(ဃ)-တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျာက် မီးသွေးစွမ်းအင်သုံးစက်ရုံတစ်ခုချင်းအလိုက်သ ဘာဝပတ်ဝန်းကျင်ပေအကျိုးသက်ရောက်မှုအခြေ အနေပညာရှင် အဖွဲ့တစ်ရပ် ဖွဲ့စည်း၍သုတေသ နပြု ထုတ်ပြန်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

saw kyaw win mgကျိုက်မရောမြို့နယ်သည် အရင်အစိုးရလက်ထက်တွင် ဘိလပ်မြေစက်ရုံ (၃) ရုံ တည်ဆောက်ခွင့် ပြုခဲ့ပါကြောင်း၊ ဒီစက်ရုံ (၃)ရုံအနက် ထိုင်းကုမ္ပဏီပိုင် Mawlamyine Cement Limited (MCL) ဘိလပ်မြေ စက်ရုံကို ဆောက်လုပ်ပြီးစီးရန် အနည်းငယ်ကျန်ပြီး လည်ပတ်ရန်အတွက် မွန်ပြည်နယ်အစိုးရထံတွင် တင်ပြထားဆဲဖြစ်ကြောင်း ကြားသိရပါသည်။ ကျန်စက်ရုံ (၂) ရုံသည် မြေပြင်အနေအထားအရ စိစစ်ဆဲဖြစ်ပါကြောင်း၊

အဆိုပါ MCL ဘိလပ်မြေစက်ရုံသည် မြေဧက ၁၄၀၀ ကျော်ပေါ်တွင် တည်ဆောက်ထားပြီး တစ်နေ့ကို တန် ၅၀၀၀ ကျ နေ့စဉ် အိတ် ၁၀၀၀၀၀ ထုတ်မည့် စက်ရုံကြီးဖြစ်ခြင်းကြောင့် မြို့နယ်ဧရိယာ၏ ၂၅ ရာခိုင်နှုန်းနှင့် လူဦးရေ ငါးသောင်းကျော်ပေါ်တွင် အဆိုးအကောင်း အကျိုးသက်ရောက်မှုများ ရှိနေပါကြောင်း၊ ကျောက်မီးသွေး စွမ်းအင်အသုံးပြုမှုကြောင့် လူများ၏ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်မည်ဖြစ်ပြီး ပျံ့လွင့်လာသည့် ကျောက်မှုန်များကြောင့် လူများ၊ စိုက်ပျိုးပင်များ၊ သောက်သုံးရေများ စသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကို ဒေသခံပြည်သူများက စိုးရိမ်ပူပန်နေကြပါကြောင်း၊ ထို့အပြင် ၂၀၁၂ ခုနှစ်မှစပြီး စက်ရုံတည်ဆောက်ခဲ့ရာတွင် ဒေသခံပြည်သူများအပေါ် အလေးအနက်ထားပြီး ပွင့်လင်းမြင်သာသည့် ထုတ်ပြန်ကြေညာမှုများ အားနည်းခဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ်၊ ဧပြီလထဲတွင် ဒေသခံပြည်သူ ၃၇၀၀ ကျော်က လက်မှတ်ထိုးပြီး ၎င်း ကျောက်မီးသွေး စွမ်းအင်သုံးစက်ရုံ လည်ပတ်ခြင်းကို ကန့်ကွက်ကြောင်း နိုင်ငံတော်အစိုးရထံ အဆိုပြုတင်ပြခဲ့ကြပါကြောင်း၊ ၎င်း အတိုင်း ဘိလပ်မြေစက်ရုံ လည်ပတ်ခွင့်ပြုလိုက်လျှင် ဒေသခံများဖြစ်သည့် မွန်၊ ကရင် တိုင်းရင်းသားများ၏ ဆန္ဒကို ဥပေက္ခာပြုရာ ရောက်နိုင်သကဲ့သို့ တိုင်းရင်းသားများသည် ဖိနှိပ်ခံရခြင်းဆိုပြီး အထင်လွဲမှားစရာများ ရှိလာနိုင်ပါကြောင်း၊ တစ်ဖက်ကကြည့်ပြန်လျှင်လည်း ထိုစက်ရုံကြောင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုရရှိလာသကဲ့သို့ လမ်းပန်းဆက်သွယ်ရေးများလည်း ယခင်ကထက် ပိုကောင်းလာခဲ့ပါကြောင်း၊ ဒေသခံများအတွက် လူမှုဖွံ့ဖြိုးရေးအထောက်အပံ့များ ပိုမိုရရှိလာနိုင်မည်ဟု မျှော်လင့်ရပါကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးမှုနိမ့်ကျသည့် မိမိတို့နိုင်ငံ ပြန်လည်တိုးတက်မည်ဆိုလျှင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများသည် အရေးကြီးလှပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကျောက်မီးသွေး စွမ်းအင်သုံးစက်ရုံများ၊ ကျောက်မီးသွေးမိုင်းများရှိပါကြောင်း၊ ၎င်း စက်ရုံများ၊ မိုင်းများကြောင့် ဒေသအလိုက် အကျိုးသက်ရောက်မှု အဆိုးအကောင်းများရှိမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အစိုးရလက်ထက်တွင် စက်ရုံများမိုင်းများ၏ အကျိုးသက်ရောက်မှုကို စနစ်တကျစိစစ်ပြီး စက်ရုံများ လည်ပတ်သင်‌့/မသင်‌့ကို ဒေသခံပြည်သူများထံ ပွင့်လင်းမြင်သာစွာ ချပြရန်လိုမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျောက်မီးသွေး စွမ်းအင်သုံးစက်ရုံ တစ်ခုချင်းအလိုက် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု အခြေအနေ စိစစ်လေ့လာရေး ကျွမ်းကျင်ပညာရှင် အဖွဲ့ ဖွဲ့စည်းပြီး လေ့လာစိစစ်သုံးသပ်ချက်များ ထုတ်ပြန်ကြေညာပေးရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည်‌့အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါ ကြောင်းနှင့် အဆိုပါ MCL ဘိလပ်မြေစက်ရုံကရရှိလာသည့် အကျိုးအမြတ်ကို နိုင်ငံတော် နှင့် ထိုင်းကုမ္ပဏီ တို့ မည်သို့ခွဲဝေရယူရန် သဘောတူထားကြောင်း နိုင်ငံတော်အတွက် ခွဲဝေရရှိမှုအပေါ်မှ ဖွံ့ဖြိုးမှုနိမ့်ကျသည့် ကျိုက်မရောမြို့နယ်၏ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် ဦးစားပေး ဆောင်ရွက်ရန် စီစဉ် လျာထားမှုများရှိ/မရှိ သိရှိလိုပါကြောင်း၊ မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ
ဖြေကြားချက် 

u ohn winမြန်မာနိုင်ငံ၏ အမျိုးသားပတ်ဝန်းကျင်ရေး ရာမူဝါဒတွင် ပြည်သူတစ်ရပ်လုံး၏ လူနေမှုအဆင့်အတန်း မြှင်‌့တင်ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက်မှုကို ပဓာနကျသော ရည်မှန်းချက်အဖြစ် ထားရှိမည်ပါဖြစ်ကြောင်း၊ သတ်မှတ်ချက်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၂၀၁၂ ပါ သတ်မှတ်ချက်များနှင့်အညီ ပတ်ဝန်းကျင် ထိခိုက်ဆန်းစစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၂၉-၁၂-၂၀၁၅ ရက်နေ့တွင် မိမိတို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါကြောင်း၊ မော်လမြိုင် MCL (Mawlamyine Cement Limited) မှ ဘိလပ်မြေထုတ်လုပ်မှု၊ ဖွံ့ဖြိုးရောင်းချခြင်း လုပ်ငန်းနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်း၏ နောက်ဆက်တွဲ (က) အရ အဆိုပါလုပ်ငန်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံချက်အစီအမံများကို စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ထားခြင်းမရှိပါက ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက် ပျက်စီးစေနိုင်ပြီး လုပ်ငန်းအကောင်အထည် မဖော်မီ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း EIA ကို မဖြစ်မနေဆောင်ရွက်ရန်နှင့် အဆိုပါ EIA ပါ အကြံပြုချက်များနှင့် EMP (Environmental Management Plan) ကို ရေးဆွဲပြီး စနစ်တကျအကောင် အထည်ဖော်ရေး လုပ်ဆောင်သွားရန် လိုပါကြောင်းကို သဘောထားမှတ်ချက်နှင့်တကွ စက်မှုဝန်ကြီးဌာန ယခင်သတ္တုတွင်း ဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရတို့မှ သဘောထားမှတ်ချက်များအရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၉-၃-၂၀၁၃ ရက်နေ့တွင် ကျင်းပသည့် ၁၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေး မှတ်တမ်းတွင် လုပ်ငန်းလုပ်ပိုင်ခွင့်ကို အတည်ပြုပြီး ၇-၅-၂၀၁၃ ရက်နေ့ရက်စွဲနှင့် ခွင့်ပြုမိန့်အမှတ် (၅၇၄/၂၀၁၃)နှင့် ခွင့်ပြုထားခြင်း ဖြစ်ပါကြောင်း၊

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပ‌ဒေများ လုပ်ထုံးလုပ်နည်းများအရ EMB အပါအဝင် IEE၊ EIA အစီရင်ခံစာများကို ရင်းနှီးမြှုပ်နှံသူများမှ တတိယအဖွဲ့အစည်း Third  Party ကို ငှားရမ်းပြီး သေချာစွာ လေ့လာဆန်းစစ် ရေးဆွဲပြီးဖြစ်ပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနှင့် စီမံကိန်းလုပ်ငန်းများ တစ်ခုချင်းအလိုက်တင်ပြလာသည့် EMP အပါအဝင် IEE၊ EIA အစီရင်ခံစာများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတွင်ရှိသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာစိစစ်ရေး သုံးသပ်မှု ကော်မတီမှ အကြိမ်ကြိမ် မိမိတို့ ဆွေးနွေးသုံးသပ်ပါကြောင်း၊ သုံးသပ်ပြီး ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အနည်းဆုံးဖြစ်စေကြောင်း အတည်ပြုမှသာလျှင် လုပ်ငန်းလုပ်ကိုင်မှုသင့်/မသင်‌့ကို ဆုံးဖြတ်ပြီး ပြည်ထောင်စုဝန်ကြီး၏ အတည်ပြုချက်ကို ရယူအကြောင်းပြန်ထားပြီး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုလို သက်ဆိုင်ရာဌာန အသီးသီးက ကျွမ်းကျင်သည့် ပညာရှင်များပါဝင်ပါကြောင်း၊ ဖွဲ့စည်းဆောင်ရွက်ပြီးတိုင်း ဆောင်ရွက်ထားပြီးဖြစ်သည့် အတွက်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောက်မီးသွေး စွမ်းအင်သုံးစက်ရုံတစ်ခုချင်းအလိုက် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုး သက်ရောက်မှု အခြေအနေ လေ့လာစိစစ်ရေးပညာရှင် အဖွဲ့တစ်ရပ် ဖွဲ့စည်းပြီး သုတေသနစိစစ် သုံးသပ်ချက်များ စီစဉ်ဆောင်ရွက်ပေးရန် မလိုအပ်ပါကြောင်း၊

MCL မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကျောက်မီးသွေးသုံး လျှပ်စစ်အား ထုတ်လုပ်မှု စက်ရုံကို ဒေသခံပြည်သူ ၃၇၈၀ က လက်မှတ်ရေးထိုး ကန့်ကွက်ထားမှုနှင့် ပတ်သက်ပြီး မွန်ပြည်နယ် အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနတို့မှ ဝန်ကြီးများအနေဖြင့် နာယကအဖြစ် ဆောင်ရွက်ပြီး ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်သည့်အဖွဲ့ကို ၁-၆-၂၀၁၆ ရက်နေ့တွင် ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့ပါကြောင်း၊ စစ်ဆေးသည့်နေရာတွင် MCL မှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၄၀ မီဂါဝပ်ရှိသည့်အတွက်ကြောင့် ၂၀ မီဂါဝပ်ထုတ်နိုင်သည့် ဓာတ်အားပေး စက်ရုံနှစ်ရုံကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး စက်ရုံအနေနှင့် ကျောက်မီးသွေး အသုံးပြုသည့်အတွက်ကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုတိုင်းကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ထားမှု ရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ အဆိုပါ MCL ကို (Resource and Environment Myanmar-REM (Third Party) အနေဖြင့်လည်း ရေးဆွဲထားသည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်မှုအစီရင်ခံစာ (EIA) ကို ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း သုံးသပ်ရေးအဖွဲ့မှနေပြီး စိစစ်သုံးသပ်နိုင်ရေးအတွက် အတည်ပြုချက်ရယူ တင်ပြရန်လိုအပ်ကြောင်း၊ EIA အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည့် ထိခိုက်မှုများအား လျော့နည်းစေရန် ဆောင်ရွက်ရမည့် အစီအစဉ်များကို စနစ်တကျစောင့်ကြပ်ပေးရန်အတွက် အချိန်ကာလ Test Running တစ်ခုကို သတ်မှတ်ပြီး စမ်းသပ်လှည်ပတ်မှု