ယင်းကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အလုပ်ခွင်တွင် မပျော်ပိုက်ခြင်း၊ စွမ်းဆောင်ရည်ကျဆင်းခြင်း၊အလုပ်မှထွက်စာတင်ခြင်း၊အလုပ်မှထုတ်ပယ်ခံရခြင်းစသည့် အချက်များထဲတွင် အဓိကကျသည့် အကြောင်းရင်း တစ်ရပ်ဖြစ်သည့် ဝေးလံခေါင်းပါးသော ဒေသများသို့ သွားရောက်တာဝန် ထမ်းဆောင်မည့် သူနည်းပါးခြင်း၊ သွားရောက်လိုခြင်းမရှိခြင်း အပြောင်း အရွှေ့မူဝါဒများ၏ မမျှတမှုများ ဖြစ်နေသည်ကို တွေ့မြင်နေရသောကြောင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ဝေးလံခေါင်းပါးဒေသများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် လစာနှစ်ဆပေးခြင်း သည် အဓိကဖြေရှင်းနည်းမဟုတ်ပါကြောင်း၊အပြောင်းအရွှေ့စနစ်ကိုသာ စနစ်တကျမှန်ကန်စွာ လုပ်ဆောင်ပေးမည်ဆိုပါက ဝန်ထမ်းများအနေဖြင့် အလှည့်ကျစနစ်ကို လက်ခံကျင့်သုံး လိုက်နာနိုင် မည် ဖြစ်ပါကြောင်း၊
သို့သော်လည်း အပြောင်းအရွှေ့မူဝါဒကြောင့် ကျွမ်းကျင်ဝန်ထမ်းများ အလုပ်မှနုတ်ထွက်ခြင်း၊ ထုတ်ပယ်ခံရခြင်းတို့သည် ပြည်သူလူထုနှင့် တိုင်းပြည်အတွက်၊ သက်ဆိုင်ရာဝန်ကြီးဌာနအတွက်ပါ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါကြောင်း၊ ယခင်နှစ်ပေါင်းများစွာမှ ယနေ့အချိန်ထိ သက်ဆိုင်ရာအာဏာပိုင်များနှင့် ရင်းနှီးကျွမ်းဝင်သော တချို့ ဝန်ထမ်းများ သည် နေရာကောင်းများတွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ရခြင်း၊ ပြောင်းရွှေ့သောအခါတွင်လည်း နေရာကောင်းများတွင်သာ လှည့်ပတ်ပြောင်းရွှေ့နေရခြင်းများ လည်း တွေ့ရှိရပါကြောင်း၊
ဝန်ထမ်းအပြောင်းအရွှေ့နှင့်ပတ်သက်၍ စည်းကမ်းဥပဒေများအတိုင်း တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်မှုများမှာ အားနည်းချက်များရှိနေခဲ့ပါသောကြောင့် ယခုပြည်သူ့အစိုးရ လက်ထက်တွင် အဂတိကင်းသော၊ ဘက်လိုက်မှုကင်းသော၊ မှန်ကန်သော ပြောင်းရွှေ့မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် စီမံထား ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် အမှုထမ်းဝန်ထမ်းများဖြစ်သော ဘက်စုံဝန်ထမ်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)၊ (၂)၊
သားဖွား/သူနာပြုဆရာမများ၊ လက်ထောက် ကျန်းမာရေးမှူးများ၊ ကုသရေးအထောက်အကူများဖြစ်သည့် ဓာတ်မှန်၊ စာရေးဝန်ထမ်း၊ ဓာတ်ခွဲဝန်ထမ်းများကို တိုင်းဒေသကြီး/ပြည်နယ်အတွင်း ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခြင်းအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ကြီးကြပ်ကာဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များ ပြောင်းရွှေ့ခြင်းများအတွက် လုပ်သက် အနည်းဆုံး ၂ နှစ်ရှိမှသာလျှင် လုပ်ထုံးလုပ်နည်း နှင့်အညီ သက်ဆိုင်ရာဦးစီးဌာနရုံးချုပ်၊ ဗဟိုဦးစီးဌာနရုံးချုပ်များသို့ တင်ပြခြင်း၊ ဖွံ့ဖြိုးမှုနည်း ပါးသော ပြည်နယ်နှင့် ဝေးလံခက်ခဲသော ဒေသများသို့ တာဝန်ချထားသော အခြေခံကျန်းမာရေးဝန်ထမ်းနှင့် အမှုထမ်းများကို လုပ်သက်အနည်းဆုံး တစ်နှစ်ပြည့်ပါက ပြန်လည်ပြောင်းရွှေ့ရန် သက်ဆိုင်ရာဦးစီးဌာန ရုံးချုပ်၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ပေးပါကြောင်း၊ သို့ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အတွင်း လိုအပ်ချက်အရ ကောင်း/သင့်/ညံ့ခွဲခြားရာတွင် ကာလတစ်ခုသတ်မှတ်၍ တိုင်းဒေသကြီး/ပြည်နယ် အတွင်း ပြောင်းရွှေ့ခြင်းကိုလည်းကောင်း၊ လုပ်ငန်းစွမ်းဆောင်ရည်စသည့် အချက်များပေါ်တွင် အလှည့်ကျစနစ်ဖြင့် ပြောင်းရွှေ့ရန် မူဝါဒများဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ခွဲခြားသတ်မှတ်ရာတွင် သက်ဆိုင်ရာ အခြေခံဝန်ထမ်းများ၏ သဘောထားများကိုလည်း ရယူ၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ၎င်းကိစ္စကို အားလုံးဆုံးဖြတ်ပြီးပါကလည်း Transparence ဖြစ်အောင် ဝန်ထမ်းများအားလုံးကိုလည်း အကြောင်းကြားထားမည် ဖြစ်ပါကြောင်း၊
အရာထမ်းများ/ဆရာဝန်များ၏ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း ကိစ္စရပ်များကို သက်ဆိုင်ရာဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ညွှန်ကြားရေးမှူးများပါဝင်သော စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၌ ပဏာမဆွေးနွေး ဆုံးဖြတ်ပါကြောင်း၊ ထို့နောက် အရာထမ်းများ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၉-၅-၂၀၁၆၊ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၁၆) ဖြင့် ရာထူးတိုးမြှင့်စိစစ်ရေး ကော်မတီတွင် အမြဲတမ်းအတွင်းဝန် ဥက္ကဋ္ဌအဖြစ်ပါဝင်၍ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများပါဝင်သည့် ကော်မတီတွင် ဦးစီးဌာနအသီးသီးနှင့် ဆေးနှင့်သက်ဆိုင်သည့် တက္ကသိုလ်များရှိ ဘာသာရပ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများ၏ ရာထူးအဆင့်အလိုက် စုစုပေါင်းလုပ်သက်၊ လက်ရှိရာထူးလုပ်သက်နှင့် ဘွဲ့လွန်ရရှိသည့် နှစ်အလိုက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေနှင့်အညီ တွက်ချက်ပြီး တန်းစီဇယားပြုစုပြီး ရာထူးအလိုက် လစ်လပ်စာရင်း အပေါ်မူတည်၍ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ဗဟိုစီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပြီးပါက အမိန့်ကြော်ငြာ စာများထုတ်၍ ဆောင်ရွက်ပေးပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် အရာထမ်း/အမှုထမ်းများ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်အပေါ် အောက်ပါအတိုင်းမူများ သတ်မှတ် ဆောင်ရွက်ပေးလျက်ရှိပါသည်-
