(စ)-၂၀၁၉-၂၀၂၀အတွင်း တနိုင်းဒေသသို့ မဟာဓာတ်အားလိုင်းမှ (၂၄)နာရီ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ၂၀၁၈-၂၀၁၉တွင် ကာမိုင်း၊ တနိုင်း ၆၆ ကေဗွီဓာတ်အားလိုင်းအတွက် လိုအပ်သည့် ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ (၁၅.၁.၂၀၁၈)

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည်နယ်၊ တနိုင်းဒေသသို့ မဟာဓာတ်အားလိုင်းမှ (၂၄)နာရီ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်  တနိုင်းမြို့တွင် ကာမိုင်း၊ တနိုင်း ၆၆ ကေဗွီဓာတ်အားလိုင်းအတွက် လိုအပ်လျက်ရှိနေသော ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

တနိုင်းဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဓာတ်အား လိုင်းမှ (၂၄)နာရီ မီးရရှိနိုင်ရေးအတွက် အမြန်ဆုံးလိုအပ်လျက်ရှိနေပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ယခုသိရှိထားသည်မှာ ကာမိုင်း-တနိုင်း ၆၆ ကေဗွီဓာတ်အား လိုင်း ၇၅ မိုင် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းကို သိရှိထားပါကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည်နယ်၊ တနိုင်းဒေသသို့ မဟာဓာတ်အားလိုင်းမှ (၂၄)နာရီ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်  တနိုင်းမြို့တွင် ကာမိုင်း၊ တနိုင်း ၆၆ ကေဗွီဓာတ်အားလိုင်းအတွက် လိုအပ်လျက်ရှိနေသော ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကချင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် တနိုင်းဒေသကို ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ကာမိုင်း-တနိုင်း ၆၆ ကေဗွီဓာတ်အားလိုင်း (၇၅)မိုင်၊ ၆၆/၁၁ကေဗွီ၊ အမ်ဗွီအေ ကာမိုင်းဓာတ်အားခွဲရုံနှင့် ၆၆/၁၁ကေဗွီ၊ အမ်ဗွီအေ တနိုင်းဓာတ်အားခွဲရုံတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းတစ်ခုလုံး၏ စီမံကိန်း ခန့်မှန်းကုန်ကျစရိတ် ကျပ်သန်းပေါင်း ၁၂၃၃၀ ရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းတစ်ခုလုံးကို ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနက နှစ်အလိုက် ခွဲဝေရရှိသည့် ဘတ်ဂျက်အရ ဆောင်ရွက်လျက်ရှိရာ ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းအတွက် လိုအပ်သည့် ကြွေသီးများ ဝယ်ယူခြင်း လုပ်ငန်းအတွက် ကျပ် ၄၆၃ သန်းခန့်ကို ပေးချေဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ဘတ်ဂျက်နှစ်အတွင်း နောက်ထပ် ကျပ်သန်း ၂၂၈၀ ခန့်ကို ထည့်သွင်းလျာထားမည်ဖြစ်ပြီး ဆက်လက်လိုအပ်လျက်ရှိသည့် ဘတ်ဂျက်ရန်ပုံငွေများကို လာမည့်ဘဏ္ဍာရေးနှစ်များအလိုက်  ဆက်လက်တောင်းခံသွားပြီး အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးလင်းလင်းဦး (တနိုင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိဘက်မှ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ၁၃-၁၀-၂၀၁၇ ရက်နေ့ ပြည်နယ်အစိုးရအဖွဲ့ဝင်နှစ်ဦးနှင့် တွေ့ဆုံပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ ယခုလိုဆွေးနွေးသည့် အချိန်တွင် ကာမိုင်း၊ တနိုင်းစီမံကိန်းက ပြည်ထောင်စုက ကိုင်တွယ်သည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ ထိုသို့ဆွေးနွေးသည့် အချိန်တွင် ပြည်နယ်မှ ပြည်နယ်အစိုးရအဖွဲ့ကလည်း တနိုင်းဒေသကို လျှပ်စစ်မီးရရှိနိုင်ရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ၎င်းတို့ ပြည်နယ် ရန်ပုံငွေ တစ်စိတ်တစ်ဒေသကို ကာမိုင်း၊ တနိုင်း ၇၅ မိုင် စီမံကိန်းတွင် ထည့်သွင်းကူညီပြီး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခွင့် ရမည်ဆိုပါက မဲဆန္ဒနယ်က ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်း မီးရရှိနိုင်သည်ဆိုပြီး ဆွေးနွေးညှိနှိုင်း ထားခြင်းများရှိပါကြောင်း၊ ထို့ကြောင့် ၎င်းဝန်ကြီးဌာနကို မေးခွန်းမေးမြန်းလိုသည်မှာ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည်နယ်၊ တနိုင်းဒေသကို (၂၄) နာရီ မီးလင်းနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် တနိုင်းဒေသက တိုင်းရင်းသား ပြည်သူများ၏ အကျိုးကိုရှေ့ရှုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

