(ခ)-မိုင်းယောင်း-မိုင်းယုဒေသနေပြည်သူလူထုများ ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေး၊ ကုန်စည် စီးဆင်းမှုလျင်မြန် ချောမွေ့စေရေးနှင့် ဒေသဖွံ့ဖြိုးတိုး တက် စေရေးအတွက်နမ့်လွေချောင်းကူးတံတားဖွင့် လှစ်ပေးရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၇) ရက်မြောက်နေ့ (၇.၁၀.၂၀၁၆)

  မေးခွန်း အကြောင်းအရာ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်မှ  မိုင်းယု (မြောက်) နှင့် အထူးဒေသ (၄) ကျိန်ရန်းရွာကို ဆက်သွယ်ထားသည့် နမ့်လွေချောင်းကူးတံတားကို အထူးဒေသ (၄) နှင့် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနတို့နှစ်ဖက် သဘောတူညီချက်ဖြင့် ၂-၁-၂၀၁၄ ရက်နေ့မှစတင် တည်ဆောက်ပြီး ၂၉-၄-၂၀၁၄ ရက်နေ့တွင် ပြီးစီးခဲ့ပါကြောင်း၊ တံတားအမျိုးအစားမှာ သံစီသံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး အရှည်ပေ ၃၀၀ ခန့် ရှိသည့်အတွက် ခန့်မှန်းကုန်ကျငွေစုစုပေါင်း ကျပ် ၃၆၈၀.၂ သန်းဖြစ်ပြီး လမ်းတစ်လမ်းပိုင်းအား ပေးချေရန်ရှိသော ငွေကျန်သန်းပေါင်း ၁၅၈၀ သန်း ကို ပေးချေပြီးဟု စုံစမ်းသိရှိရပါကြောင်း၊

တံတားတည်ဆောက်မှုပြီးစီးခဲ့သည်မှာ တစ်နှစ်ကျော်နှစ်နှစ် နီးပါးခန့်ရှိသော်လည်း ယနေ့တိုင်အောင် တံတားကိုတရားဝင်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါ။ ဖွင့်လှစ်နိုင်ခြင်းမရှိဖြစ်ရသည့် အကြောင်း မှာပြီးခဲ့သည့် တစ်ဖက်ကမ်း ချဉ်းကပ်လမ်းအရှည် ၂၀၀ ပေခန့် ဆောင်ရွက်ရန်ကျန်ရှိ နေခြင်းဖြစ်ပါကြောင်း၊၎င်း တံတားသည် မိုင်းယောင်း-မိုင်းယုဒေသ မှ ပြည်သူ လူထု များ နေ့စဉ်နှင့်အမျှ ဖြတ်သန်းသွားလာနေရသည့် တံတားဖြစ်ပါကြောင်း၊ ချဉ်းကပ်လမ်းတည်ဆောက်ရန် လိုအပ်နေသော်လည်း တံတားထိပ်မှ ပေ ၅၀ ခန့် မြေဖို့ပြီးဖြတ် သန်းနေကြပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည့် တံတားကြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းယောင်း-မိုင်းယုဒေသရှိ ပြည်သူလူထုများ ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေး၊ ကုန်စည် စီးဆင်းမှု ချောမွေ့စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် တည်ဆောက်ရန် ကျန်ရှိသည့်  ချဉ်းကပ်လမ်းကို အပြီးသတ်ဆောင်ရွက်ပြီး တံတားကြီးအား ဖွင်‌့လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။



 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နမ့်လွေချောင်းကူး မိုင်းယု-ကျိုင်းရဲတံတားသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ အထူးဒေသ (၄) နယ်မြေ၊ နမ့်ပန်းဒေသနှင့် မိုင်းယုမြို့သို့ ဆက်သွယ်ထားသော တံတားသည် ပေ ၆၆၀ ရှည်လျားသည့် တံတား ဖြစ်ပါကြောင်း၊ အထူးဒေသ (၄) အဖွဲ့က လျာထားဆောင်ရွက်ခဲ့ရာတွင် တည်ဆောက်ရန် ရန်ပုံငွေ လုံလောက်မှုမရှိခဲ့ခြင်းကြောင့် ယခင်ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးတို့၏ ၄-၁၀-၂၀၁၃ ရက်နေ့မှ ၆-၁၀-၂၀၁၃ ရက်နေ့အတွင်း ပန်ဆန်း-မိုင်းလား ခရီးစဉ်တွင် တိုင်းရင်းသားခေါင်းဆောင်များ၏ တင်ပြချက်အပေါ် နိုင်ငံတော်သမ္မတ ရုံးက မိုင်းယု-ကျိုင်းရဲတံတားတည်ဆောက်ခြင်း လုပ်ငန်း၏ ကုန်ကျငွေကျပ်သန်း ၃၁၆၀ အနက် ကုန်ကျငွေ၏ ထက်ဝက်အား ဒေသမှစိုက်ထုတ်၍ ကျန်ကုန်ကျငွေအား ဝန်ကြီးဌာနဘတ်ဂျက်မှ ကျခံသုံးစွဲရန်ဟု ညွှန်ကြားချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ရန်ပုံငွေမှ ငွေကျပ် ၁၅၈၀ သန်းခွင့်ပြုခဲ့ပါကြောင်း၊  မိုင်းလားအထူးဒေသ (၄) တိုင်းရင်းသားအဖွဲ့အစည်းမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်၍  တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ၂၉-၉-၂၀၁၄ ရက်နေ့တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးကြောင်း ဒေသမှတင်ပြထားပြီးလည်း ဖြစ်ပါကြောင်း၊

တံတားချဉ်းကပ်လမ်း ၂၀၀ ပေ၏ လက်ရှိမြေပြင်အခြေအနေမှာ မြေဖို့ခြင်းလုပ်ငန်းပြီးစီး၍ ကျောက်ခင်းခြင်းနှင့် ကတ္တရာခင်းခြင်း လုပ်ငန်းများ ကျန်ရှိနေခြင်းကြောင့်  အပြီးသတ်ဆောင်ရွက် နိုင်ရေးကို တာဝန်ယူဆောင်ရွက်ရသည့် အထူးဒေသ (၄) မိုင်းလားအဖွဲ့မှ ဆက်လက်တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  တံတားဖွင့်ပွဲကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းများပြီးစီးပြီဆိုပါက ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။