ခရိုင်ပတ်လမ်း အမှတ်(၂)သည် ယခုစံသတ်မှတ်ထားသည့်နှုန်းနှင့်ဆိုပါက Class A အမျိုးအစားတွင် ပါဝင်ပါကြောင်း၊ လက်ညှိုးထိုး-မြင်းခြံ လမ်းမကြီးနှင့် မြစ်သားမြို့နယ်-တံတားဦးမြို့နယ်-ကျောက်ဆည် မြို့နယ် တို့ကို ချိတ်ဆက်ထားသည့် လမ်းဖြစ်ပါကြောင်း၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့ နယ် သာမက တံတားဦးမြို့နယ်မှ ရွာများကလည်း ၎င်းလမ်းကို အသုံးပြုနေရပါကြောင်း၊ ထို့အပြင် မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်နှင့်လည်း ထိစပ်နေသည့် အတွက် မြင်းခြံခရိုင်၊ နွားထိုးကြီး မြို့နယ်မှ ရွာများလည်း အဓိကအားထားပြီး အသုံးပြုနေရခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ လမ်းမှပျက်စီးယိုယွင်း နေပြီး တံတားများ ဟောင်းနွမ်းပျက်စီးနေသည်မှာများစွာ ရှိပါကြောင်း၊ တကယ်လို့ ၎င်းလမ်းကို အဆင့်မြှင့်မည်ဆိုပါက လိုအပ်သည့်လမ်းအကျယ်၊ လမ်းအောက်ခံအနေဖြင့်လည်း အမာခံရှိပြီးသား ဖြစ်သည့်အတွက် အဆင့် မြှင့်တင်ရန် အဆင်သင့်ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ကျောက်ဆည် ခရိုင်မှာရှိသည့် မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ်၊ ကျောက်ဆည်မြို့နယ်အပါအဝင် နွားထိုးကြီး မြို့နယ်မှာရှိ ကျေးရွာသူကျေးရွာသားများအတွက် မြစ်သားမြို့နယ်ရှိ အမှတ်(၂) ခရိုင်ပတ်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ ကို သိလိုပါကြောင်းမေးမြန်းပါသည်။
အမှတ်(၂) ခရိုင် ပတ်လမ်းသည် မြစ်သား-တံတားဦး-ကျောက်ဆည် မြို့နယ်တို့ကိုဖြတ်၍ ဖော်လုပ် ထား သည့်လမ်းဖြစ်ပြီး မြစ်သားမြို့နယ်တွင် ၈ မိုင်၊ တံတားဦးမြို့နယ်တွင် ၂ မိုင် ၄ ဖာလုံရှိပါကြောင်း၊ မြစ်သားမြို့နယ်မှ ၈ မိုင်အား ၁၉၉၆-၉၇ ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း ဖောက်လုပ်ခဲ့ပြီး ဂဝံ ခင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိပါကြောင်း၊ တံတားဦးမြို့နယ်အပိုင်း ၂ မိုင် ၄ ဖာလုံမှာလည်း မြေသားလမ်းအဆင့် ဖြစ်ပါကြောင်း၊ မြစ်သားမြို့နယ် အပိုင်း ၈ မိုင်နှင့် တံတား မြို့နယ် အပိုင်း ၂ မိုင် ၄ ဖာလုံအား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်မှသာ တစ်ဆက်တည်း သွားလာ နိုင်မည်ဖြစ်ပါကြောင်း၊ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပါက ခန့်မှန်းကုန်ကျငွေကျပ် ၁၉၁၄.၈ သန်း ကုန်ကျမည်ဖြစ်ပြီး အဆိုပါ လမ်းပေါ်တွင် Box Culvert ခြောက်စင်း၊ တံတားနှစ်စင်းနှင့် ရေကျော် တံတားနှစ်စင်း တို့ကို လည်း ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါကုန်ကျငွေကို ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ်တွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။
