(ခ)-နိုင်ငံတစ်ဝှမ်းလုံးရှိအခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသောဆရာ/မများနှင့်ဝန်ထမ်းများခန့် ထားနိုင်ရန်အတွက်မည်ကဲ့သို့စီမံဆောင်ရွက်သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ (၃.၁၀.၂၀၁၆)

အမရပူရမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ဆရာ/မများ၊ စာရေးဝန်ထမ်းများ၊သိပ္ပံလက်ထောက်များ၊လုံခြုံရေးနှင့်သန့်ရှင်းရေးအစရှိသည့် ဝန်ထမ်းများ လိုအပ်လျက် ရှိပါကြောင်း ၊ထို့အပြင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံ ပညာကျောင်းများတွင်လည်း လိုအပ်လျက်ရှိပါကြောင်း၊တချို့ကျောင်းများတွင် ခန့်အပ်ရန် ဖွဲ့စည်းပုံရရှိထားပြီးဖြစ်သော်လည်း အပြည့်အဝ ခန့်ထားနိုင်ခြင်း မရှိသေးသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ဆရာ/မများနှင့် ဝန်ထမ်းများမလုံလောက်မှုကြောင့် သင်ကြားရေးနှင့် စီမံခန့်ခွဲရေးတွင် လည်းကောင်း၊ ပညာရေးမြှင့်တင်နိုင်ရေး အတွက်လည်းကောင်း များစွာအခက်အခဲရှိနေပါကြောင်း၊

အခြေခံပညာကျောင်းများတွင် ဆရာ/မများနှင့် ဝန်ထမ်းများ လုံလောက်စွာ ခန့်ထားနိုင်ရေးတောင်းဆို နေကြသည်ကို နေရာတိုင်းတွင် တွေ့နေရပါကြောင်း၊ တချို့ဒေသများတွင် အခြေခံ ပညာကျောင်းများတွင် ဆရာ/မလိုအပ်ချက်များကြောင့် ဘွဲ့ရ သို့မဟုတ် ကိုးတန်း၊၁၀ တန်းအောင် လူငယ်များကို လုပ်အားပေးအဖြစ် ခန့်ထားနေရခြင်းဖြစ်သောကြောင့် ၎င်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေဖြင့် ကျောင်းသား မိဘများက အလှူငွေထည့်ဝင်ကြရပါကြောင်း၊ ထို့ကြောင့် အခမဲ့ပညာရေးစနစ်နှင့် လိုက်လျောညီထွေမှု မရှိဖြစ်နေပါကြောင်း၊ ပညာရေး အဆင့်မြှင့် တင်နိုင်ရန်အတွက် အရည်အချင်းပြည့်ဝသော ဆရာ/မများ လုံလောက်စွာရရှိရေးသည် အဓိကအချက်တစ်ခု ဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ တွင် လိုအပ်လျက်ရှိသော ဆရာ/မများနှင်‌့ ဝန်ထမ်းများအလျင်အမြန် ခန့်ထားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိ လိုပါကြောင်း မေးမြန်းပါသည်။



 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၁၆-၁၇ ပညာသင်နှစ်၌ အခြေခံပညာအထက်တန်း ကျောင်း (၆) ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ (၅) ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း (၄) ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ (၆) ကျောင်း၊ အခြေခံပညာမူလတန်းလွန် ကျောင်း ၁၈ ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း ၆၃ ကျောင်း၊ စုစုပေါင်း ၁၀၂ ကျောင်း တည်ရှိပါကြောင်း၊ တစ်မြို့နယ်လုံးရှိ ကျောင်းသား/သူများအနေဖြင့် အထက်တန်းအဆင့် ကျောင်းသား/သူ ၃၃၆၂ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၁၇၈၉ ဦးနှင့် မူလတန်းအဆင့် ကျောင်းသား/သူ ၁၉၈၁၆ ဦး စုစုပေါင်း ကျောင်းသား/သူ ၃၄၉၆၇ ဦးရှိပါကြောင်း၊ တစ်မြို့နယ်လုံးရှိ ဆရာ/မများအနေဖြင့် အထက်တန်းပြဆရာ/မ ၁၃၇ ဦး၊ အလယ်တန်းပြဆရာ/မ ၅၇၉ ဦးနှင့် မူလတန်းပြဆရာ/မ ၄၁၉ ဦး စုစုပေါင်း ဆရာ/မ ၁၁၃၅ ဦးတို့ကို ဖြည့်ဆည်းခန့်ထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမရပူရမြို့နယ်အတွင်း ဆရာ/မနှင့်ကျောင်းသား/သူအချိုးမှာ အထက်တန်းအဆင့်တွင် ၁း၂၄၊ အလယ်တန်းအဆင်‌့တွင် ၁း၂၀၊ မူလတန်းအဆင်‌့တွင် ၁း၄၅ ရာခိုင်နှုန်းဖြစ်သည့်အတွက်ကြောင့် သင့်တင့် မျှတမှုရှိပါကြောင်း၊