(က) ဝေးလံခေါင်းပါးဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် တာဝန်ကျသည့် ဒေသတွင် တစ်နှစ်ပြည့်မှ ပြောင်းရွှေ့ခွင့် ဆောင်ရွက်ပေးပါကြောင်း၊
(ခ) ခက်ခဲမှုမရှိသည့် သာမန်ဒေသများအနေဖြင့် အနည်းဆုံးတာဝန်ကျ ဒေသတွင် ၂ နှစ် ပြည့်ပြီးမှ ပြောင်းရွှေ့ရန် ဆောင်ရွက်ပေးပါကြောင်း၊
(ဂ) ဒေသပြောင်းရွှေ့တာဝန် ထမ်းဆောင်ရေးတင်ပြမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများ၏ သဘောထား မှတ်ချက်အရလည်းကောင်း၊ ပြောင်းရွှေ့လိုသည့်နေရာ လစ်လပ်မှုအခြေအနေအရ အတတ်နိုင်ဆုံးပြောင်းရွှေ့ရေးကို ဆောင်ရွက်ပေးပါကြောင်း၊
ထို့အပြင် တရားမမျှတမှုများ၊ ဘက်လိုက်မှုကိစ္စများ၊ လာဘ်စားမှုကိစ္စများကို တွေ့ရှိပါက မိမိထံသို့ တိုက်ရိုက်အကြောင်းကြားပေးပါရန် သက်ဆိုင်ရာကိုလည်း မိမိစုံစမ်းပြီးမှန်ကန်ပါက ထိုက်သင့်သည့် အရေးယူမှုများကို မိမိတို့ပြုလုပ်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာထွန်းလင်းမော် (ကြံခင်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့လက်ရှိ ဖြစ်ပေါ်နေသည်မှာ အောက်ခြေက ဝန်ထမ်းများကလည်း ပြောင်းလဲချင်ပါကြောင်း၊ ဝန်ကြီး၏စီမံမှု၊ ညွှန်ကြားမှုများကို ဆောင်ရွက်မည့် အရာထမ်းများ ပြောင်းလဲရန်လည်း လိုအပ်ပါကြောင်း၊ ယခု အပြောင်းအရွှေ့ရေးရာကိစ္စများတွင် ကျေနပ်မှုမရှိသည့်၊ နစ်နာမှုရှိသည့်ဝန်ထမ်းများအနေဖြင့် ဝန်ကြီးကို စာဖြင့်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း၊ E-mail ဖြင့်လည်းကောင်း၊ Facebook ဖြင့်လည်းကောင်း တိုက်ရိုက်ဆက်သွယ်နိုင်မည့် ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုဝန်ကြီးအနေဖြင့် ဖွင့်ပေးနိုင်ခွင့်ရှိ/မရှိ သိလိုပါကြောင်း၊ Transfer Period များကို ဒီဇင်ဘာ၊ ဇန်နဝါရီတွင်ကိုင်သည့် အတွက်ကြောင့် ကျောင်းသားရှိသည့် ဝန်ထမ်းများကို အပြောင်းအရွှေ့လုပ်ရာတွင် ကလေးများစာမေးပွဲ မပြီးသည့်အတွက် အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ ဆန္ဒအလျောက် ပြောင်းခြင်း၊ လုပ်ငန်းလိုအပ်ချက်အရပြောင်းခြင်း၊ အရေးပေါ်အခြေအနေအရ ပြောင်းခြင်းတို့မှ လွဲ၍ ပုံမှန်အများစု လုပ်မည့်အပြောင်းအရွှေ့များကို ကလေးများကျောင်းဖွင့်ချိန်၊ ပိတ်ချိန်နှင့် ကိုက်ညီအောင် စီမံပေးနိုင်ခြင်းရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောကြားသည့်အချက်များကို မိမိအားလုံးသဘောတူပါကြောင်း၊ မိမိ ဆက်လက်ဆောင်ရွက်ပေးပါမည်။ ဆက်သွယ်ရေး လမ်းကြောင်းအနေနှင့်လည်း အမြဲတမ်း E-mail, Messenger, Telephone တို့နှင့် Information ရမည်ဖြစ်ပါကြောင်း၊ ရရှိသည့်အခါတွင်လည်း Information မှန်/မမှန် စဉ်းစားဆုံးဖြတ်ပြီးမှ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်း ဖြေကြားပါသည်။
