်များတွင် ပြည်ပနိုင်ငံသားများကို ကျွမ်းကျင်သူများအဖြစ် လာရောက်လုပ်ကိုင်ခွင့် အတွက် သက်ဆိုင်ရာ လုပ်ငန်းရှင်များမှလည်းကောင်း၊ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများမှလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တင်ပြ ဆောင်ရွက်ကြရခြင်း ဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံသား ဖြစ်သည့်အတွက် ပြည်ဝင်ခွင့်ဗီဇာနှင့် နေထိုင်ခွင့်ပါမစ်၊ အလုပ် လုပ်ခွင့်ပါမစ် ခွင့်ပြုချက်များရရှိပြီးမှသာ လုပ်ကိုင်ခွင့်ရမည် ဖြစ်ပါကြောင်း၊ တရားဝင်ခွင့်ပြုချက် အထောက်အထားများ ကိုင်ဆောင်ထားခြင်းရှိ/မရှိကို ဒေသအာဏာပိုင်အဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာ ဌာနများမှ အခါအားလျော်စွာ စစ်ဆေးသည့်အခါ အထောက်အထားများ ပြသစစ်ဆေးခံရမည်ဖြစ်ပြီး ပျက်ကွက်မှုရှိပါက အရေးယူခံရမည်ဖြစ်ပါကြောင်း၊
မေးခွန်း(ဂ) မိမိနိုင်ငံသားများ မလုပ်နိုင်သည့် ကျွမ်းကျင်မှုလိုအပ်သော အလုပ်နေရာများမှာသာ ပြည်ပနိုင်ငံသားများကို လုပ်ကိုင်စေခြင်း ဟုတ်/မဟုတ်ကိုလည်း ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အစည်းများပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးလျက်ရှိပါကြောင်း၊
မေးခွန်း(ဃ) မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ပြည်ပနိုင်ငံသားများ အလုပ်လာလုပ်သူများ ဆက်ဆံရေးအဆင်ပြေစေရန် သတ်မှတ်ထားသည့် စည်းကမ်း၊ ညွှန်ကြားချက်များနှင့် အညီ နေထိုင်ကြစေရန် ကြပ်မတ်စစ်ဆေးမှု အရေးကြီးကြောင်း တင်ပြထားခြင်းဖြစ်ပါကြောင်း၊ ဒေသခံပြည်သူ အဆင်ပြေစွာ နေထိုင်နိုင်ရန်အတွက် အလုပ်လာလုပ်သည့် ပြည်ပနိုင်ငံသားများအနေဖြင့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာနေထိုင်ကြမည်ဆိုပါက ပြဿနာအလွန် နည်းမည်ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းလိုက်နာမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ခံထားသော လုပ်ငန်းရှင်နှင့် ဌာန အဖွဲ့အစည်းများ အမြဲမပြတ်စောင့်ကြည့်နေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
မေးခွန်း(င) စီမံကိန်းလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများရှိ သတ်မှတ်ထားသည့် အလုပ်ချိန်ပြင်ပတွင် ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်စေနိုင်သော ဆူညံသံဖြင့် လုပ်ငန်းဆောင်ရွက်မှု မလုပ်ရန်ကိုလည်းကောင်း၊ လမ်းပိတ်ဆို့မှုကိုမဖြစ်စေရန် စည်းကမ်းသတ်မှတ်ချက်၊ ညွှန်ကြားချက်များရှိပြီး ဖြစ်ပါကြောင်း၊ လိုက်နာမှုမရှိသည်ကိုတွေ့လျှင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး ထံဖြစ်စေ၊ မြို့နယ်စည်ပင်သာယာရေးရုံးသို့ဖြစ်စေ အရေးယူပေးပါရန် တင်ပြနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
