(ဂ)-ပုလဲမြို့နယ်ရှိ(၂၅)ခုတင်ဆံ့ဆေးရုံအားခုတင် (၅၀)ဆံ့တိုက်နယ်ဆေးရုံဖြစ်အဆင့်တိုးမြှင့်ဆောက် လုပ်ပေးရန်အစီစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၈) ရက်မြောက်နေ့ (၂၂.၉.၂၀၁၆)

ဒေါ်ခင်စန်းလှိုင် (ပုလဲ)စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးအား ပုလဲတစ်မြို့နယ်နှင့် အခြားနီးစပ်ရာ ကျေးရွာများမှ အားကိုးအားထား ပြုနေရသော ဆေးရုံကြီးဖြစ်ပါကြောင်း၊ ဆေးရုံကြီးကို ၁၅-၆-၁၉၅၇ ရက်နေ့တွင် ဆေးပေးခန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၂-၁၉၆၃ ခုနှ စ်မှစ၍ ၁၆ ခုတင်ဆံ့မြို့နယ်ဆေးရုံအဖြစ်လည်းကောင်း ၁၆-၁-၂၀၁၆ ရက်နေ့မှစပြီး ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပါကြောင်း၊ ပုလဲမြို့နယ်ဆေးရုံကြီးသည် ယင်းမာပင် မြို့ဆေးရုံနှင့် ၁၁ မိုင်၊ မုံရွာဆေးရုံနှင့် ၃၂ မိုင်အကွာ တွင် ရှိနေပြီး မြို့နယ်ချင်းဆက်စပ်လျက် ရှိသော ဆားလင်းကြီးမြို့၊ ယင်းမာပင်မြို့၊ဂန့်ဂေါမြို့နှင့် မြိုင်မြို့နယ်တို့မှ နီးစပ်ရာ ကျေးရွာများမှ လူနာများပါ အားကိုးအားထားပြုရာ ဆေးရုံတစ်ရုံဖြစ်သည့်အတွက် လူနာနှင့် ဆေးရုံ မမျှတသည့် အခြေ အနေဖြစ်နေပါကြောင်း။

၂၀၁၅ ခုနှစ်တွင် ဆေးရုံ၏ အတွင်းလူနာ ၂၇၃၅ ဦးနှင့် ပြင်ပလူနာ ၂၆၈၇ ဦး၊ မွေးလူနာ ၅၀၆ ဦးထိ ကုသပေးခဲ့ရသည်ဟု မှတ်တမ်းများအရ သိရပါကြောင်း၊ များပြားလှသော လူနာများကို လက်ခံကုသနေရသော ဆေးရုံကြီး၏ အခြေအနေနှင့် ဆေးရုံကြီးဝန်ထမ်းများ နေထိုင်နေရသော အခြေအနေသည် ဆိုးဝါးပျက်စီးနေပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ဆေးရုံကြီး ကို ပြုပြင်ပေးရန်နှင့် ဝန်ထမ်းအိမ်ရာများကို ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုနေကြပါကြောင်း။

ဆေးရုံကြီးသည် သက်တမ်းကြာရှည်နေပြီဖြစ်သည့်အတွက် ဟောင်းနွမ်းပျက်စီးနေသည့်အပြင် တိုးတက်လာသော လူဦးရေအရလည်း အဆင့်တိုးမြှင့်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ အဆောက်အဦ တိုးချဲ့ဆောက်လုပ်မည်ဆိုပါက မြေအကျယ်အဝန်း ၆.၁၁ ဧကလည်း ရှိသည့်အတွက် ယခုလက်ရှိ ၂၅ ခုတင်ဆံ့ဆေးရုံမှ ခုတင် ၅၀ ဆံ့စံကိုက် ဆေးရုံအဖြစ် တိုးချဲ့ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးစစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်သည် လူဦးရေ ၁၄၀၀၀၀ ကျော်ရှိပါကြောင်း၊ ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ရုံ၊ဝက်ကျတိုက်နယ်ဆေးရုံနှင့် ချင်ပြစ်တိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံ ၃ ရုံ ဖွင်‌့လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ပုလဲမြို့နယ်ဆေးရုံတွင် ခုတင် အသုံးချမှု ရာခိုင်နှုန်းမှာ ၂၀၁၁ ခုနှစ်တွင် ၁၄၈ %၊ ၂၀၁၂ ခုနှစ်တွင် ၁၁၂ %၊ ၂၀၁၃ ခုနှစ်တွင် ၁၂၀ %၊ ၂၀၁၄ ခုနှစ်တွင် ၁၂၄ %၊ ၂၀၁၅ ခုနှစ်တွင် ၁၁၇ % ရှိပါကြောင်း၊ တစ်နေ့ ပျမ်းမျှအတွင်းလူနာ အနည်းဆုံး ၂၈ ဦးခန့်နှင်‌့ အများဆုံး ၃၇ ဦးခန်ရှိ ပါကြောင်း၊ ပြင်ပလူနာများ လာရောက် ကုသခြင်းအနေဖြင့် အနည်းဆုံးနှစ်တွင် တစ်နေ့ ၂ ဦးနှင်‌့ အများဆုံးနှစ်တွင် ၁၄ ဦးခန့်သာရှိပါကြောင်း၊ လက်ရှိအချိန်တွင် ဆရာဝန် ၄ ဦး၊ သူနာပြု ၁၃ ဦး၊ အခြားဝန်ထမ်း ၁၄ ဦး စုစုပေါင်းဝန်ထမ်း ၃၁ ဦး၊ ရှိရမည့်ဝန်ထမ်းမှာ ၅၇ ဦးဖြင့် ဆေးရုံလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးရုံခွင့်ပြုခုတင် အသုံးချမှုရာခိုင်နှုန်း များပြားသော်လည်း ဝန်ထမ်းအင်အား ထပ်မံတိုးချဲ့ ထားရန် လိုအပ်လျက်ရှိနေဆဲ ဖြစ်ပါကြောင်း။

ယခုအချိန်တွင် ဆေးရုံခုတင်တိုးရန် သတ်မှတ်ချက်များ မပြည့်သော်လည်း ဤဆေးရုံ၏ ဆေးဝန်ဆောင်မှုအညွှန်းကိန်းများသည် တဖြည်းဖြည်း တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ခုတင် ၅၀ အဆင့်တိုးရန် သတ်မှတ်ထားချက် မပြည့်သော်ငြားလည်း ဤဆေးရုံ၏ အညွှန်းကိန်းများ မှန်မှန်တက်လာသည်ကို မိမိတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မျက်ခြေမပျက် သုံးသပ်စောင့်ကြပ် ကြည့်ရှုလျက်ရှိပါကြောင်း၊ လိုအပ်သည့်အခါတွင် အမြန်ဆုံးခုတင်တိုးပေးမည်ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ လာမည့် ၆ လအတွင်း လူနာတက်နှုန်း၊ ခုတင်အသုံးပြု နှုန်းများလာက ချက်ချင်းစီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ ယိုယွင်းပျက်စီးလျက်ရှိသော ဆေးရုံဝန်ထမ်းအိမ်ရာများကို ဗဟိုမှအဖွဲ့တစ်ဖွဲ့ ချက်ချင်းပြန်လွှတ်ပြီး ဆေးရုံပြင်ဆင်သည့် ကိစ္စအတွက် ဘတ်ဂျက်လည်း ရှိနေပြီဖြစ် သည့်အတွက် အမြန်ဆုံး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ မြေဧကလည်းရှိသည့်အတွက် လိုအပ်သည့်အချိန်တွင် ချက်ချင်းလ  လုပ်ဆောင်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။