ရိခေါဒါရ်မြို့ကို အမှတ်(၁)နှင့်အမှတ်(၂)ရပ်ကွက်ဖြင့် ရပ်ကွက်နှစ်ခုဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အမှတ်(၂)ရပ်ကွက်သည် အမှတ်(၁)ရပ်ကွက်ထက် လူဦးရေ ၅ ဆခန့် ပိုမိုများပြားလျက်ရှိပါကြောင်း၊ အမှတ်(၁)ရပ်ကွက်တွင် လျှပ်စစ်ဦးစီးဌာနမှ ၅၀၀ KVA မီးစက်တစ်လုံးဖြင့် တစ်ရက်လျှင်လေးနာရီ လျှပ်စစ်ဓာတ်အားပေးလျက်ရှိပြီး လျှပ်စစ်ဓာတ်အားခမှာ တစ်ယူနစ်လျှင် ၃၅ ကျပ်ပေးဆောင်ရပါ ကြောင်း၊ အမှတ်(၂)ရပ်ကွက်မှ တစ်ဘက်နိုင်ငံ နယ်စပ်မြို့မှ နှစ်ဘက်ညှိနှိုင်း သဘောတူညီမှုဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲလျက်ရှိပါပြီး လျှပ်စစ်ဓာတ်အားခမှာ တစ်ယူနစ်လျှင် ကျပ် ၃၀၀ ပေး ဆောင် နေရသဖြင့် ပြည်သူများအတွက် အခက်အခဲများစွာနဲ့ကြုံတွေ့နေရပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုများပြားလာပါသဖြင့် လက်ရှိသုံးစွဲနေသည့် ၅၀၀ KVA မီးစက် တစ်လုံးဖြင့် လုံလောက်မှုခြင်းမရှိသည့်အတွက် ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်တွင် ဓာတ်အား လုံလောက်စွာသုံးစွဲနိုင်ရေးအတွက် နောက်ထပ် ၅၀၀ KVA မီးစက်တစ်လုံး သို့မဟုတ် ၁၂၅၀ KVA မီးစက်တစ်လုံးချထားပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
ရိခေါဒါရ်မြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် ၂၅ KVA ဒီဇယ်မီးစက်တစ်လုံး၊ ၁၅၀ KVA ဒီဇယ်မီးစက်တစ်လုံးနှင့် ၅၀၀ KVA ဒီဇယ်မီးစက်တစ်လုံး စုစုပေါင်းသုံးလုံးတပ်ဆင်ထားပြီး စက် တပ်ဆင်အင်အားမှာ စုစုပေါင်း ၆၇၅ KVA ရှိပါကြောင်း၊ အမှတ်(၁)ရပ်ကွက်မှာရှိတဲ့ မီးသုံးသူဦးရေ ၂၂၄ ဦးအား ၄၀၀ V ဓာတ်အားလိုင်း ၃ မိုင်ခွဲဖြင့် ဓာတ်အားပေးလျက်ရှိပြီး လက်ရှိသုံးစွဲနေသည့် ဝန်အားသည် ၁၃၀ KW ခန့်သာရှိပြီး လစဉ်စက်သုံးဆီခွဲတမ်း ဂါလန် ၁၆၁၂ ကျော် အသုံးပြုပြီး နေ့စဉ် လေးနာရီခန့်မောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင် စုအချို့မှ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် အိန္ဒိယနယ်ခြား ဘက်မှနေပြီး လျှပ်စစ်ဓာတ်အားကို ဝယ်ယူပြီး သုံးစွဲလျက်ရှိပါကြောင်း၊ ရိခေါဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဌာနပိုင်ဒီဇယ်ဓာတ်အားပေး စက်ရုံဝင်း အတွင်းမှာ လက်ရှိ ၅၀၀ KVA ထရန်စဖော်မာတစ်လုံး၊ ၁၀၀ KVA ထရန်စဖော်မာတစ်လုံးနှင့် ၁၁ KV ဓာတ်အားလိုင်း တစ်မိုင်ခွဲအပြင် ၄၀၀ V ဓာတ်အားလိုင်း နှစ်မိုင်ခန့်နှင့် အမှတ်(၂) ရပ်ကွက် အတွင်းမှာ ၁၀၀ KVA ထရန်စဖော်မာလေးလုံး၊ ၁၁ KV ဓာတ်အားလိုင်းနှစ်မိုင်ခန့်နှင့် ၄၀၀ V ဓာတ်အားလိုင်း သုံးမိုင်ခန့်ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အစိုးရ၏ ရန်ပုံငွေနှင့် တည်ဆောက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးပြီးစီးပါက အမှတ်(၂) ရပ်ကွက် အတွင်း မှာရှိတဲ့ ဓာတ်အား သုံးစွဲမည့်ပြည်သူများကို လက်ရှိအမှတ်(၁) ရပ်ကွက်တွင် တပ်ဆင်ထားသည့် ဌာနပိုင်ဒီဇယ် ဓာတ်အားပေးစက်များအားလုံးနှင့်ပေါင်းပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး နိုင်သည့် အခြေအနေရှိပါကြောင်း၊ အမှတ်(၁)ရပ်ကွက်နှင့်အမှတ်(၂)ရပ်ကွက်နှစ်ခုစလုံး၏ သုံးစွဲမည့် လျှပ်စစ် ပမာဏ သည် ၅၀၀ KW ခန့်သာရှိသည့်အတွက်ကြောင့် လက်ရှိစက်တပ်ဆင် အင်အားများနှင့် နိုင်နင်း သည်ကို တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်အတွင်းမှာ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ဓာတ်အားလိုင်းများ အားလုံး ပြီးစီးပါက အမှတ်(၁)ရပ်ကွက်နှင့်အမှတ်(၂)ရပ်ကွက် နှစ်ခုလုံးကို လက်ရှိ ဒီဇယ်စက်သုံးလုံးနှင့် ဓာတ် အား ဆက်လက်ဖြန့်ဖြူးပေးသွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
