ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် ပဲခူးရိုးမကို အခြေခံထားသည့် ရွာများစု ဖြစ်သည့်အတွက် တောင်ခြေနှင့်ဆက်စပ်နေသော ရွာများဖြစ်ပါကြောင်း၊ ပဲခူးရိုးမကိုအခြေပြုပြီး မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ချောင်းအများစုသည် နှစ်စဉ်ပြုပြင်မှုနည်းပါးခြင်း၊ သဲသောင်များ မြင့်တက်လာခြင်းကြောင့် ချောင်းများ တိမ်ကောနေပါကြောင်း၊ ရိုးမပေါ်မိုးများပြီး တောင်ကျရေ စီးဆင်းတိုင်း ပြည်သူလူထုမှာ ဒုက္ခရောက်ကြရပါကြောင်း၊ ရေကြီးရေလျှံမှုများကြား ကမ်းပါးများပြိုကျခြင်း၊ လူနေအိမ်ခြေများ တိုက်စားပြိုကျ မျောပါသွားခြင်း၊ အသက်အန္တရာယ်များ ကြုံတွေ့ရခြင်း၊ ကျွဲနွားများ၊ အိမ်မွေးတိရစ္ဆာန်များ မျောပါပျောက်ဆုံးခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုများကြောင့် ဒုက္ခရောက်ကြခြင်း၊ ပြည်သူ့ငွေဖြင့် ဆောင်ရွက်ထားသည့် လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အခြားအဆောက်အဦများ ပျက်စီးဆုံးရှုံးနေမှုများကို နှစ်စဉ်ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ရေကြီးမှုများကို ကာကွယ်ရန်အတွက် သက်ဆိုင်ရာ ဌာနများ၊ တာဝန်ရှိသူများနှင့် ကွင်းဆင်းပြီး လိုအပ်ချက်များကို နေပြည်တော်ကောင်စီသို့ အဆင့်ဆင့် တင်ပြထားခြင်း ရှိပါကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း မြစ်ချောင်းများကို ပြုပြင်နိုင်ရန်အတွက် မြစ်ချောင်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မရှိပါကြောင်း၊ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာနကို တိုက်ရိုက်တင်ပြမှုလည်း ရှိပါကြောင်း၊ မြစ်ချောင်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြစ်ချောင်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကွင်းဆင်းပြီး တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး လိုအပ်သည့် ကိစ္စအဝဝကို လိုက်လံစစ်ဆေးတိုင်းတာထား ခြင်းများလည်းရှိသည့်အတွက် အဆင့်ဆင့် တင်ပြမှုလည်း ရှိခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစပြီး တင်ပြခဲ့သော်လည်း ခွင့်ပြုငွေ မရခဲ့ပါကြောင်း၊ ပြည်ထောင်စုသီးသန့် ရန်ပုံငွေ တင်ပြသော်လည်း မရခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းတွင် တင်ပြသော်လည်း ဖြည့်စွက်ရန်ပုံငွေတွင်လည်း မပါခဲ့သည့်အတွက် ၁၆-၁-၂၀၁၈ ရက်နေ့တွင် အရေးပေါ်ရန်ပုံငွေနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ရှင်းပြသွားသည့် အထဲတွင်လည်း နေပြည်တော်ကောင်စီ၏ လုပ်ငန်းခြောက်ခုထဲတွင် ဥတ္တရသီရိမြို့နယ်အတွက် နှစ်ခုပါပါကြောင်း၊ လုပ်ငန်းနှစ်ခုဆောင်ရွက်ပေးသည်ကို ဝမ်းသာသော်လည်း ကျန်သည့်လုပ်ငန်းများကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နတ်တောင်ချောင်း၊ တောင်ညိုချောင်းနှင့် တံခွန်တိုင်ချောင်း (၃) ချောင်းသည် ဥတ္တရသီရိမြို့နယ် အတွင်းတည်ရှိပြီး ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးသည့်အခါ နတ်တောင်ချောင်းသည် တက်ရှိန်းကျေးရွာနှင့် တောင်ညိုကျေးရွာအထိ အလျား ၁၁ မိုင်ခန့်ရှည်လျား သည့်အတွက်ကြောင့် မိုးရာသီရေကျချိန်တွင် တောင်ကျရေစီးဆင်းသောကြောင့် နတ်တောင်ချောင်းဘေး တစ်လျှောက်ရှိ အဆိုပါကျေးရွာများတွင် ရေကြီးရေလျှံမှုနှင့် ရေလွှမ်းမိုးမှုဒဏ်ကို နှစ်စဉ်ခံစားရပါကြောင်း၊ ချောင်း၏အထက်ဘက် ရေဝေရေလဲဒေသတွင် သစ်တောများ ပြုန်းတီးသည့်အတွက် အပေါ်ယံမြေဆီလွှာများနှင့် မိုးရွာသွန်းချိန် ရေစီးနှင့်အတူ ချောင်းအတွင်း စီးဆင်းပြီး သဲနုန်းများပို့ချကာ ချောင်းကြမ်းပြင်သည် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာပါကြောင်း၊ သဲနုန်းများတူးဖော်မမည်ဆိုပါက နတ်တောင်ချောင်းတစ်လျှောက် စုစုပေါင်းအလျား ၁၁ မိုင်ခန့် တူးဖော်ရမည်ဖြစ်သည့်အတွက် စုစုပေါင်းခန့်မှန်း ကုန်ကျစရိတ်က ၄၂၄၉.၅၂၁ သန်းဖြစ်ပါကြောင်း၊ နတ်တောင်ချောင်း ရေကြီးရေလျှံလျှော့ချရေးအတွက် သဲနုန်းတူးဖော်ရန် ရန်ပုံငွေရရှိရေးက နေပြည်တော်ကောင်စီအနေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့နောက် တောင်ညိုချောင်းနှင့် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုချောင်းကျေးရွာအုပ်စု၊ အောင်ချမ်းသိန်းနှင့် တံခွန်တိုင်ရှိ ပိုးစာတောကျေးရွာများ ရေကြီး ရေလျှံဖြစ်ပေါ်သည့် ကိစ္စများက အောင်ချမ်းသိန်းကျေးရွာ ရေတိုက်စားမှု ကမ်းပြိုကာကွယ်ရန် အတွက် Steel Basket အနေဖြင့် ကျောက်ဖြည့်မြေထိန်းနံရံ အလျား ၁၈၀၀ ပေ ဆောင်ရွက်ရန် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၃၇၄ သန်းနှင့် ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောကျေးရွာအုပ်စု ရေကြီးရေလျှံကာကွယ်ရေး လုပ်ငန်းများအတွက် သောင်တူးခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း အလျား ၅၈၀၀ ပေ ဆောင်ရွက်ရန်အတွက် ကျပ် ၅၂၀.၀၀ သန်းတို့ကို ပြည်ထောင်စုအရေးပေါ် ရန်ပုံငွေကရရှိပြီးဖြစ်သည့်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် မြို့နယ်များဖြစ်သည့် နေရာများကိုလည်း ကျပ် ၁၈၅၈ သန်း ရရှိသည့်အတွက် ဆက်လက်ဆောင်ရွက်ပေးနေပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
