ဆားကျင်းအင်းရွာလေးက ဆားကျင်းအင်းနှင့် မုံရွာ-မန္တလေးလမ်းမကြီး၏ ကြားထဲတွင်တည်ရှိပြီး အိမ်ခြေ ၁၉၂ လုံး၊ လူဦးရေ ၉၉၀ ခန့်ရှိပါကြောင်း၊ ယခင်က ၎င်းရွာလေးသည် သောက်ရေ/ သုံးရေအတွက် ရွာ၏အရှေ့ပိုင်း အင်းစပ်ရှိ ရေတွင်းလေးမှ ရယူသုံးစွဲနိုင်ခဲ့ပါကြောင်း၊ ၁၉၉၆ ခုနှစ်နောက်ပိုင်း စက်မှုဇုန်များဖော်ထုတ်ရာတွင် မြို့ထဲရှိ ကြာဇံစက်၊ သားရေရုံကို ဆားကျင်းအင်း၏အရှေ့ဘက်ကို ပြောင်းရွေ့ပေးခဲ့ပါကြောင်း၊ ၎င်းစက်ရုံများက ရေဆိုးများ ဆားကျင်းအင်းထဲရောက်ရှိပြီး ဆားကျင်းအင်းထဲရှိသည့် ရေများက အဆင့်လျော့ကျလာပါကြောင်း၊ အနံ့ဆိုးမျိုးစုံဖြင့်လည်း ပျက်စီးလာပါကြောင်း၊ မိမိတို့ရေတွင်းသည်လည်း တစ်ရွာလုံးက အားကိုးအားထား ပြုနေရသည့်ရေတွင်းလေးကလည်း အနံ့ဆိုးမျိုးစုံဖြင့် အသုံးမပြုနိုင်သည့် အခြေအနေ ရောက်ရှိသွားခဲ့ပါကြောင်း၊ ယခုတစ်ရွာလုံး ရေကိုဝယ်သုံး နေရပြီး သောက်ရေအတွက်၊ သုံးရေအတွက် စည်ပင်ကပေးသောရေကို မလုံမလောက်မျှပြီး သုံးနေရသည့် အခြေအနေရှိပါကြောင်း၊ ထို့ပြင် စိုက်ပျိုးမြေများလည်း လျော့ကျလာပါကြောင်း၊ နဂိုကအင်းရေ လျော့ကျချိန်တွင် စိုက်ပျိုးနိုင်ခဲ့သည့် မြေများသည်လည်း ယခုအင်းထဲကို အစဉ်မပြတ်စီးဝင်နေသော စက်ရုံများကထွက်သည့် ရေများကြောင့် ပေါ်လာသည့်မြေများကလည်း ရေဆိုးများကြောင့် မြေဆီမြေခွံခမ်းပြီး စိုက်ပျိုး၍မရ၊ ဆားကျင်းအင်းရွာလေးတွင်ရှိသည့် ပြည်သူများ၏ ခံစားနေရသည့် တကယ့်လက်ရှိ အခြေအနေဖြစ်ပါကြောင်း၊
ဆားကျင်းအင်းထဲကို ဝင်သည့်ရေ၊ စက်ရုံကထုတ်လိုက်သည့် ကန့်ဓာတ်ပါသည့်ရေများသည် အင်းထဲမှာတင် ရပ်တန့်နေခြင်းမျိုး မဟုတ်ပါဘဲ မိုးရွာသည့်အချိန်တွင် မိုးရေနှင့်အတူ မဟော်မဏိလမ်းမကြီး၏ အနောက်ဘက်မြောင်းမကြီးကနေ တောင်ဘက်အနိမ့်ပိုင်းကို စီးဆင်းသည့်အခါ မြင်းရွာမှာရှိသည့် ကြံရေစက်ရေများနှင့်ပေါင်းပြီး ကြံပိုင်တောပုတ်ရွာများကို ရောက်သည့်အတွက် စိုက်ပျိုးမြေများပျက်စီး၊ မြေအောက်ရေများပျက်စီးပြီး ဒုက္ခမျိုးစုံပေးလျက် ရှိပါကြောင်း၊ မကျည်းကုန်းကွင်းအမှတ် (၆၈၆) တွင်လည်း ရေဆိုးထုတ်သည့်မြောင်း ကျိုးပေါက်နေသည့် အတွက်ကြောင့် ရေဆိုးများသည် မအူ၊ မကျည်းစောက်၊ လင်းဦး၊ လင်းမေဝ။ ထနောင်းတော တောင်ရွာ၊ မြောက်ရွာအစရှိသည့် ရွာများကို ရောက်ရှိပါကြောင်း၊ ထို့ကြောင့် ဆားကျင်းအင်း ရွာကြီးကဲ့သို့မဖြစ်အောင် ထိုရေများကို သန့်ရှင်းပေးရန်၊ အင်းကိုလည်း သန့်ရှင်းပေးရန် လိုအပ်ပါကြောင်းနှင့် ဆားကျင်းအင်း(သို့) ဆင်သောက်ကန်အင်းအား သန့်ရှင်းသော