စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ထီးချိုင့်မြို့နယ်နှင့် ကောလင်းမြို့နယ် ဆက်သွယ် ထားသည့် မြို့နယ်ချင်းဆက် လမ်းပေါ်ရှိ ထီးချိုင့်-မရသိမ်-တောမ-မော်ကွန်းတိုင်-ကျောက်တန်းလမ်းသည် ၁၃ မိုင် ၄ ဖာလုံ ရှည်လျားပြီး လမ်းဦးစီး ဌာနက ၂၀၁၆-၁၇ ခုနှစ်တွင် မြေသားလုပ်ငန်း ၄ မိုင် ၁ ဖာလုံ ဆောင်ရွက်ပြီးစီးပါက မြေသားလုပ်ငန်း အားလုံးပြီးစီးမည်ဟု သိရှိရပါကြောင်း၊၎င်း လမ်းပိုင်းသည် ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၈ ရွာမှ လူဦးရေ ၃၀၀၀၀ ခန့် ထီးချိုင့်မြို့ကိုသွားလာရာတွင် အသုံးပြုနေသည့် တစ်ခုတည်းသော လမ်းဖြစ်ပါကြောင်း၊
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် တချို့လမ်းများ ပြန်လည်ပျက်စီးသွားခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ထို့အပြင် ၎င်းလမ်းပေါ်တွင် ပေ ၂၀ ခန့်ရှိသော ကွန်ကရစ်တံတားများလည်း တည်ဆောက် လျက်ရှိသည့်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကုန်တွင် ကွန်ကရစ်တံတား (၉) စင်း တည်ဆောက်ပြီးစီးမည်ဟု ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန မှသိရှိရ ပါကြောင်း၊ ၎င်းလမ်းပေါ်ရှိ ကြက်သွန်ခင်းနှင့် ဒိုးပင်ရွာ အကြား ရေအေးချောင်းတံတား အကျယ် ၆၅ ပေ၊ နတ်ကြီးအိုက်တံတား အကျယ် ၁၅၄ ပေ၊ ထိန်ချောင်းတံတား အကျယ် ၁၄၅ ပေနှင့် ဒိုးပင်တံတား (မဲဇာ) အကျယ် ၂၆၉ ပေ တို့ရှိပါကြောင်း၊
အဆိုပါ တံတားများသည် သစ်သားတံတားများဖြစ်ပြီး သက်တမ်းကြာရှည်သည်နှင့်အမျှ ခိုင်ခံ့မှု အလွန်အားနည်းပါကြောင်း၊ မြေသားလုပ်ငန်း ဆောင်ရွက်ပြီးစီးသည့်အခါ မူလအတိုင်း အနိမ့်ပိုင်း တွင် ကျန်နေခဲ့မည် ဖြစ်သည့်အတွက် ၎င်းတံတားလေးစင်းကို သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ထီးချိုင့်-ကျောက်တန်းလမ်းပေါ်ရှိ မြို့တွင်း လမ်းပိုင်း ဝ/၀ မိုင်မှ ၁ မိုင် ၂ ဖာလုံရှည်လျားသည့် ယခင်ကတ္တရာလမ်းသည် မြစ်ရေကြီးချိန်တွင် နစ်မြုပ်ခဲ့သည့်အတွက် ပျက်စီးယိုယွင်းလျက်ရှိပါကြောင်း၊ အဆိုပါ လမ်းကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဇူလိုင်လ ၁၅ ရက်နေ့ လာရောက်သည့်အခါ လမ်းပိုင်းပေါ်ကို ချင်းကျောက်များ ကပျာကယာခင်းလိုက်သောကြောင့် လမ်းမှာပိုမိုပျက်စီးသွားပါကြောင်း၊သို့ပါ၍ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးအတွက် ဆက်သွယ်ရေးကောင်းမွန်စေ ရန် အထက်ဖော်ပြပါ ကွန်ကရစ် တံတားတည်ဆောက်ခြင်းနှင့် ထီးချိုင့်မြို့တွင်းလမ်းကို ကွန်ကရစ်လမ်းအဖြစ် ခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်အတွင်းရှိ ထီးချိုင့်-မရသိမ်-တောမ-မော်ကွန်းတိုင်-ကျောက်တန်းလမ်းသည် ယခင်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် လမ်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းအဖြစ် လွှဲပြောင်းဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ ၁၀-၈-၂၀၁၆ ရက်နေ့တွင် တင်ပြခဲ့သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်အရ စီးပွားရေးရာကော်မတီသို့ တင်ပြရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထီးချိုင့်-မရသိမ်-တောမ-မော်ကွန်းတိုင်-ကျောက်တန်းလမ်းရှိ လမ်းမိုင် (ဝ/၀-၁/၂) ကြား ကတ္တရာလမ်း ပျက် ၁ မိုင် ၂ ဖာလုံအား ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေတွင် လျာထားတင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဖြည့်စွက်ရန်ပုံငွေမရရှိပါက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးမူလရန်ပုံငွေတွင် တင်ပြဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ပျက်စီးနေသော တံတားလေးစင်းအနက် ရေအေးချောင်းတံတားအား ကွန်ကရစ်လမ်းတံတားအဖြစ် တည်ဆောက်ရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး မူလရန်ပုံငွေတွင် တင်ပြတောင်းခံထားပြီး ကျန်တံတား သုံးစင်းဖြစ်သည့် နတ်ကြီးအိုက်တံတား၊ ထိန်ချောင်းတံတား၊ ဒိုးပင်တံတား သို့မဟုတ် မဲဇာတံတားတို့အား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေတွင် ဆက်လက်တင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်ပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ပေါင်းစပ်ဖြေကြား ထားပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မဲဆန္ဒနယ်မှ အဆိုပါလမ်းမကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် တိုင်းဒေသကြီးအစိုးရမှ စီမံခန့်ခွဲသောလမ်းအဖြစ် ဆောင်ရွက်လျက်ရှိသဖြင့်၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခဲ့ခြင်း မရှိပါသောကြောင့် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် နှစ်အလိုက် ပြည်နယ်/တိုင်း ဒေသကြီးများ၏ ဦးစားပေးလျာထားတင်ပြမှုများအပေါ် မူတည်ပြီး လျာထားတင်ပြပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေ ကြားပါသည်။