ပြုလုပ်သင့်ကြောင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုဘဝနှင့် ကျန်းမာရေးထိခိုက်မှု အနည်းအများအပေါ်မူတည်ပြီး ဆက်လက်လည်ပတ်ခွင့် ပြု/မပြုကို ဆုံးဖြတ်သင့်ပါကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ တွေ့ရှိချက်နှင့် အကြံပြုချက်များကို တင်ပြထားကြောင်း သိရပါသည်။ အဆိုပါအစီရင်ခံစာပါ အချက်အလက်များအပေါ် မူတည်ပြီး ဥပဒေ၊ နည်းဥပဒေများ၊ EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ပထမမေးခွန်းအဖြစ် ရှင်းလင်းဖြေကြားပါသည်။

ဒုတိယမေးခွန်းဖြစ်သည့် အဆိုပါ ဘိလပ်မြေစက်ရုံသည် နိုင်ငံတော်အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခြင်း မဟုတ်ဘဲနှင့် မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam Cement Group က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကအကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ဘိလပ်မြေထုတ်ရန် လိုအပ်သည့် စက်မှုကုန်ကြမ်း ထုံးကျောက်များကို ရယူသုံးစွဲသည့် ထုံးကျောက်အကြီးစား ထုတ်လုပ်ခွင့်အတွက် Pacific Link Cement Industry၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့သည် ၁၆-၃-၂၀၁၆ ရက်နေ့မှစပြီး ၁၅-၃-၂၀၃၆ ရက်အထိ နှစ်ပေါင်း ၂၅ နှစ်အထိကို ထုတ်လုပ်မှုအပေါ်တွင် ခွဲဝေခံစားသည့် စနစ်နှင့် လုပ်ငန်းစာချုပ် ချုပ်ဆိုပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထုတ်လုပ်မှုအချိုးခွဲဝေမှုမှာ မိမိတို့ ဓာတ်သတ္တုခွန်သည် ၃ ရာခိုင်နှုန်းလုံးကို ပယ်ရပါကြောင်း၊ ကျန်သည့် တန်ချိန်ပေါ်တွင် ဌာနမှ ၃၀ ရာခိုင်နှုန်း၊ ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း ခွဲဝေသည့်အချိုးဖြစ်ပါကြောင်း၊ Pacific  Link Cement Industry မှနေပြီး ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်၊ မတ်လအတွင်း ထုံးကျောက်စုစုပေါင်း ၄၅၆၅၈၀ မက်ထရစ်တန်ကို ထုတ်လုပ်ပြီးကြောင်းနှင့် လုပ်ငန်းစာချုပ်အရ စုကြေးငွေကျပ်နှစ်သန်း၊ ဓာတ်သတ္တုခွန် ၃ ရာခိုင်နှုန်းအတွက် ကျပ် ၁၆၈.၃၇ သန်းနှင့် လုပ်ငန်းဝေစုအတွက် ကျပ် ၁၅၉၄.၃၈ သန်းကို နိုင်ငံတော်အား ပေးသွင်းပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်း၊ နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်လာခြင်းနှင့် အခွန်ငွေရရှိခြင်း၊ သွင်းကုန်အစားထိုးပစ္စည်းများ ရရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး အဆိုပါ MCL ကုမ္ပဏီ အနေဖြင့် ၎င်းတို့လုပ်ငန်းတွင်ရရှိသည့် နှစ်စဉ် အသားတင်အမြတ်ငွေ၏ ၂ ရာခိုင်နှုန်းကို စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးတာဝန်ရှိမှု (CSR) အဖြစ် သုံးစွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြထားပြီး‌ ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို သုံးစွဲရန်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် အခွန်အခများကိုလည်း ပေးဆောင်သွားမည် ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် လိုအပ်ချက်အပေါ် မူတည်ပြီး ပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပြီး ၎င်း လထဲတွင် ပညာရည်ချွန်ဆုအတွက် ကျပ်သိန်း ၁၀၀ ကို လှူဒါန်းထားကြောင်းလည်း မိမိတို့ သိရပါကြောင်းကို ရှင်းလင်းဖြေကြားပါသည်။