(ဃ)-လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာ (၁၆) ခုတင်ဆံ့ဆေးရုံသစ်ကိုဖွဲ့စည်းပုံအသစ်ဖြင့်ဆောက် လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့(၂၇.၇.၂၀၁၆)

၂၀၁၄ ခုနှစ်မှာ မိမိတို့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဒေါက်တာဒေါ်ခင်စည်သူ (လွိုင်ကော်) ဦးခင်မောင်ညိုမှ ၎င်းအဆောက်အဦကို တောင်းခံခဲ့ပြီးဖြစ်ပါကြောင်း၊ နောက်တစ်ကြိမ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်နိုင် ကယားပြည်နယ် ခရီးစဉ်တွင်လည်း ၎င်းအဆောက်အဦကို ဆောက်လုပ်ပေးရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းရန် ညွှန်ကြားချက်လည်း ပေးခဲ့ပါကြောင်း၊ ဤဖြစ်စဉ်နှစ်ခုလုံး ရှိသော်လည်း ယခုထိ အကောင်အထည်မဖော်နိုင်သည်ကို ပြည်သူများမှ ဝမ်းနည်းစွာခံစားနေရသည်ကို တွေ့ရှိရပါကြောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် လောပိတကျေးရွာအုပ်စု လောတလိကျေးရွာတွင် ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံ၏ သက်တမ်းသည် ၆၀ နှစ်ခန့် ရှိနေပါကြောင်း၊ ပြန်လည်ပြင်ဆင်ရန်လည်း မတင့်တယ်သည့်အခြေအနေတွင် တည်ရှိနေပါကြောင်း၊ လောတလိ၊ လောပိတအပါအဝင် ကျေးရွာပေါင်း ၂၀ ရွာ၊ လျှပ်စစ်ဓာတ်အားပေးရုံ သုံးရုံနှင့် တပ်ရင်းနှစ်ရင်းတို့တွင် နေထိုင်သည့် လူဦးရေပေါင်း ၁၀၀၀၀ ကျော်တို့မှာ အားကိုးရာအဓိက ဆေးကုဌာနဖြစ်ပါကြောင်း၊ ၂၆-၃-၂၀၁၅ ရက်စွဲနှင့် ဝန်ထမ်းအင်အား ၁၉ ဦးပါဝင်သည့် ဖွဲ့စည်းပုံအသစ်ကို ကုသရေးဦးစီးဌာန၏ စာအမှတ်၊ တမဘ/(က)၁၉၈၄/ ၁၂၃ ဖြင့် ခွင့်ပြုထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း အဆောက်အဦ ပုံစံအသစ်နှင့် တည်ဆောက်ခွင့် ရရှိခဲ့ပါကြောင်း၊ ၎င်း အဆောက်အဦအတွက် မိမိတို့ ကယားပြည်နယ်၊ ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှ တိုက်နယ်ဆေးရုံ အဆောက်အဦ ၂၀၁၆-၁၇ ခုနှစ် ဘဏ္ဍာနှစ်တွင် ဆောက်လုပ်နိုင်ရေးအတွက် စာအမှတ်၊ ၄၆၂/၂၀၁၅/စီမံကိန်း ၅-၁၀-၂၀၁၅ ရက်စွဲနှင့်လည်း တင်ပြတောင်းခံပြီးဖြစ်ပါကြောင်း၊ ယခု ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်ရှိနေရာအစား စံကိုက် အဆောက်အဦ ဆောက်လုပ်ရန်အတွက် မြေနေရာအသစ်ကို လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၏ ၂၅-၂-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ၃/၁၈-၂/ဦး(၅)မ ကယားပြည်နယ်အစိုးရကို တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြုလုပ်သည့် ၁၅-၂-၂၀၁၆ နေ့တွင် ပြည်နယ်အစိုးရ၏ အစည်းအဝေးအမှတ်စဉ် ၆/၂၀၁၆ ဆုံးဖြတ်ချက်အပိုဒ် ၄ အရ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန် မြေနေရာအဖြစ် အတည်ပြုပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောက်လုပ်ရန်အတွက်ကို မြေပုံအညွှန်းနှင့် အညီ ပုံစံ-၁၀၅ မြေနေရာ ငါးဧကကို ရရှိပြီးဖြစ်ပါကြောင်း၊ လွိုင်ကော်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၏ ၁-၃-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ၄/၃၄၃/(ဦး)၆ အရ ခွင့်ပြုချက်ရရှိပြီးလည်း ဖြစ်ပါကြောင်း၊ ၎င်း အချက်အလက်များနှင့်လည်း ပြည့်စုံနေပြီဖြစ်သည့်အတွက် ၎င်း အဆောက်အဦကို ထပ်မံတလဲလဲ တောင်းဆိုနေခြင်း ဖြစ်သည့်အတွက် မဲဆန္ဒရှင်များ၏ကိုယ်စား ဖွဲ့စည်းပုံ ပုံစံအသစ်ဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိမည်ဆိုပါက မည်သည့်အချိန်တွင် စတင်မည်နည်း၊ မရှိပါကလည်း မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ခုတင် ၅၀၀ ဆံ့လွိုင်ကော် ပြည်သူ့ဆေးရုံကြီး တစ်ရုံ၊ လွိုင်လင် (၄) တိုက်နယ်ဆေးရုံနှင့် လောတလိတိုက်နယ်ဆေးရုံ စုစုပေါင်းသုံးရုံ ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ လောပိတကျေးရွာသည် လွိုင်ကော်မြို့မှ ၂၂ မိုင်ကွာဝေး၍ ကားလမ်းဖြင့် ရာသီမရွေးသွားလာနိုင်ပြီး လောတလိကျေးရွာနှင့် ထိစပ်နေသော ကျေးရွာဖြစ်ပါကြောင်း၊ လောပိတကျေးရွာအုပ်စု အတွင်းရှိ လောတလိကျေးရွာတွင် ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံသည် လောတလိ၊ လောပိတအပါအဝင် ကျေးရွာပေါင်း ၂၀ ရွာ၊ ရေအားလျှပ်စစ်စက်ရုံ သုံးရုံနှင့် တပ်ရင်းနှစ်ရင်းတို့တွင် နေထိုင်သော လူဦးရေတို့အတွက် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့ရရှိပါကြောင်း၊ လောတလိ ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံအား ယခင်ကျန်းမာရေးဦးစီးဌာန၏ ၁၆-၃-၂၀၁၅ ရက်စွဲပါစာဖြင့် မတ်လ ၂၆ ရက်နေ့မှစ၍ ဝန်ထမ်းအင်အား ၁၉ နေရာဖြင့် အခြားတိုက်နယ်ဆေးရုံများနည်းတူ တပြေးညီ ပြန်လည်ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ လွိုင်ကော်မြို့နယ်၊ လောတလိတိုက်နယ်ဆေးရုံ စံကိုက်အဆောက်အဦ ဆောက်လုပ်ရန် လုံလောက်သောမြေနေရာ၊ မြေစာရင်းပုံစံ-၁၀၅ ရရှိရေးကို ဆောင်ရွက်ရန်ရှိကြောင်း ကုသရေးဦးစီးဌာနမှ တင်ပြသော်လည်း ယခု လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြချက်အရဆိုလျှင် ၎င်းမြေသည် မိမိတို့ပိုင်သည့် အနေအထားရှိသည့်အတွက် ဆက်လက်ပြီးလှုပ်ရှား၍ ရပါကြောင်း၊ မိမိကို တင်ပြသည့်အချိန်တွင် ပုံစံ-၁၀၅ မရရှိသေးပါကြောင်း၊ ပြောကြားပါသည်။ ယခုလုပ်သည့်စာမှာ မိမိထံသို့ မရောက်ရှိပါကြောင်း၊ မည်သည့်နေရာတွင် မည်ကဲ့သို့ုကြန့်ကြာသွားသည်ကို