(ဂ)-ပွင့်ဖြူမြို့နယ်အတွင်းရှိ မဲဇလီ-ဥယျာဉ်ကျစ် ကျောက်ချောလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၉.၁.၂၀၁၈)

မဲဇလီ-ဥယျာဉ်ကျစ်လမ်းပိုင်းသည် အရှည် ၁၆ မိုင်ရှိပြီး မင်းဘူး-စလင်း-ဆင်မကျွန်းလမ်းနှင်‌့ ပြည်ထောင်စုလမ်းမကြီးခေါ် ပုသိမ်-မုံရွာလမ်းမကြီးနှင်‌့  ဆက်သွယ်ထားသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းသည် ပွင်‌့ဖြူမြို့နယ်အနောက်ဘက်ခြမ်းတစ်ခြမ်းလုံး ကုန်စည်စီးဆင်းမှုအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် ရဟန်းရှင်လူ၊ ပြည်သူများအားကိုးအားထား သွားရသော လမ်းဖြစ်ပါကြောင်း၊ ပွင်‌့ဖြူမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀၀ ကျော်ရှိသည်‌့အနက် ကျေးရွာပေါင်း ၅၀ ခန့်အသုံးပြုရသော လမ်းလည်းဖြစ်ပါကြောင်း၊ ထို့အတူ စေတုတ္တရာမြို့နယ်မှ ကျေးရွာပေါင်း ၆၀၀ ကလည်း ၎င်းလမ်းပိုင်းကိုသာအသုံးပြုပြီး ပွင်‌့ဖြူမြို့သို့ အဓိကထားသွားလာရသော လမ်းလည်းဖြစ်ပါကြောင်း၊

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပွင်‌့ဖြူမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေဖြင့် မဲဇလီ-ဥယျာဉ်ကျစ် မြေသားလမ်း ၁၄ မိုင်အား ငွေကျပ် ၅၆၁.၀၈၆ သန်းနှင်‌့ ကျောက်ချောလမ်း ၁၆ မိုင်အား ငွေကျပ် ၂၅၁.၀၂၈ သန်း စုစုပေါင်း ၈၁၂.၁၁၄ သန်းဖြင့် MYP ကုမ္ပဏီမှ တင်ဒါဆွဲပြီး ဆောင်ရွက်ခဲ့သော လမ်းလည်းဖြစ်ပါကြောင်း၊ ယခုလက်ရှိအခြေအနေတွင် လမ်းပိုင်းမှာပျက်စီးယိုယွင်းနေပြီး ဒေသခံပြည်သူများက ကျောက်ချောလမ်းမှ ကတ္တရာလမ်း အဆင်‌့မြှင်‌့လမ်းကို မျှော်လင့်တောင်းဆိုနေကြပါကြောင်း၊ ၎င်းလမ်းသည် ၂၀၁၄-၁၅  ဘတ်ဂျက် တွင် ကျေးလက်ဦးစီးဌာနက MYP ကုမ္ပဏီကို ၈၁၂.၁၁၄ သန်းဖြင်‌့ ဆောင်ရွက်သွားခဲ့သည့်လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ပြန်လည်ပြင်ဆင်ရန်အတွက် ၂၀၁၆ ခုနှစ်တွင် မိမိ ကြယ်ပွင်‌့ မပြမေးခွန်း မေးမြန်းခဲ့ပါသော်လည်း အဆိုပါကုမ္ပဏီကိုဆက်သွယ်၍ မရသည့်အကြောင်း၊ ကုမ္ပဏီကို Black List သွင်းပြီး တင်ဒါစည်းမျဉ်းစည်းကမ်းနှင်‌့အညီ တရားစွဲဆိုမည် ဆိုသည့်အကြောင်း ဖြေကြားခဲ့ပါကြောင်း၊ သို့သော် ယနေ့အချိန်ထိ မည်ကဲ့သို့အရေးယူထား သည်ကို မကြားသိရသေးပါကြောင်း၊

မဲဇလီ-ဥယျာဉ်ကျစ်ကျောက်ချောလမ်းသည် ပျက်စီးနေသည့်အတွက် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာသကဲ့သို့ မလိုအပ်ဘဲအချိန်ကုန်၊ ငွေကုန်ပြီး အခန့်မသင်‌့လျှင် ကားတိမ်း မှောက်မှု၊ ယာဉ်တိုက်မှုများကြုံ‌တွေ့ရတတ်ပါကြောင်း၊ နေ့စဉ် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီများ သွားလာနေသော လမ်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးအတွက် ရဟန်းရှင်လူ၊ ပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရန် မဲဇလီ-ဥယျာဉ်ကျစ်ကျောက်ချော လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင်‌့တင်ခင်းပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည်‌့ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်နှင်‌့ မရှိပါက အဘယ့်ကြောင့်ဆိုသည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး၊ ပွင်‌့ဖြူမြို့နယ် မဲဇလီ-ဥယျာဉ်ကျစ်ကျေးရွာချင်းဆက်လမ်း အရှည် ၁၆ မိုင်သည် ပုသိမ်-မုံရွာလမ်းမကြီးနှင်‌့ မင်းဘူး-စလင်းလမ်းမကြီးတို့ကို ဆက်သွယ်ထားသည်‌့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါ ကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်း၏ လက်ရှိအခြေအနေမှာ ကျောက်လမ်းဖြစ်ပြီး ပျက်စီးလျက်ရှိသည်‌့ ကျောက်လမ်းအပိုင်းများအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြင်ဆင် ထိန်းသိမ်း ခြင်းရန်ပုံငွေဖြင်‌့ ပြင်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊

ထို့အပြင် မဲဇလီ-ဥယျာဉ်ကျစ်လမ်းသည် လမ်းအဆင်‌့သတ်မှတ်ချက်အရ Class (A) ဦးစားပေး အဆင်‌့ (၁) လမ်းတွင်ပါဝင်သဖြင်‌့ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတိုင်မီ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးထွန်းထွန်း(ပွင်‌့ဖြူမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဒေသခံပြည်သူများက အဆိုပါလမ်းကိုကတ္တရာလမ်းအဖြစ် အလွန်မျှော်လင့်နေသည့်လမ်းပိုင်း ဖြစ်သကဲ့သို့ Class (A) တွင်ပါရှိပြီး (P)အဆင်‌့(၁) ဦးစားပေးဆောင်ရွက်မည်ဆိုသည်ကိုလည်း သိရှိရပါသော်လည်း မိမိအဓိကပြောလိုသည်မှာ ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ၈ မိုင်စတင် ခင်း ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

အဆိုပါလမ်းသည် Class (A) အဆင့်(၁)ပါဝင်သည့် လမ်းဖြစ်သည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ကစတင်ပြီး ရန်ပုံငွေတင်ပြမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုပေါ် မူတည်ပြီး အဆင်‌့မြှင်‌့တင်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။