သဘာဝပတ်ဝန်းကျင် ရရှိရန်အတွက် ပြန်လည်ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မုံရွာစက်မှုဇုန်ကို ဆားကျင်းအင်း၏အရှေ့ဘက် မြေဧရိယာ ၃၁၇ ဧကနှင့် ကန်ကို ၁၉၉၂ ခုနှစ်ခန့်ကစပြီး တည်ထောင်ခဲ့ပါကြောင်း၊ မုံရွာ-မန္တလေးကားလမ်း ဘေးရှိ ဆိုးဝါးအနံ့အသက်ဖြစ်စေသည့် ကြာဇံစက်ရုံများနှင့်သားရေနယ် စက်ရုံများကို မုံရွာစက်မှုဇုန် အတွင်းကို ပြောင်းရွေ့လုပ်ကိုင်ခွင့်ပေးခဲ့ပြီး လက်ရှိမုံရွာစက်မှုဇုန်အတွင်း စက်ရုံအကြီး၊ အလတ်၊ အသေးစုစုပေါင်း ၄၅၀ လုပ်ကိုင်ပြီး ရေဆိုးအများအပြား ထုတ်လွှတ်လျက်ရှိသည့် ကြာဇံစက်ရုံ (၉) ရုံ၊ သားရေနယ်စက်ရုံ (၅) ရုံ၊ နို့ဆီချက်စက်ရုံ (၁) ရုံနှင့် နို့စားနွားမွေးမြူရေး လုပ်ငန်းများရှိပါကြောင်း၊ အဆိုပါစက်ရုံများမှ၊ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများလည်း ဆားကျင်းအင်းအတွင်းကို ဝင်ရောက်လျက် ရှိသည်မှာ အင်း၏အရည်အသွေးက အလွန်ပင်ညစ်ညမ်းလျက် ရှိပါကြောင်း၊
ဆားကျင်းအင်း သို့မဟုတ် ဆင်သောက်ရေကန်သည် ၇၉.၆၉ ဧကရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ၈-၁၂-၂၀၀၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၀၈ အရ ဂရန်အင်းအဖြစ်မှ ပယ်ဖျက်ခဲ့ပြီး မုံရွာစက်မှုဇုန်အနေဖြင့် အင်းနှင့်တစ်ဆက်တည်း ရေဆိုးကန်သတ်မှတ် စွန့်ပစ်လျက်ရှိသော်လည်း ကန်ပေါင်များကို လုံခြုံစွာကာရံထားခြင်း မရှိသည့်အတွက် လက်ရှိအခြေအနေတွင် စွန့်ပစ်ရေဆိုးများသည် အင်းအတွင်းကို စီးဝင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ စက်မှုဇုန်အတွင်း စက်ရုံများမှ ကိုယ်ပိုင်မြေသားကန်များ ပြုလုပ်ရန် ကန့်သတ်ချက်များရှိသည့် အတွက်ကြောင့် နောက်ဆုံးရေဆိုး ထိန်းချုပ်သည့်ကန်များကို ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဆားကျင်းအင်းနှင့် ဆက်စပ်လျက်ရှိသော စွန့်ပစ်ကန်အတွင်းကိုသာ တိုက်ရိုက်စွန့်ပစ်လျက်ရှိပါကြောင်း၊
ကြာဇံစက်ရုံများကနေထွက်လာသော စွန့်ပစ်ရေဆိုးများကို စနစ်တကျသန့်စင်ပြီး စွန့်ပစ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို အောက်ပါအတိုင်း အသိပညာပေး ဆောင်ရွက်စေခဲ့ပါကြောင်း၊-
(က) စွန့်ပစ်ရေဆိုးများကို အနည်ထိုင်ကန်အဆင့်ဆင့်ထားပြီးမှ ကြည်လင်သန့်စင်သည့် ရေများ အဖြစ်ဆောင်ရွက်ပြီးမှ စွန့်ပစ်ရန်၊
(ခ) သန့်စင်ပြီးရေများကို အနီးပတ်ဝန်းကျင်ရှိ ရိုး၊ ချောင်းများအတွင်း တိုက်ရိုက်စွန့်ပစ်ခြင်း မပြုဘဲ မိမိပိုင်မြေသားကန်အတွင်းမှ ထိန်းချုပ်ထားရန်၊
(ဂ) အနည်ထိုင်ကန်များမှ အနည်အဖက်များ ဖယ်ရှားခြင်းကို ပတ်ဝန်းကျင်မထိခိုက်စေရန် ရေရှည်စီမံချက်ချပြီး ဆောင်ရွက်ရန်၊