မိမိလည်းမသိရှိရပါကြောင်း၊ မိမိအနေဖြင့် စုံစမ်းစစ်ဆေးပြီး အမြန်ဆုံးပြုလုပ်မည် ဖြစ်ပါကြောင်း၊ ၎င်းနေရာသည် အရေးကြီးသည့် တိုင်းရင်းသားများ၏ နေရာ လည်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် အမြန်ဆုံးဖြစ်အောင် လုပ်သွားပြီး လိုအပ်သည့် ဆရာဝန်နှင့် အထူးသဖြင့် သူနာပြုဆရာမများနှင့် အခြားဝန်ထမ်းများကိုလည်း အထူးဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတင်ပြလိုသည်မှာ ဒီဆေးရုံ၏ Hospital Performance Indicator ကိုကြည့်သည့်အခါတွင် တစ်နှစ်ပတ်လုံး ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ သုံးနှစ်ဆက်တိုက်ကြည့်ရင် တစ်နှစ်လုံးအတွင်း လူနာသည် ၃၀၀ နီးပါး ၂၈၀ ခန့် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အပြင်လူနာအနေဖြင့် တစ်နှစ်လုံး ၃၅၀၀ ကနေ ၄၀၀၀ ကြားရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။

         

ဒေါက်တာဒေါ်ခင်စည်သူ (လွိုင်ကော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိဆက်စပ်မေးခွန်း မေးလိုသည်မှာ လူနာနည်းသည်ဆိုသည့်အပေါ် ပြောရမည်ဆိုလျှင် မိမိတို့ အဆောက်အဦက လုံးဝပျက်နေပါကြောင်း၊ တံခါးများကအစ အောက်ခြေမခိုင်ပါကြောင်း၊ ထို့ကြောင့် လူနာများသည် အတွင်းလူနာအဖြစ် အားကိုးရသည်မှာ အဆင်‌မပြေသည့်အတွက် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးကို သွားနေရခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည်လည်း မလုံလောက်ပါကြောင်း၊ လူနာအရေအတွက်နှင့် ညွှန်း၍မရပါကြောင်း၊ မဲဆန္ဒရှင်များမှ အစိုးရကို တောင်းဆိုသည့်အတွက် ကတိတစ်ခုလိုချင်ပါကြောင်း၊ စဉ်းစားရမည်ဆိုခြင်းထက် မည်ကဲ့သို့ လုပ်ပေးနိုင်မည်နည်း၊ ဥပမာ- ဖြစ်နိုင်မည်ဆိုပါက ဖြည့်စွက်ဘဏ္ဍာငွေဖြင့် မည်ကဲ့သို့ လုပ်ပေးနိုင်မည်နည်းနှင့် လုပ်ပေးနိုင်မည့် ဘဏ္ဍာနှစ်ကို တိတိကျကျ ဖော်ပြပေးရန် သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

မိမိတို့အနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးမှ ရရှိမည်ဖြစ်ပါကြောင်း၊ ဖြည့်စွက်ဘဏ္ဍာနှစ်တို့ အဆောက်အဦ အသစ်ဆောက်လုပ်ခြင်းမဖြစ်နိုင်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း ပြင်ဆင်မည် ဆိုပါက ပြင်ဆင်၍ရပါကြောင်း၊ သို့သော်လည်း ၎င်းအဆောက်အဦမှာ နှစ် ၆၀ ရှိပြီ ဖြစ်သည့်အတွက် ပြင်ဆင်ခြင်းထက် အသစ်ဆောက်လုပ်ခြင်းသည် ပိုမိုကောင်းမွန်သည့်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံးနှင့် အစောဆုံး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်လင်း ဖြေကြားပါသည်။