အလယ်တန်းအဆင့်ဆရာ/မအချိုးသည် မူလတန်းကျောင်းများတွင် PJ အနေဖြင့် အလယ်တန်းပြလစာ ခံစားပြီးသင်ကြားပို့ချမှုလည်း ရှိသည့်အတွက်ကြောင့် မူလတန်းအဆင်‌့သည် အလယ်တန်းပြဆရာ/မလစာနှင့် မူလတန်းအဆင့် သင်ကြားနေသည့် အချိုးအရဆိုလျှင် ၁း၄၅ ထက်ပိုမိုကောင်းမွန်သော အချိုးဖြင့် သင်ကြားပို့ချနေပါကြောင်း၊ ယခင် ပညာရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုတစ်ခုလုံး၏ Data အရ ကျောင်းသား၊ ဆရာအချိုးသည် ၂၉း၁ ရှိပါကြောင်း၊ ပညာသင်နှစ် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် အကြမ်းအားဖြင့် ၁း၂၃ ရှိလာသည့် အတွက်ကြောင့် ပိုမိုကောင်းမွန်လာပါကြောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးသည့် ၃၁၉ ကျောင်း အတွက် အောက်တိုဘာတွင် ကျောင်းတစ်ကျောင်းကို အထက်တန်းပြဆရာ/မ ခုနစ်ဦးနှုန်းဖြင့် ခန့်ထားပေးရန် လိုအပ်သည့်ဆရာ/မ ၂၂၃၃ ဦး ဘွဲ့ရှိရသူများကို ကန်ထရိုက်စနစ်နှင့် အထက်တန်းပြ ဆရာ/မအဖြစ် ဖြည့်ဆည်းပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများတွင်လည်း လုံလောက်သည့် ဝန်ထမ်းအင်အားနှင့် ခန့်ထားဆောင်ရွက်ပြီးဖြစ်သည့်အတွက် ကျောင်းများတွင် သိပ္ပံခန်းများအတွက် လိုအပ်သော အခြားကာယနှင့်ပတ်သက်သည့် အထက်တန်းပြဆရာ/မများ၊ ကွန်ပျူတာနှင့်ပတ်သက်ပြီး ဆရာ/မများ ဖြည့်ဆည်းခန့်ထားပေးရန် နောင်လာမည့် ပညာသင်နှစ်များတွင် မိမိတို့အနေဖြင့် ဆက်လက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် (အမရပူရ) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သြဂုတ်လတွင် လေ့လာစုံစမ်းထားသည့် စာရင်းအရ အမရပူရမြို့နယ်တွင် မခန့်အပ်ရသေးသည့် ဆရာ အထက်တန်းပြ (၄) ဦး၊ အလယ်တန်းပြ (၃၁) ဦး၊ မူလတန်းပြ (၄၄) ဦးနှင့် စာရေး (၁၃) ဦး ရှိပါကြောင်း၊ ယခုလအတွင်း ခန့်ထားမှု စာရင်းမရရှိသေးပါကြောင်း၊ သို့သော်လည်း နေ့စားမူလတန်းပြ ၂၄ ဦး ခန့်ထားပါကြောင်း၊ တချို့ကျောင်းများတွင် မူလတန်းပြဆရာ (၄) ဦးနှင့် ကျောင်းအုပ်ကြီးတစ်ဦးသာ ရှိသည်ကိုတွေ့ ရှိရပါကြောင်း၊ ထို့ကြောင့် KG အတန်း (၅) တန်းရှိနေသည့်အတွက်ကြောင့် ကျောင်းအုပ်ကြီးနှင့်တကွ ရှိသည့်ဆရာ/မများက အတန်းပြည်‌့သင်ကြား နေကြရပါကြောင်း၊ ထို့ကြောင့် ကျောင်းသားအချိုးအရေအတွက်နှင့် မတွက် ဘဲ အတန်းအရေအတွက်အချိုးနှင့် တွက်ပြီးခန့်ထားပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒေါက်တာမျိုးသိမ်းကြီး(ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)

အမရပူရမြို့နယ်ရှိ မူလတန်းကျောင်းအားလုံးနီးပါးတွင် ကျောင်းအုပ်အပါအဝင် (၅) ဦးဖြစ်သည့် အတွက်ကြောင့် ကျောင်းသား ဆရာအချိုးနှင့် စာသင်ခန်းအချိုးတို့သည် အင်မတန်ကောင်းမွန်သည့် အနေအထားရှိပါကြောင်း၊ အချို့ဝေးလံသည့် ဒေသများတွင် မူလတန်းကျောင်းအုပ်နှင့် (၅) ဦး ခန့်ထားလိုသော်လည်း သွားရောက်တာဝန်ထမ်းဆောင်မည့် ဆရာ/မအင်အားမရှိသည့် အတွက်ကြောင့် မူလတန်းကျောင်းအုပ်အပါအဝင် ဆရာ/မ (၂) ဦး၊  (၃) ဦး ရှိသည့်ကျောင်းများလည်း ရှိပါကြောင်း၊ ဆရာအတတ်သင် ပညာရေးကောလိပ်များတွင် မူလတန်းပြဆရာ/မအားလုံးကို Multi grade Teaching ဟုခေါ်သည့် အတန်းတွဲသင်ကြားမှုနှင့် အတန်းတွဲပြီးမှ သင်ကြားလို့ရအောင်  ဆောင်ရွက်ပေးပါကြောင်း၊ ကျောင်းသား/ဆရာလိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား/ဆရာဦးရေအချိုး၊ ကျောင်းသား/စာသင်ခန်းအချိုးတို့ကို တွက်ချက်ပြီး ဖွဲ့စည်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနမှ ခွင့်ပြုခန့်ထားအင်အားသည် ခုနစ်သိန်းကျော်ရှိပါကြောင်း၊ ယခုခန့်ထားမှုသည် လေးသိန်း ခြောက်သောင်းကျော်သာရှိပါကြောင်း၊ အရည်အသွေးပြည့်မီသော ဆရာ/မများကို လိုအပ်သည့် ကျောင်းများတွင် စီစဉ်ခန့်ထားပေးသွားမည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ ဖြည့်ဆည်းခန့်ထားပေးရန် မဖြစ်နိုင်သေးပါကြောင်း ဆက်စပ်မေးခွန်း ဖြေကြားပါသည်။