(ဃ) လက်ရှိ ကြာဇံလုပ်ငန်းများမှ မြေအောက်သဘာဝရေ သုံးစွဲမှုအပေါ် ပြန်လည်ဆန်းစစ်ပြီး ရေသုံးစွဲမှုကို အတတ်နိုင်ဆုံးလျှော့ချရန် အထူးသဖြင့် မုန့်ရိုက်ရေများကို Recycle ပြန်လည်သုံးစွဲရန်၊
(င) စွန့်ပစ်ရေဆိုးများကို ရေရှည်ပတ်ဝန်းကျင်မထိခိုက်စေရန် စီမံချက်တစ်ခုရေးဆွဲပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်ဆိုသည့် အချက်မှာဖြင့် စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်ရေဆိုးများ သန့်စင်နိုင်ရန်အတွက် ၁၁-၁၂-၂၀၁၇ ရက်နေ့တွင် ဂျပန်နိုင်ငံ Hitachi Zosen Co., နှင့် Horiba Co., များကနေပြီး ရေဆိုးသန့်စင်သည့် ပညာရှင်များ ပါဝင်သည့်အဖွဲ့ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်းပြီး မုံရွာစက်မှုဇုန် ရေဆိုးသန့်စင်ခြင်း လုပ်ငန်းများကို ကွင်းဆင်းလေ့လာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်နေရာတွင် ကြာဇံစက်ရုံတစ်ရုံအနေဖြင့် တစ်ရက်ကို ရေဂါလန် ၄၀၀၀၀ သန့်စင်နိုင်ရန် Treatment Plan တစ်ခုအတွက် ခန့်မှန်းကုန်ကျငွေ သိန်း ၇၀၀၀ ဖြစ်ပြီး စုပေါင်းသန့်စင်ခြင်း လုပ်ငန်းများဆောင်ရွက်မည်ဆိုပါက ကုန်ကျစရိတ်ပိုမိုသက်သာနိုင်ကြောင်း အကြံပြုဆွေးနွေးခဲ့ပါကြောင်း၊ လက်ရှိတိုင်းဒေသကြီး အဆင့်အနေဖြင့် နည်းပညာဖြင့် ငွေကြေးအကန့်အသတ်များ ရှိတာကြောင့် ကုန်ကျစရိတ် ပိုမိုသက်သာပြီး ရေရှည်မှာထိရောက်သည့် ရေဆိုးများထိန်းချုပ်မည့် နည်းလမ်းများနှင့် ပံ့ပိုးဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊
ဆားကျင်းအင်း သို့မဟုတ် ဆင်သောက်ကန်အင်းကို သန့်ရှင်းသည့် သဘာဝပတ်ဝန်းကျင် ရရှိရေးနှင့် စပ်လျဉ်းပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း
(က) ဆားကျင်းအင်းနှင့် ပတ်သက်ပြီး စီမံခန့်ခွဲတဲ့ဌာနတစ်ခုအား သတ်မှတ်တာဝန်ပေးခြင်း၊
(ခ) စက်မှုဇုန်ရှိ စက်ရုံများကထွက်ရှိသည့် ရေဆိုးများဆားကျင်းအင်းထဲ ထပ်မံဝင်ရောက်ခြင်း မရှိစေရေး ထိန်းချုပ်ရန်နှင့် စွန့်ပစ်ရေဆိုးများကိုသန့်စင်သည့် Waste Water Treatment စနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(ဂ) ရေဆိုးသန့်စင်ခြင်းလုပ်ငန်းများကို ဈေးနှုန်းသက်သာပြီး ရေရှည်ထိရောက်မှုရှိသည့် နည်းလမ်းများဖြင့် ချိတ်ဆက်အကောင်အထည် ဖော်ခြင်းများ ဆောင်ရွက်ခြင်း၊
(ဃ) အချိန်ကာလတစ်ခုသတ်မှတ်ပေးပြီး ပြုပြင်စေခြင်းနှင့် လိုက်နာမှုမရှိပါက အရေးယူခြင်းတို့ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
