မြန်အောင်မြို့နယ်တွင်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေး ကုဌာနမြန်အောင်မြို့၊ အမှတ် (၄) ရပ်ကွက် ဘလင်ကျောင်းကြီးလမ်းနှင့် ဇေယျာသီရိ ဘုရားလမ်းဆုံရာ အမှတ် (၁) အ.ထ.က ကျောင်းနှင့်ရှေးဟောင်းသမိုင်းဝင် မင်းကံကြီးရေကန် အနီးတွင် ဆက်စပ်တည်ရှိနေပါကြောင်း၊ အဆောက်အဦတွင် (အလျား ၃၀ ပေ x အနံ ၃၀ ပေ x အမြင့် ၃၀ ပေ) ရှိသော သစ်သားအုပ်ညှပ်တစ်ထပ် အမျိုးအစားအဆောက်အဦ ဖြစ်ပါကြောင်း၊ ပြည်သူ့ထည့်ဝင် ငွေကျပ်သိန်း ၄၀ ကျော်၊ ဌာနထည့်ဝင်ငွေ သိန်း ၂၀ ကျပ်ဖြင့် ၂၅-၁-၂၀၀၅ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ပြီး ယခုအခါ အဆောက်အဦသက်တမ်းမှာ ၁၀ နှစ်ကျော်ခန့် ရှိလာပြီဖြစ်ပါကြောင်း၊ ဆောက်လုပ်စဉ်က မပြည့်စုံမှုကြောင့် ပတ်လည်နံရံများ အတွင်း/အပြင် ဆက်စပ်ကွဲအက်ခြင်း၊ အဓိကတိုင်နေရာများ ကွဲအက်ချို့ယွင်းခြင်း၊ အခင်းကွန်ကရစ်သားများ ကျိုးပေါက်ပျက်စီးခြင်းများ အဆောက်အဦအနှံ့ဖြစ်ပေါ်လျက် ဥပဓိရုပ်ပျက်စီးပြီး အန္တရာယ်ရှိ အဆောက်အဦ တစ်ခုဖြစ်နေပါကြောင်း၊ ရာသီဥတုနှင့်သဘာဝ ဘေးအန္တရာယ်အတွက် အထူးစိုးရိမ်ရသော န္တရာယ်ရှိသည့်အတွက် အများပြည်သူဆိုင်ရာ အဆောက်အဦတစ်ခု ဖြစ်နေပါကြောင်းနှင့် ၎င်းမြို့နယ်တိုင်းရင်းဆေးကုဌာနက မြန်အောင်မြို့နယ်တွင် တစ်ခုတည်းသော တိုင်းရင်းဆေးကုဌာနဖြစ်ပြီး ဒုတိယတိုင်းရင်းဆေးမှူးမှ မြို့နယ်တိုင်းရင်းဆေးမှူးအဖြစ် တာဝန်ယူရပြီး ဆေးခန်းအကူတစ်ဦးဖြင့် ဆေးဝါးကုသဝန်ဆောင်မှုပေးနေရသော မြို့နယ်အဆင့် ဆေးကုဌာန ဖြစ်ပါကြောင်း၊ မြန်မာ့ဆေးကုသခြင်းအတွက် ပြည်သူများအားကိုး အားထားပြုရာ မြန်မာ့တိုင်းရင်းဆေးဝါးများ အခိုင်အမာရပ်တည် ဖြန့်ဖြူးရာဌာန အဆောက်အဦ ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာကုထုံးများဖြင့် ထည်ဝါစွာကုသပေးသော ဌာနတစ်ခု၏ ဂုဏ်ဒြပ်နှင့်အညီ လိုက်လျောညီထွေရှိသော အဆောက်အဦ တစ်ခုဖြစ်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆောက်အဦ၏ ဥပဓိရုပ် ဆုတ်ယုတ်နိမ့်ကျမှုသည် တိုင်းရင်းဆေးကုသမှု၏ အရှိန်အဝါကို ထိခိုက်စေမည် ဖြစ်ပါသောကြောင့် တိုင်းရင်းဆေးပညာဦးစီးဌာန လက်အောက်ရှိ မြန်အောင်မြို့နယ် တိုင်းရင်းဆေးကုသဌာန၏ အန္တရာယ်ရှိအဆောက်အဦအား ဖျက်သိမ်း၍ အဆောက်အဦသစ်ချထား ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာနရှိ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနကို မြေဧရိယာ ဝ.၂၅၇ ဧကအပေါ် ပြည်သူများ၏ထည့်ဝင်ငွေ ကျပ်သိန်း ၄၀ ကျော်၊ ဌာနထည့်ဝင်ငွေကျပ် သိန်း ၂၀ ကျော် စုစုပေါင်းကျပ်သိန်း ၆၀ ကျော် ဖြင့် ၂၅-၁-၂၀၀၅ ရက်နေ့တွင် စတင်ဆောက်လုပ်၍ ၁-၂-၂၀၁၇ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ရာ အဆောက်အဦမှာ ၁၀ နှစ်ကျော်သက်တမ်းရှိပြီး မြေဂရန်လည်းရရှိထားသည့် အဆောက်အဦဖြစ်ပါကြောင်း၊ ယခုလက်ရှိ မြန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာန ခြံစည်းရိုးကာရန်အတွက် ကျပ် ၃.၁၃ သန်းကို ဧပြီ ၁ ရက်နေ့မှစတင်ပြီး ဘတ်ဂျက်ခြောက်လတွင် ခွင့်ပြုရန်ပုံငွေလည်း ရထားပြီးဖြစ်ပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ မြန်အောင်မြို့နယ် တိုင်းရင်းဆေးကုသမှုဌာနအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လမ်းဦးစီးဌာနတို့ပါဝင်သည့် တည်ဆောက်ရေး အရည်အသွေး စစ်ဆေးမှုကြီးကြပ်ကော်မတီမှ ၁၀-၁-၂၀၁၈ ရက်နေ့တွင် သွားရောက်စစ်ဆေးကြည့်ရာ ရုံးအဆောက်အဦအဖြစ် ပြန်လည်ပြင်ဆင်ရန် မသင့်တော်ပါကြောင်းနှင့် အသစ်ဆောက်လုပ်ရန် သင့်ကြောင်းတွေ့ရပါသည်။ သို့သော် လူနာဦးရေက တစ်နှစ်ပတ်လုံးတွင် ၁၈၀၆ ယောက်သာ ဆေးရုံတက်ရောက်သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ဝန်ထမ်းအိမ်ရာကို ဦးစားပေးပြီး ဆောက်လုပ်ရန်ရှိပါကြောင်း၊ ဝန်ထမ်းအိမ်ရာ ဦးစားပေးဆိုသည်မှာလည်း ဝန်ထမ်းအိမ်ရာ မရှိ၍မသွားခြင်း ဖြစ်သည့်အတွက် ဝန်ထမ်းအိမ်ရာ (၂) အဖြစ် မိမိတို့သတ်မှတ်ပြီး ဆောက်မည်ဖြစ်သည့်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ၎င်းကို အန္တရာယ်မရှိစေရန်အတွက် ပြင်ထိန်းစရိတ်နှင့် အတတ်နိုင်ဆုံး ပြင်ဆင်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
