ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်လမ်းမှာတည်ရှိ မျက်စိအထူးကုဆေးရုံကြီး (YANGON EYE HOSPITAL) က ဗဟိုအဆင့်မြင့်ပင်မ ဆေးရုံကြီးတစ်ခုဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ် ကလာရောက်ပြီး မျက်စိရောဂါအမျိုးမျိုး ကုသပြသကြသည့် သူများသည် တစ်နှစ်ထက် တစ်နှစ်အတွင်း လူနာဌာန၊ အပြင်လူနာဌာနတွင် ပိုမိုများပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ အပြင်လူနာဌာနတွင် လာရောက်ပြသကြသည့် လူနာများသည် နှစ်အလိုက်ကုသမှု များပြားလာခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ၉၀၀၀၀ ကျော်အထိ ဖြစ်လာပါကြောင်း၊ ယခုလို များပြားလာသည့်အတွက် ပြင်ပလူနာဌာနကို တိုးချဲ့ရန်လိုအပ်လာသည်ကို တွေ့ရပါကြောင်း၊ ထို့နောက် လူနာကြည့်ရှုရမှုနှင့် ပတ်သက်ပြီး ပြသမည့်သူ များပြားလာသည့်အတွက်၊ နေရာချထားမှု အခက်အခဲများ ဖြစ်ပေါ်လာသည့်အပြင် ဆေးရုံ၏ ပြင်ပလူနာဌာနရှေ့တွင်လည်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများအတွက် ထပ်မံတိုးချဲ့ရန် လိုအပ်ပါကြောင်း၊ နှစ်အလိုက် လူနာကြည့်ရှုရမှုကို ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ် ကိန်းဂဏန်းများအရ ပြန်လည်ကြည့်မည်ဆိုလျှင် လူနာပြသမှု အရေအတွက်က နှစ်ဆအထိတိုးလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ခွဲစိတ်ခန်းတွင်ရှိသည့် စောင့်ဆိုင်းနေရသည့် လူနာများကိုလည်း တာဝန်ကျဆရာ/ဆရာမများက ကုသသည့်အခါ ညအချိန်အထိပါ အချိန်ယူပြီး ကုသရခြင်းဖြစ်လာသည့်အတွက် တာဝန်ကျဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများလည်း မနိုင်ဝန်ထမ်းနေရပါကြောင်း၊ ဓာတ်ခွဲခန်းကလည်း ငါးခန်းသာရှိသည့်အတွက် ခွဲစိတ်ခန်းများကို ထပ်မံတိုးချဲ့ရန် လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ မျက်စိစမ်းသပ်ရေးနှင့်ပတ်သက်သည့် အဆင့်မြင့်တန်ဖိုးကြီး စက်ကိရိယာများထဲတွင် မျက်စိခွဲစိတ်ကုသ ရာတွင်သုံးသည့် Megatrom စက်ဆလျှင် အမေရိကန် ဒေါ်လာ ၆၀၀၀၀ ကျော် တန်ဖိုးရှိပါကြောင်း၊ ယခုလိုစက်ကိရိယာများ စနစ်တကျထားနိုင်ရန်အတွက် နေရာအလုံအလောက် ရှိရန်ထပ်မံပြီး ဆေးရုံကြီးကို အဆင့်မြင့်တိုးချဲ့ရန်လည်း လိုအပ်လာပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုမှ အားထားမှုပိုမိုများပြားလာသည့် မျက်စိဆေးရုံကြီး (YANGON EYE HOSPITAL) ကို အဆင့်မြှင့်တိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တိုးချဲ့ပေးနိုင် မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်မျက်စိအထူးကုဆေးရုံ၏ ဆေးရုံလုပ်ငန်း ငါးနှစ်စာစာရင်း ဇယားများကို ပြန်လည်သုံးသပ် ကြည့်သည့်အခါ တစ်နေ့ကို ပျမ်းမျှအတွင်းလူနာက ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တစ်ရက်ကို ၇၄ ဦးရှိပြီး အနည်းဆုံး ၅၄ ဦးမှ အများဆုံး ၉၀ ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ။ ဆေးရုံခုတင်အသုံးချမှု ရာခိုင်နှုန်းတွက် ၃၆ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပျမ်းမျှအားဖြင့် ၄၉.၆ ရာခိုင်နှုန်းခန့်ရှိသည်ကိုလည်း တွေ့ရှိရသည့်အပြင် တစ်နေ့ပျမ်းမျှ ပြင်ပလူနာက နည်းနည်းများပါကြောင်း၊ သို့သော်အနည်းဆုံး ၂၄၇ ယောက်မှ အများဆုံး ၃၈၃ ယောက်ရှိပြီး ငါးနှစ်စာပျမ်းမျှမှာ ၃၀၃ ဦးရှိပါကြောင်း၊ ပြင်ပလူနာများသည်ဟု ဆိုခြင်းမှာ မျက်စိရောဂါ၏ Nature of Job ရောဂါဖြစ်ပါကြောင်း၊ ထို့ကြောင့် မျက်မှန်စမ်းသပ်ခြင်း၊ မျက်စိမှုန်ခြင်း၊ မျက်စိအားနည်းခြင်းကို လာပြသည့်သူ တော်တော်များပါကြောင်း၊ မိမိတို့ဆေးရုံကို အခုလောလောဆယ် ခုတင် ၁၅၀ ဖြစ်သော်လည်း ခုတင်အသုံးပြုမှု ရာခိုင်နှုန်းက ၁၅၀ ရာခိုင်နှုန်း ရှိမှသာလျှင် တိုးခြင်းဖြစ်ပါကြောင်း၊ ခွဲစိတ်ခန်းအခြေအနေ ကြည့်အခါ အနည်းငယ် လိုအပ်မည် ဆိုသည်ကို သိရှိရပါကြောင်း၊ ပြင်ပလူနာအနေဖြင့် လူနာတန်းစီရခြင်းမှာ ကြည့်ရှုသည့် ဆရာဝန်က ၁၀ ဦးမှ ၁၆ ဦးအထိ တနင်္လာနေ့မှ သောကြာနေ့အထိ မနက် ၈ နာရီမှ ည ၄ နာရီအထိ ကြည့်ရှုပြီး လူနာစောင့်ရသည့် အချိန်ကြာမြင့်သည်ကို သိရှိရပါကြောင်း၊ သို့သော်လည်း တစ်လအတွင်း အဖြေသိရှိရမည် ဖြစ်ပါကြောင်း၊ ပြင်ပလူနာမှာ နေရာ (ပေ ၃၀ x ပေ ၃၀) ပတ်လည် ဖြစ်သည့်အတွက် နေရာအနည်းငယ် ကျဉ်းမြောင်းနေသည်ကို ပြန်လည်ကြည့်ရှုပေးပါမည်။ ခေတ်မီတန်ဖိုးကြီးရှာဖွေ ကိရိယာများ နေရာချထားရန်ကိစ္စက ဦးစားပေးမဟုတ်သော်လည်း သီးသန့်ခန်းလိုအပ်သည်ကိုလည်း သိရှိရပါကြောင်း၊ သင်ကြားရေး စာသင်ခန်းနှင့်ပတ်သက်၍ စာသင်ခန်းက နှစ်ခန်း၊ စာကြည့်သည့်အခန်းနှင့် အစည်းအဝေးခန်း တစ်ခန်းရှိသည်ကိုလည်း သိရှိရပါကြောင်း၊ ဆေးကျောင်းသားတွေ နောက်ဆုံးနှစ်အပိုင်း (က) တွင် တစ်နှစ်ကို ၅၀၀၊ မျက်စိနှင်ြ့ပတ်သက်ပြီး Post Graduate (Doctorate)၊ ပါရဂူဘွဲ့က ၁၆ ယောက်၊ Master ဘွဲ့က ၃၀ ယောက် ရှိသည့်အပြင် Medicine မှာဆိုလျှင် ၄၀ ဦး၊ Child မှာဆိုလျှင် ၄၀ ဦး၊ Oncology ဆိုလျှင် ၄၀ ဦး၊ Emergency ၃ ဦးအစရှိသဖြင့် Diploma များလည်း ရှိပါကြောင်း၊ သူနာပြု ကျောင်းသားများလည်း ၄၀ ဦးရှိပါကြောင်း၊ BNSH အရမ်းများသည့်အတွက် ၎င်းကိစ္စကို ကျွန်တော်တို့ အထူးဦးစားပေးတစ်ရပ်အနေဖြင့် လုပ်ပေးမည်ဖြစ်ပါကြောင်း၊ ဆရာဝန်လိုအပ်ချက်နှင့် ပတ်သက်ပြီး ခွင့်ပြုခန့်ထား ခွင့်ပြု ၅၈ ယောက်၊ ခန့်ထား ၅၀၊ ၈၆ ရာခိုင်နှုန်း၊ သူနာပြုခွင့်ပြု ၈၁ ယောက်၊ ခန့်ထား ၅၇ ယောက်၊ ၇၀ ရာခိုင်နှုန်း၊ ကျွမ်းကျင်လုပ်သား ခွင့်ပြု ၂၇ ယောက်၊ ခန့်ထား ၂၀ ယောက်၊ ၇၄ ရာခိုင်နှုန်းနှင့် အခြားဝန်ထမ်းများ ခွင့်ပြု ၁၄၀ ယောက်၊ ခန့်ထား ၈၉ ယောက်၊ ၆၄ ရာခိုင်နှုန်းရှိပါကြောင်း၊ ဆရာဝန် ၅၈ ဦးအပြင် ဆေးတက္ကသိုလ်နှင့် အခြားတက္ကသိုလ်မှ ဆရာဝန်များလည်း ၃၇ ဦး၊ ၎င်းဆေးရုံသို့ လာရောက်သင်ယူသည့် ပါရဂူဘွဲ့တက်သည့် ဆရာဝန်များ၊ Master တက်သည့် ဆရာဝန်များကလည်း လူနာများကို ကုပေး၍ရပါကြောင်း၊ ဆိုလိုသည်မှာ ဆေးရုံမှာရှိသည့် ဆရာဝန်အင်အားသည် မူလ ၁၅၀ ခုတင်တွင်ဆံ့သည့် ဆရာဝန်အင်အားထက် ပိုမိုများပြားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ဆေးရုံအုပ်ကြီးအနေဖြင့် ခွဲစိတ်ခန်းနှင့် ပြင်ပလူနာဌာနတွင် ပါဝင်သော နှစ်ထပ်ဆောက်လုပ်ရေးပေးရေးနှင့် ဝန်ထမ်းအင်အားတိုးမြှင့် ခန့်ထားပေးရန် တင်ပြထားသော်လည်း ၂၀၁၈-၁၉ ခုနှစ်က ဝန်ထမ်းအိမ်ရာကို ဦးစားပေးမည်။ ၂၀၁၉-၂၀ ခုနှစ်တွင် အမြန်ဆုံးဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ သင်ကြားမှုအခန်းများကိုလည်း အမြန်ဆုံး လုပ်ပေးပါမည်။ သို့သော်လည်း မိမိတို့တင်ပြချက်က စာရင်းဇယား Data အပေါ်တွင် Analyze လုပ်ပြီး တင်ပြခြင်းဖြစ်သော်လည်း ဗဟိုကအဖွဲ့၊ တိုင်းဒေသကြီးအဖွဲ့တို့နှင့် ကွင်းဆင်းပြီး အသေးစိတ် ပြန်လည်လေ့လာပြီး လိုအပ်လျှင်လိုအပ်သလို ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
