(ဃ)-မကွေးမြို့နယ်အတွင်းရှိ သမိုင်းဝင်ကွေ့ချောင်းခံတပ်သို့ အဆင်ပြေချောမွေ့စွာ သွားရောက် လေ့လာနိုင်ရန် ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့(၁၈.၁.၂၀၁၈)

ကွေ့ချောင်းခံတပ်ကြီးသည် မကွေးမြို့၏ အောက်ဘက် ၁၂ မိုင်အကွာ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ပဌနဂိုရ်ရွာနှင့် တောင်တွင်းကြီး-မကွေး ကားလမ်းပေါ်ကို ဆက်သွယ်ထားသော လမ်းအတိုင်းဝင်ရောက် သွားလာရခြင်းဖြစ်သည်ကို လူတိုင်းမသိကြပါကြောင်း၊ မြေနီကျောက်စရစ် ၁၂ ပေလမ်းသာရှိခြင်းကြောင့် ကားကလေးများ ဝင်ရောက်ရန်မလွယ်ပါကြောင်း၊ အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲ မဖြစ်မီ မင်းတုန်းမင်းကြီး၏ လမ်းညွှန်မှု၊ ကနောင်မင်းသားကြီး၏ ကြီးကြပ်ကွပ်ကဲမှုနှင့် ဧရာဝတီမြစ်ကမ်းပေါ်တွင် ခံတပ်ကြီးနှစ်ခုကို ဓားလွယ်ကုတ် အနေအထား တည်ဆောက်ခဲ့ပါကြောင်း၊ ၎င်းခံတပ်ကြီးနှစ်ခုမှာ မြစ်အနောက်ဘက် မင်းလှခံတပ်နှင့် မြစ်အရှေ့ဘက် ကွေ့ချောင်းခံတပ်တို့ဖြစ်ပါကြောင်း၊ ထိုခံတပ်ကြီးနှစ်ခုသည် အင်္ဂလိပ်ရေတပ်များ၊ သင်္ဘောများ ဧရာဝတီမြစ်ကြောင်းအတိုင်း ကျူးကျော်လာပါက ဟိုဘက်ဒီဘက်ညှပ်ပြီး ပစ်ရန် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ စင်ကျုံးကြီးများ၊ စစ်တန်းလျားများ၊ ယမ်းတိုက်ကြီးများ၊ တောင်ကုန်းကြီးကို ဖောက်ပြီးတည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့သမိုင်းတွင် သမိုင်းတန်ဖိုး၊ ဇာတိမာန်တန်ဖိုး၊ ဗိသုကာတန်ဖိုးရှိသည့် နေရာကြီးသို့ ဝင်ရောက်လေ့လာရန် ကတ္တရာလမ်းအဖြစ် တည်ရှိမနေဘဲ လူမသိ၊ သူမသိ တိတ်ဆိတ်ခြောက်ကပ်နေသည့် နေရာကြီး ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ကွေ့ချောင်းခံတပ်ကို လူသိများအထင်အရှားဖြစ်လာရအောင် ကတ္တရာလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး အတွင်းရှိ ကွေ့ချောင်းခံတပ်သို့သွားသည့် လမ်းတစ်မိုင်နှစ်ဖာလုံသည် မကွေး-တောင်တွင်းကြီးလမ်းနှင့် မလွန်တံတားတို့ ဆက်သွယ်ထားသည့် ပဌနဂိုရ်လမ်းပေါ်ရှိ ကွေ့ချောင်း (တောင်ရွာ) နှင့် (မြောက်ရွာ) ထိပ်မှ ဆက်သွယ်ဖောက်လုပ်ထားသော လမ်းဖြစ်ပြီး ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသဖြင့် လမ်း၏အခြေအနေမှာ မြေနီကျောက်စရစ်လမ်း အမျိုးအစားဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော ကွေ့ချောင်းခံတပ် လမ်းသည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့် ကျေးရွာချင်းဆက်လမ်းဖြစ်ပြီး လမ်းအဆင့် သတ်မှတ်ချက်အရ Class (B) ဦးစားပေးအဆင့် (၂) တွင် ပါရှိနေပါကြောင်း၊ သို့သော်လည်း Class (A) (B) (C) ကို ဝန်ကြီးချုပ်များထံ ပေးပို့လိုက်ပြီး ဝန်ကြီးချုပ်များမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဒေသခံပြည်သူများနှင့် တိုင်ပင်ဆွေးနွေးပြီးမှ A, B, C, 1, 2, 3 ဆိုပြီး ဝန်ကြီးဌာနကို ပြန်လည်ပေးပို့လာသည့် စာရင်းများဖြစ်ပါကြောင်း၊ သို့သော် ကွေ့ချောင်းခံတပ် မိမိတို့ ဝန်ကြီးဌာနက တာဝန်ယူရသည့် တစ်မိုင်ခွဲလေးရှိသည့် လမ်းအဆင့်သတ်မှတ်ချက် (B) ဆိုလျှင် မိမိအနေဖြင့် ဖြေကြားမည့် အဖြေသည် အဆင်မပြေပါကြောင်း၊ ထို့ကြောင့် တစ်မိုင်ခွဲခန့်ရှိသည့် လမ်းကိုကွေ့ချောင်းခံတပ်ကြီး ရှိသည့်အတွက် မိမိတို့တာဝန်ယူရသည့် တစ်မိုင်ခွဲလမ်းကိုသာ ကတ္တရာလမ်း အဆင့်မြှင့်တင် ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။