စီမံကိန်းတစ်ခုလုံး၏ ကုန်ကျစရိတ်သည် ကျပ်သန်းပေါင်း ၁၂၃၃၀ လိုအပ်ခြင်း ဖြစ်ပါကြောင်း၊ လက်ရှိဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြင့် သုံးစွဲပေးသည့် ငွေက ၄၆၃ သန်းခန့်ရှိခြင်း ဖြစ်ပါကြောင်း၊ ၎င်းအတွက် ထပ်မံလိုအပ်မည့် ဘတ်ဂျက်ငွေက ကျပ်သန်းပေါင်း ၁၁၉၀၀ ခန့် ဆက်လက်လိုအပ် နေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လိုအပ်သည့် ကျပ်သန်းပေါင်း ၁၁၉၀၀ ခန့်ကို ပြည်နယ်အစိုးရ၏ ဘတ်ဂျက်တွင် ထည့်သွင်းပြီး ထိုစီမံကိန်းကို လျင်လျင်မြန်မြန်ပြီးအောင် ဆောင်ရွက်လိုပါက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လက်သင့်ခံနိုင်ပါကြောင်း၊ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလည်းကောင်း၊ နည်းပညာပိုင်းဆိုင်ရာ အရလည်းကောင်း ဓာတ်အားလိုင်းများ၏ အားနည်းချက် ဖြစ်ပေါ်လာပါက ဓာတ်အားစနစ်ကြီးတစ်ခုလုံး တစ်နိုင်ငံလုံး မီးအမှောင်ကျသွားသည်အထိ ဖြစ်ပေါ်တတ်ပါကြောင်း၊ ထို့အတွက်ကြောင့် ပြည်နယ်အစိုးရ၏ ဘတ်ဂျက်နှင့် လျာထားမည်ဆိုလျှင် နည်းပညာပိုင်းဆိုင်ရာအရ Technical Specification များကို တင်ဒါခေါ်ယူ ဆောင်ရွက်ရာတွင် လိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်ခြင်းဖြစ်သည့် အတွက်ကြောင့် မိမိတို့ပြည်ထောင်စုဝန်ကြီးဌာနများက အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများကို ဘတ်ဂျက်ထည့်သွင်းလျာထားခဲ့ပါက အဆိုပါဘတ်ဂျက်များကို တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများထံ လုပ်ငန်းအပ်နှံ ဆောင်ရွက်ရသကဲ့သို့ ယခု ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် ခွဲရုံလုပ်ငန်းများ ကိုလည်း ပြည်နယ်အစိုးရမှ ဘတ်ဂျက်ထည့်သွင်းပြီး ဆောင်ရွက်မည်ဆိုပါက အဆိုပါဘတ်ဂျက် များကို မိမိတို့ပြည်ထောင်စုဝန်ကြီးဌာနထံကို လုပ်ငန်းအပ်နှံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။